အတွေးလွန်တတ်လွန်းတဲ့ ကိုယ့်ကိုယ်ကို ဘယ်လိုထိန်းမလဲ။

အတွေးလွန်တာမျိုးက အများစုဖြစ်ဖူးကြမယ်ထင်ပါတယ်။ မဖြစ်သေးတာတွေကို ကြိုတွေးနေတတ်တာပေါ့။ အကျိုးဆက်က ဘာဖြစ်တတ်လဲဆိုတော့ ကောင်းတာကို ကြိုတွေးထားပြီး ဝမ်းတွေသာ……တကယ်များလားဆိုပြီး မျှော်လင့်နေတတ်ပါတယ်။ အဲဒီ့အခါတကယ့်လက်တွေ့မှာ ထင်သလိုမဖြစ်လာတော့ စိတ်ညစ်သွားတတ်ပါတယ်။ မကောင်းတာကြိုတွေးထားပြန်တော့ ကြိုပြီး စိုးရိမ်ပူပန်နေ၊ ကြိုတွေးပြီး ကြောက်နေတတ်ပြန်ပါတယ်။ တကယ်ပူရတဲ့အချိန်မတိုင်ခင်ကတည်း အချိန်စောပြီး ကြိုပူပန်ထားရတော့ ပူပန်ချိန်ပိုများလာပါတယ်။ ပိုပြီးစိတ်ဖိစီးလာတာပေါ့။ အဲဒါကြောင့် အတွေးလွန်တတ်တာက ကောင်းတာကိုအတွေးလွန်လည်း မကောင်းသလို၊ ဆိုးတာကို အတွေးလွန်လည်း မကောင်းပါဘူး။


အတွေးလွန်ခြင်းကနေ စိတ်ဖိစီးမှုအဆင့်ထိ တက်လာနိုင်ပါတယ်။ ကောင်းသောအရာကိုကြိုတွေးလည်း စိတ်ဖိစီးတတ်သလို၊ မကောင်းသောအရာကိုဖိစီးလည်း စိတ်ဖိစီးတတ်ပါတယ်။ ကောင်းသောအရာဆိုတာက သင့်အလုပ်မှာ လကုန်ရင် လစာတိုးပေးမယ်လို့ကြားတယ်ဆိုပါတော့၊ သင်ကတွေးမယ် “လစာတိုးမယ့်စာရင်းထဲမှာ ငါပါရင်ကောင်းမှာပဲ” ဆိုပြီးတွေးမယ်၊ ထိုကတဆင့် လစာတိုးလို့တော့ ဘာလုပ်မယ်၊ ဘာဝယ်မယ်၊ ဘာသွားစားမယ် စသည်ဖြင့် လုပ်ချင်တာတွေလုပ်ဖို့မောင်းတင်ထားပါလေရော။ တကယ်တမ်း လကုန်လို့ လစာထုတ်တော့ လစာတိုးမယ့်စာရင်းထဲမပါဘူးဆိုပါတော့။ သင်မျှော်လင့်ထားသလိုဖြစ်မလတော့ သင်ဘာဖြစ်သွားမလဲ။ စိတ်တောင်ညစ်သွားပါလိမ့်မယ်။ အစတည်းက ကြိုမတွေးထားရင် ဘာမှဖြစ်မှာမဟုတ်ပေမယ့် ခုတော့ ကြိုတွေးပြီး စိတ်ကူးယဉ်ထားသမျှ သင့်အတွက် စိတ်ညစ်မှုသာ အဖတ်တင်ကျန်နေမှာပေါ့။
အဲဒါကြောင့် အတွေးလွန်ခြင်းက မကောင်းဘူးလို့ ပြောတာပါ။ စိတ်ဖိစီးမှုတိုးစေပါတယ်၊ စိတ်ဖိစီးမှုတိုးလာတဲ့အခါ အခြား ဝေဒနာတွေပါ နောက်ဆက်တွဲပါလာနိုင်ပါတယ်။ အဲဒါကြောင့်အတွေးလွန်ခြင်းကို ထိန်းချုပ်နိုင်မယ့် အဓိက နည်းလမ်း ၅ချက်ကို ဖော်ပြလိုက်ပါတယ်။

၁) ကိုယ့်ကိုကိုယ်သိဖို့လိုပါတယ်။
အဓိကကတော့ ကိုယ့်ကိုကိုယ်သိဖို့ိုလိုတာပါ။ ဖြစ်ရပ်တစ်ခုမှာ ကိုယ်က တဆုံးတွေးတတ်တဲ့သူလား၊ မတွေးဘဲ ဖြစ်ချင်ရာဖြစ် နောက်မှ တွေးမယ်…ဆိုတဲ့သူမျိုးလား ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်မှရမှာပါ။ ဖြစ်ရပ်တစ်ခု အိမ်မှာ ကိုယ့်ထက်ငယ်တဲ့အငယ်ကောင်လေးက စက်ဘီးနဲ့ထွက်သွားတယ်ဆိုပါတော့။ သင်က ဈေးသွားပြီးတစ်ခုခုဝယ်ခိုင်းလိုက်တာမျိုးဆို သင်ကအတွေးမလွန်တတ်သူဆို ဒီဖြစ်ရပ်က ဒီမှာတင်ရပ်သွားပါပြီ။
အဲလိုမဟုတ်ဘဲ သင်ကအတွေးလွန်တတ်သူဆိုရင်တော့ ဈေးထဲမှာ ဈေးဝယ်နေရင်း ပိုက်ဆံအိတ်ကို အလုများ ခံနေလို့ ကြာနေတာလား၊ ဒါမှမဟုတ် လမ်းမှာ ကားတစ်စီးနဲ့ စက်ဘီးများ တိုက်မိလေသလား၊ ဒါမှမဟုတ် ဈေးမဝယ်ရသေးဘဲ ဘောလုံးကွင်းထဲဘောလုံးဝင်ကန်နေလို့ ကြာနေတာလား စသည်ဖြင့် ရှေ့ဆက်ပြီး ဖြစ်မယ်မှန်းမသိ၊ မဖြစ်မယ်မှန်းမသိတဲ့ကိစ္စတွေကို ဆက်စဉ်းစားနေတယ်ဆိုရင် သေချာပါတယ် သင်ကအတွေးလွန်တတ်သူပါပဲ။

၂) မေ့ဖို့ကြိုးစားပါ။
အဲလို ကိုယ့်ကိုကိုယ်သိပြီဆိုရင် ပြုပြင်ရတော့မှာပေါ့။ အပေါ်က ဖြစ်ရပ်မှာတင် လျှောက်တွေးတဲ့အတွေးက သင့်အတွက် ပူပန်စေတာတွေကော၊ ဒေါသထွက်စေတာတွေကော၊ စိုးရိမ်မိတာတွေကော စုံနေတာပါပဲ။ ဒါတောင် နမူနာပဲရှိသေးပါတယ်၊ တကယ်တွေးတာမဟုတ်သေးပါဘူးနော်။ အဲမှာတောင် ခံစားချက်ပေါင်းစုံနဲ့ သင်အမျိုးမျိုးခံစားနေရတယ်ဆိုရင် တကယ်တမ်းအဲလိုမျိုးအတွေးလွန်တတ်သူက နှလုံးရောဂါလိုရောဂါမျိုး တစ်နေ့မဟုတ်တစ်နေ့ မလွဲမသွေရလာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်သိပြီဆိုရင် ထိုကဲ့သို့ စပြီးတွေးမိလိုက်တာနဲ့ “အတွေးလွန်တာမကောင်းပါဘူး။ ဘာမှဖြစ်မှာလည်း မဟုတ်ဘူး၊ မတွေးတာဘဲ ကောင်းတယ်” စသည်ဖြင့် တွေးလိုက်ပါ။ အတွေးကို ဖြတ်ချပစ်လိုက်ပါ။ လုံး၀ ဆက်မတွေးပါနဲ့တော့။

၃) အာရုံပြောင်းလိုက်ပါ။
တခြားလုပ်စရာတစ်ခုခု၊ ဒါမှမဟုတ် တီဗွီကြည့်လိုက်တာမျိုး၊ စာဖတ်လိုက်တာမျိုး၊ အခြားအလုပ်တစ်ခုလုပ်နေလိုက်တာမျိုးက သင့်ကို ပထမကတွေးနေတဲ့အတွေးတွေကို မေ့လျော့သွားစေပါလိမ့်မယ်။ မေ့သွားတော့ မတွေးဖြစ်တော့ဘူးပေါ့။ မတွေးဖြစ်တော့ နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်နိုင်တော့ပါဘူး။

၄) တရားထိုင်ပါ။
တရားထိုင်ခြင်းက သင့်စိတ်ကို တည်ငြိမ်စေပါတယ်။ မဖြစ်သေးတာတွေကို ကြိုတွေးပြီး ရင်ပူနေတယ်ဆိုရင်လည်း တရားထိုင်လိုက်ပါ။ စိတ်တည်ငြိမ်သွားတဲ့အခါ တခြားဘာကိုမှ မတွေးဖြစ်တော့ပါဘူး။ အဲဒါဆို သင့်ရဲ့အတွေးလွန်ခြင်းကို ထိန်းချုပ်နိုင်ပြီပေါ့။

၅) အားကစားတစ်ခုခုလုပ်လိုက်ပါ။
ယောဂလုပ်တာမျိုးက သင့်ကို အာရုံစူးစိုက်မှုအားကောင်းစေနိုင်ပါတယ်။ ဒါမှမဟုတ် တခြားအားကစားတခုခုလုပ်လိုက်ပါ။ ချွေးထွက်သွားတဲ့အခါ သင့်စိတ်ထဲပေါ့သွားသလို ခံစားရမှာပါ။ သင့်စိတ်ထဲက တင်းကြပ်မှုတွေ အားကစားလုပ်ပြီး ပေါက်ကွဲထွက်ခိုင်းလိုက်တဲ့သဘောပါ။ ဒါမှမဟုတ် အပြင်ထွက်ပြီး လေကောင်းလေသန့်တစ်ဝကြီးရှုသွင်းလိုက်ပါ။ ဒါမှမဟုတ် လမ်းလျှောက်ထွက်လိုက်ပါ။ စိတ်ထဲက ကြိုတွေးပြီး လေးလံနေတာတွေ၊ ပူပန်နေတာတွေ ပြေလျော့သွားစေပါလိမ့်မယ်။
ကဲ….အထက်က အချက်လေးတွေ လုပ်ကြည့်ဖို့မမေ့နဲ့နော်။ ပြီးတော့ တစ်ခုခုကို မဖြစ်သေးဘဲ လျှောက်တွေးနေပြီဆိုတာနဲ့ သင့်ကိုသင် အတွေးကိုဖြတ်ချပစ်နိုင်ဖို့ သတိပေးလိုက်ပါ။ #BAWA101

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။