သင့်စိတ်ထဲက မကောင်းတဲ့အတွေးတွေကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်း ၅ချက်

လူတိုင်းရဲ့စိတ်ထဲမှာ ကောင်းတဲ့အတွေးနဲ့မကောင်းတဲ့အတွေးဆိုတာရှိမှာပါ။ လူတွေရဲ့သဘောကိုက မကောင်းတဲ့သတင်း၊ မကောင်းတဲ့စကားတွေမှာဆိုရင် ပိုပြီး အာရုံစိတ်ဝင်စားမှုရှိတတ်ကြပါတယ်။ မကောင်းတာကို သွားပြီးအာရုံထားလေလေ မကောင်းတာတွေနဲ့တင် အတွေးတွေက တဝဲ၀ဲတလည်လည်ဖြစ်လေနဲ့ ပိုပြီး စိတ်ညစ်ညူးရပါတယ်။ အဲဒီ့အခါ ကိုယ့်ရဲ့စိတ်က မကောင်းတဲ့စိတ်ခံစားချက်တွေဖြစ်ပေါ်လာပြီး ကိုယ့်ရဲ့အပြုအမူတွေ၊ အတွေးအခေါ်တွေ၊ ကိုယ့်ရဲ့အပြောအဆိုတွေဆီကိုပါ တဆင့်ပြန်ရောက်ပြန်ပါတယ်။ ကိုယ့်ရဲ့အပြုအမူ၊ အတွေးအခေါ်၊ အပြောအဆိုအားလုံးက အဆိုးဘက်သွားတဲ့အခါ ကိုယ့်ရဲ့လက်ရှိဘဝမှာ ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။ အဲဒါကြောင့် ကိုယ့်ရဲ့စိတ်ထဲက မကောင်းတဲ့အတွေးတွေကို ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ သင့်စိတ်ထဲမှာရော အဲဒီ့လိုမကောင်းတဲ့စိတ်အတွေးတွေရှိနေမယ်ဆိုရင် အောက်ပါအချက်လေးတွေအတိုင်း လိုက်နာကြည့်ပြီး ထိန်းချုပ်ကြည့်လိုက်ပါနော်။


၁) သင့်အတွေးတွေကို သတိထားပါ။
ပထမဆုံးက သင်တွေးနေတဲ့အတွေးတွေကို သိဖို့လိုပါတယ်။ သင်ကကောင်းတဲ့ဖြစ်ရပ်တွေမှာအာရုံထားမိနေသလား၊ ဆိုးတဲ့ဖြစ်ရပ်တွေမှာ အာရုံများနေသလား စသဖြင့် ကိုယ့်ကိုယ်ကိုယ်ပြန်မေးဖို့နဲ့ ကိုယ့်အတွေးတွေကို သတိထားဖို့လိုတာပါ။ သင့်အတွေးကိုသိနေတဲ့အခါ သင့်အတွေးကိုသင်ပြန်ပြီး စီမံနိုင်ပါတယ်။ ဥပမာ။ ကိုယ့်အကြောင်းကိုမဟုတ်တမ်းတရားပြောနေတဲ့သူတွေအကြောင်းချည်းစဉ်းစားမိနေတယ်ဆိုရင် ကိုယ်က မကောင်းတဲ့အာရုံကို စတင်တွေးမိနေပါပြီ။ “သူတို့က ငါ့ကိုမဟုတ်တာတွေပြောတယ်” ဆိုပြီး ဒေါသတွေထွက်မယ်၊ အတင်းဖြေရှင်းချင်မယ်၊ ပြောတဲ့သူကို တခုခုတုံ့ပြန်ချင်စိတ်တွေဖြစ်လာမယ် စသဖြင့်ပေါ့ မကောင်းတဲ့ခံစားချက်တွေကို သင့်ခေါင်းထဲအများကြီးထည့်မိလာပါလိမ့်မယ်။ အဲဒီလိုဖြစ်လာတာနဲ့ ကောင်းတဲ့စိတ်အာရုံဘက်ကိုပြန်ပြောင်းဖို့သင့်ကိုယ်သင်သတိပြန်ပေးလိုက်ပါ။

၂) အလုပ်ကို များများအာရုံစိုက်လိုက်ပါ။
အဲဒီလိုမကောင်းတဲ့စိတ်အာရုံခံစားမှုတွေစတင်ဖြစ်ပေါ်လာပြီလို့ ကိုယ့်ကိုယ်ကိုယ်သတိထားမိတာနဲ့ ကိုယ့်ရဲ့စိတ်ကို တခြားတခုခုကိုအာရုံထားလိုက်ပါ။ အလုပ်များများလုပ်လိုက်တာက ပိုပြီး စိတ်ထဲကမကောင်းတဲ့ခံစားချက်တွေကိုပြေပျောက်စေပါတယ်။ ရုံးအလုပ်ဖြစ်ဖြစ်၊ အိမ်မှုကိစ္စ အိမ်အလုပ်ဖြစ်ဖြစ် အလုပ်ကို များများအာရုံထဲထည့်ပြီးလုပ်နေလိုက်တာက မကောင်းတဲ့ခံစားချက်ကို ပျောက်စေပါတယ်။

၃) မကောင်းတဲ့ခံစားချက်ဖြစ်ပေါ်စေတဲ့သူတွေကို ရှောင်ပါ။
ကိုယ့်ကို စိတ်ခံစားချက်မကောင်းစေတဲ့သူတွေ ဥပမာ။ သင့်ကိုအတင်းပြောတတ်သူတွေ၊ သင်ဘာလုပ်လုပ်အပြစ်ပြောတဲ့သူတွေ၊ သင့်ကိုအကောင်းမထင်သူတွေကို အတတ်နိုင်ဆုံးရှောင်ပါ။ အဲဒါက သင့်ကိုမကောင်းတဲ့စိတ်ခံစားချက်ဖြစ်ပေါ်မှု နည်းစေပါတယ်။ သူတို့ကိုပြန်ပြီး မတုံ့ပြန်ဖြစ်တော့လို့ သင့်အတွက်လည်း မကောင်းတဲ့စိတ်ခံစားချက်မဖြစ်စေသလို၊ သင့်စိတ်ထဲတအုံနွေးနွေးနဲ့ မခံစားရတော့ပါဘူး။

၄) စိတ်ရော၊ ကိုယ်ပါအနားယူလိုက်ပါ။
သင့်စိတ်ထဲမှာ အရမ်းကို မကောင်းတဲ့စိတ်ခံစားချက်တွေနဲ့ဖိစီးနေပြီလို့ထင်တဲ့အခါ သင့်စိတ်ရော၊ ကိုယ်ရောကို အနားပေးလိုက်ပါ။ အိပ်ရေး၀၀အိပ်လိုက်တာပဲဖြစ်ဖြစ်၊ ဘာကိုမှမတွေးဘဲ တစ်ယောက်တည်းငြိမ်နေလိုက်တာပဲဖြစ်ဖြစ်၊ တရားထိုင်လိုက်တာ၊ ယောဂကျင့်လိုက်တာပဲဖြစ်ဖြစ်လုပ်ရင်း အနားပေးလိုက်ပါ။

၅) ငြိမ့်ညောင်းတဲ့သီချင်းအေးအေးလေးတွေ နားထောင်ပါ။
အဆိုးမြင်စိတ်တွေများနေတဲ့အချိန်မှာ စိတ်ကို အတတ်နိုင်ဆုံး အေးစေတဲ့သီချင်းအေးအေးငြိမ့်ငြိမ့်လေးတွေနားထောင်သင့်ပါတယ်။ ဘာကိုမှမတွေးဘဲ သီချင်းနားထောင်နေလိုက်တာမျိုးပေါ့။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ခံစားချက်ကိုပိုဆိုးဝါးစေတဲ့ အဆိုးဘက်ခံစားထားတဲ့သီချင်းမျိုးတော့နားမထောင်သင့်ပါဘူးနော်။
တကယ်လို့ သင့်မှာ မကောင်းတဲ့စိတ်ခံစားချက်တွေများနေတယ်လို့ခံစားနေရတယ်ဆိုရင် အထက်ကအဆင့်တွေကို လိုက်နာကြည့်လိုက်ပါ။ မကောင်းတဲ့အာရုံကို ကောင်းတဲ့ဘက်ကိုလွှဲလိုက်တဲ့အခါ ကောင်းတဲ့စိတ်အာရုံခံစားချက်တွေများလာပြီး သင့်အပြုအမူ၊ သင့်ခံစားချက်၊ သင့်အတွေးအခေါ်၊ သင့်စကားတွေအားလုံးလည်း အကောင်းဘက်ကဖြစ်ဖို့အလားအလာများလာပါတယ်။ အဲဒီ့အခါ သင့်ရဲ့နေ့ရက်တွေကလည်း ပိုပြီး ကောင်းတဲ့ဖြစ်ရပ်တွေဖြစ်ဖို့များလာပါလိမ့်မယ်။ ပိုကောင်းတဲ့စိတ်ခံစားချက်တွေဖြစ်လေလေ ပိုကောင်းတဲ့ဘဝကို ဖန်တီးဖို့ခွန်အားရလာလေလေပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။