၂၄နာရီအတွင်း အချိန်ကို အကောင်းဆုံး စီမံခန့်ခွဲနိုင်စေမယ့် နည်းလမ်း ၁၀ မျိုး

ကျွန်တော်တို့အားလုံးမှာ အချိန်ကို စီမံခန့်ခွဲရတာ ခက်ခဲလွန်းပါတယ်။ သတင်းကောင်းတစ်ခုကတော့ အချိန်ကို စီမံခန့်ခွဲခြင်းက သင်ယူလို့ရပါတယ်ဆိုတာပါပဲ။ တစ်စုံတစ်ခုကို ဘာကြောင့်လုပ်နေရတာလဲဆိုတာကို သိဖို့ အရေးကြီးသလို အကြံကောင်းတွေကို အလေ့အကျင့်ဖြစ်လာအောင် လုပ်ယူလို့ရပါတယ်။


၁) ကိုယ့်လုပ်ရမယ့်အလုပ်တွေကို တစုတစည်းထဲ မှတ်ထားပါ။
ကိုယ်လုပ်ရမယ့်အလုပ်ကို အရေးကြီးတာမကြီးတာအလိုက် စုစည်းမှတ်ထားပါ။ တစ်နေ့တာလုပ်ရမယ့်စာရင်းဆိုရင်လည်း တစ်နေ့လုံးအပြီးလုပ်ရမှာက ဘာ၊ အရင်လုပ်သင့်တာက ဘာ၊ နောက်မှလုပ်ရမှာက ဘာဆိုပြီး တစုတစည်းထဲမြင်ရတော့ ပိုပြီးတွန်းအားဖြစ်စေပါတယ်။ တခုချင်းစီလည်း လိုက်ရှာပြီး ပြန်စနေတာမျိုးမဖြစ်တော့ပါဘူး။

၂) အချိန်ကို ကောင်းကောင်းအသုံးချပါ။
ငွေကို ပမာဏသတ်မှတ်ထားသလိုပဲ အလုပ်ကိုလည်း အချိန်သတ်မှတ်ထားပါ။ ဒီအလုပ်က ဘယ်အချိန်အပြီးလုပ်မယ်၊ ဒီအလုပ်ကိုတော့ဘယ်အချိန်ပြန်စမယ် စသည်ဖြင့် သတ်မှတ်ထားခြင်းက သတ်မှတ်ချိန်မရောက်မီ အလုပ်ကို သေချာအာရုံစိုက်မိစေပါတယ်။ အဲဒါဆို အလုပ်လုပ်နေတဲ့မိနစ်တိုင်းက သင့်အတွက် အရေးကြီးပြီး ကောင်းစွာအသုံးချမိပါလိမ့်မယ်။

၃) အလုပ်ပြီးရမယ့်အချိန်ကို စိတ်ထဲမှာစွဲနေပါစေ။
ပြောချင်တာက ၁နာရီအတွင်းမှာ ဒီစာကိုပြီးအောင်ရိုက်မယ်လို့ ကိုယ့်စိတ်ထဲစွဲနေတယ်ဆိုရင် ထိုအချိန်အတွင်းမှာ အခြားအနှောင့်အယှက်တစ်ခုခုဝင်လာသည်ရှိသော် ကိုယ့်စိတ်ထဲမှာက ကိုယ့်ကိုကိုယ်သတိပေးနေပါလိမ့်မယ်။ “ငါအလုပ်လုပ်ဖို့ရှိသေးတယ်….” ဆိုတဲ့စိတ်ပေါ့။ ထိုစိတ်ကြောင့် တခြားအနှောင့်အယှက်တွေကို အာရုံထဲ နေရာမပေးတော့ပါဘူး။

၄) အရေးကြီးဆုံးနဲ့အခက်ဆုံးကို အရင်လုပ်ပါ။
မနက်ခင်းစိတ်ကြည်လင်နေချိန်မှာ သင့်အလုပ်တွေထဲက အရေးအကြီးဆုံးနဲ့ အခက်ခဲဆုံးလို့ထင်တဲ့အလုပ်ကို အရင်လုပ်လိုက်ပါ။ အဲဒါဆိုရင် ကျန်တဲ့အသေးအဖွဲလို့သတ်မှတ်နိုင်တဲ့အလုပ်တွေအတွက် သိပ်ပူစရာမလိုတော့ပါဘူး။ လွယ်တာကိုအရင်လုပ်လိုက်ရင် အဲဒီ့အရာမှာသာ အချိန်တွေဆွဲနေမိတဲ့အခါ ကျန်တဲ့အရေးကြီး၊ ခက်တဲ့အလုပ်ကို နောက်ဆံငင်နေတတ်လို့ ဖိစီးမှုဖြစ်စေပါတယ်။

၅) အနှောင့်အယှက်တွေအတွက် အချိန်ဇယားသတ်မှတ်ပါ။
ပြောချင်တာက ဘယ်အချိန်မှာ ဒီအလုပ်အပြီး….လို့ ကိုယ့်စိတ်ထဲစွဲနေတဲ့အခါ အလုပ်ကိုပဲအာရုံစိုက်ပြီး လုပ်မိနေပါလိမ့်မယ်။ အဲဒီ့အချိန်မှာ အနှောင်အယှက်ကိုအကြောင်းကို မတွေးပါနဲ့။ ထိုသတ်မှတ်ထားတဲ့အလုပ်ကို သတ်မှတ်ချိန်အမီ ပြီးပြီဆိုမှ အနှောင့်အယှက်ကို ဖြေရှင်းဖို့ တွေးပါ။ အဲဒါက အနှောင့်အယှက်တွေကို အချိန်ဇယားသတ်မှတ်ထားသလိုပါပဲ။ ကိုယ်က အနှောင့်အယှက်ကြားထဲပဲ အာရုံတွေနစ်ပြီး အလုပ်ကိုပြန်အာရုံမရမှာကိုတော့ သတိထားပေါ့။ အဲလိုဖြစ်တတ်ရင် အနှောင့်အယှက်တွေကို လုံးဝမစဉ်းစားသင့်ပါဘူး။

၆) လုပ်နေတဲ့အရာကို သေချာအာရုံစိုက်ပါ။
လုပ်နေတဲ့အရာတစ်ခုထဲကိုပဲ သေချာအာရုံစိုက်ပါ။ အဲဒါက ပိုထိရောက်ပါတယ်။ ဒီအလုပ်လုပ်နေရင်း တခြားအလုပ်တစ်ခုကို အာရုံရောက်ပြန်ပြီး ထိုအလုပ်ကို သွားလုပ်မိရင် ပထမအလုပ်လည်းအပြီး ဒုတိယအလုပ်လုပ်ရတာလည်း စိတ်မဖြောင့်ပြန်ပါဘူး။ အဲဒါကြောင့် အဲလိုအာရုံလွဲတတ်ရင် ကိုယ့်ကိုကိုယ် သတိပေးပါ။ “ဒီတစ်ခုတည်းကို သေချာအာရုံစိုက်မယ်၊ သတ်မှတ်ချိန်အမီပြီးအောင်လုပ်မယ်” စသဖြင့်ပေါ့။

၇) အီးမေးလ်ကို တစ်နေ့ နှစ်ခါပဲ စာပြန်ပါ။
လူတိုင်းက အဲဒါကိုပဲ ထိုင်မစစ်နေနိုင်ပါဘူး။ အလုပ်လုပ်နေရင်း အီးမေးလ်ကို အာရုံရောက်ခြင်းက အလုပ်မှာ အနှောင့်အယှက်ဖြစ်စေပါတယ်။ အဲဒါကြောင့် မနက်ရုံးရောက်ချိန် အီးမေးလ်တစ်ခါစစ်မယ်ဆိုရင် မေးလ်အသစ်ရောက်မရောက်ကြည့်ပြီး ထားလိုက်ပါ။ ညနေရုံးမဆင်းခင်တစ်ခါ စစ်မယ်ဆို တစ်ခါထပ်စစ်ပါ။ ဒါမှမဟုတ်ရင်လည်း မတူညီတဲ့အချိန် နှစ်ခုသတ်မှတ်ထားပါ။ ထိုအချိန်မှာသာ အီးမေးလ်စစ်ပါ။

၈) ကိုယ်စားထားပါ။
များသောအားဖြင့် စွန့်ဦးတီထွင်သူတွေမှာ ဘယ်တော့မှ အလုပ်မရှိဘူးဆိုတာ မရှိပါဘူး။ ဒါပေမယ့် အလုပ်တွေအားလုံးကလည်း ပြီးမြောက်အောင်လုပ်နိုင်တာချည်းပါပဲ။ ဘာလို့လဲဆိုတော့ သူတို့က နေရာတိုင်း အသေးအဖွဲတွေကအစ သူတို့မလုပ်ပါဘူး။ သူတို့ကိုယ်တိုင်လုပ်ဖို့လိုအပ်တယ်၊ အရေးလည်းကြီးတယ်၊ အမှားမခံတဲ့အလုပ်မျိုးမှာ သူတို့ကိုယ်တိုင် အာရုံစိုက်ပြီး လုပ်ပေမယ့် အသေးအဖွဲလေးတွေ၊ မှားလည်းပြန်ပြင်လို့ရတဲ့အလုပ်မျိုး၊ အမှားခံတဲ့အလုပ်မျိုးတွေမှာတော့ အခြားသူတစ်ယောက်ယောက်ကို ကိုယ်စားလွှဲလေ့ရှိပါတယ်။ ကိုယ့်အတွက်လည်း အလုပ်တွေထိရောက်စွာပြီးနိုင်သလို၊ ငွေရေးကြေးရေးအရလည်း ကိုယ်တတ်နိုင်တယ်ဆိုရင်ပေါ့။

၉) အနှောင့်အယှက်တွေကို ဖြတ်ချပစ်ပါ။
အလုပ်ပြီးဖို့က ပိုအရေးကြီးတယ်ဆိုတာကို သိပြီး အနှောင့်အယှက်ကြောင့် အပျက်မခံပါနဲ့။ မနက်ခင်းစောစောဖြစ်ဖြစ် အလုပ်တွေမလုပ်ခင်ဖြစ်ဖြစ် အာရုံနောက်စရာတခုခုကို ကြည်လင်နေတဲ့ခေါင်းထဲထည့်မိရင် တစ်နေ့လုံး အလုပ်လုပ်ရတာ အဆင်မပြေတော့ပါဘူး။ time management လည်း ကမောက်ကမတွေဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်အတွက်အနှောင့်အယှက်ဖြစ်စေမယ့် အရာဆိုရင် ထိုနေရာမှာတင် ဖြတ်ချပစ်ပါ။ ခေါင်းထဲ မထည့်ပါနဲ့။ အလုပ်ကို အာရုံစိုက်ပစ်လိုက်ပါ။

၁၀) အဓိက ကျတဲ့အလုပ်တွေကို ဦးစားပေးစီစဉ်ပါ။
နေ့တစ်နေ့ကုန်ဆုံးတဲ့အချိန်မှာ နောက်တစ်နေ့အတွက် ဘာအရေးကြီသလဲ၊ ဘာတွေလုပ်ရမလဲဆိုတာ စီစဉ်ထားလိုက်ပါ။ တစ်ပတ်လုံးရဲ့ နောက်ဆုံးရက်မှာ နောက်တစ်ပတ်အတွက် ကြိုတင်စီစဉ်ထားလိုက်ပါ။ အဲဒါက အဓိက ကျတဲ့အလုပ်တွေကို သတိထားမိစေပါတယ်။ သတိထားမိတော့ သေချာအာရုံစိုက်ပြီး ဦးစားပေးလုပ်နိုင်လာပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။