ဘာလို့ခုထိမအောင်မြင်သေးတာလဲ။

အောင်မြင်ချင်တဲ့သူမရှိဘဲ မနေပါဘူး။ တော်တော်များများက အောင်မြင်ချင်ကြပါတယ်။ ဒါပေမယ့် အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာတော့ မသိကြပါဘူး။ တကယ်အောင်မြင်ချင်တဲ့သူတစ်ယောက်က အောင်မြင်သူတွေဘယ်လိုလုပ်ကြသလဲ။ ဘာတွေသင်ယူကြသလဲ၊ ဘာတွေမှာ ဘယ်လိုကြိုးစားတတ်ကြသလဲ စသဖြင့် လေ့လာဖတ်ရှုတတ်ကြပါတယ်။ အောင်မြင်သူတွေ ကြိုးစားတတ်တဲ့အချက်တော်တော်များများကိုလည်း အတုယူပြီး လိုက်နာတတ်ကြပါသေးတယ်။ အောင်မြင်သူတွေရဲ့ အတုခိုးသင့်တဲ့အချက်တော်တေ်ာများများကို အတုခိုးပြီး စွဲမြဲစွာကျင့်သုံးလို့ရသလို၊ ကိုယ့်မှာရှိနေတတ်တဲ့ မကောင်းတဲ့အကျင့်တွေကိုလည်း ကိုယ့်ကိုကိုယ်ပြန်ဝေဖန်ပြီး ပြုပြင်သင့်တာပြုပြင်တတ်ရပါသေးတယ်။ အဲဒါကြောင့် အမှန်တကယ် အောင်မြင်ချင်သူတွေ ကိုယ့်ကိုကိုယ် ဘာလို့ခုထိ မအောင်မြင်သေးတာလဲ…… ဆိုပြီး ပြန်ဝေဖန်သုံးသပ်နိုင်အောင် ဒီဆောင်းပါးလေးကို ရေးသားဖော်ပြလိုက်ရပါတယ်။


၁) ကိုယ့်ကိုကိုယ်အမြဲ မှန်တယ်လို့ (တစ်ယူသန်) ယူဆနေခြင်း
မအောင်မြင်ရတဲ့အကြောင်းအရင်းတော်တော်များများထဲမှာ ဒီအချက်လည်းပါဝင်နေပါတယ်။ ဘာလို့လဲဆိုတော့ ထိုသူတွေက အမြဲတစ်ယူသန်ယူဆနေတတ်သူတွေမို့ပါ။ အောင်မြင်နေသူတွေက အမြဲတမ်းသင်ယူနေတတ်ပြီး သူတို့ရဲ့အမှားတွေကို အမြဲပြုပြင်နေတတ်ပါတယ်။ မအောင်မြင်သူတွေကတော့ ကိုယ်သာအမှန်လို့ ထင်နေတဲ့အတွက် အမှားတွေရှိလည်း မပြုပြင်တတ်ပါဘူး။ အမှားကို အမှန်ဖြစ်အောင် မပြုပြင်တတ်တဲ့အတွက် ဒီထက်ပိုပြီး မမှန်နိုင်တော့ပါဘူး၊ အမှန်တွေမတိုးလာတော့ ဒီထက်လည်း မတိုးတက်လာနိုင်တော့ပါဘူး။ အဲဒါကြောင့် အောင်မြင်တဲ့သူတွေထဲမှာ မပါဝင်နိုင်တော့ပါဘူး။
၂) ကိုယ့်ကိုကိုယ်မဝေဖန်ခြင်း
ဘယ်တော့မှ ကိုယ့်ကိုကိုယ်မဝေဖန်ပါဘူး။ သူများဝေဖန်လာလို့ ပြုပြင်စရာရှိလည်း မပြုပြင်ပါဘူး။ ဝေဖန်မှုကို လုံးဝလက်မခံဘူးဆိုတဲ့သူမျိုးတွေပါ။ အောင်မြင်ချင်တဲ့သူဟာ အမြဲကိုယ့်ကိုကိုယ်ဝေဖန်နေရပါတယ်။ ကိုယ့်ကိုကိုယ်ဝေဖန်မှ ကိုယ့်ရဲ့အမှားတွေ၊ ပြုပြင်ရမှာတွေကို ကိုယ်သာအသိဆုံးဖြစ်မှာပါ။ အမှားသိရင် အမှန်ပြင်ရပါမယ်။ အမှန်ပြင်ပါမှ ဘဝမှာ အောင်မြင်တဲ့သူဖြစ်လာမှာပါ။ သူများက ဝေဖန်လာတဲ့ ဝေဖန်မှုတွေကိုလည်း နားထောင်သင့်တာနားထောင်ရပါတယ်။ အမှန်တကယ် ကိုယ်ပြုပြင်သင့်တာမျိုးဆိုရင် ဝေဖန်သူတွေရဲ့စကားကို လက်ခံသင့်ပါတယ်။ (နားထဲမထည့်သင့်တဲ့ဝေဖန်မှုမျိုးကိုတော့ မထည့်နဲ့ပေါ့)
၃) ဆင်ခြေများခြင်း
မအောင်မြင်သူတွေရဲ့နောက်ထပ်အကြောင်းရင်းတစ်ခုက ဆင်ခြင်ပေးတတ်ခြင်းပါပဲ။ တခုခု လုပ်ဖို့စတင်ရမယ့်အခါ နေပူသေးတယ်၊ အရင်းအနှီးကလည်းမရှိဘူး၊ ခုနေလုပ်တော့ ငွေဘယ်လောက်မှရမှာမဟုတ်ဘူး။ စတဲ့အကြောင်းပြချက်တွေနဲ့ ဆင်ခြေပေးပြီး ဘာမှမလုပ်ဘဲနေတတ်ပါတယ်။ အဲဒါကြောင့် ဘာမှလည်း မဖြစ်လာတော့ဘဲ သက်သာတယ်ထင်တဲ့ဘဝနဲ့ပဲ သက်သာသလို နေပါတော့တယ်။ သက်သာတဲ့ဘဝကနေရတာအဆင်ပြေပေမယ့် ဘယ်နေရာမှာမှ မအောင်မြင်နိုင်တော့သလို၊ ဘယ်နေရာမှာမှ တန်ဖိုးရှိတဲ့လူတစ်ယောက်မဖြစ်နိုင်ပါဘူး။ လူ့ဘောကျော့ဖြစ်သွားတယ်ဆိုတာ ဘယ်နေရာမှလဲ အဖြစ်မရှိ၊ ကိုယ်သက်သာသလို နေချင်တဲ့လူမျိုးကို ပြောတာပါ။
၄) အခွင့်အရေးကို စောင့်မျှော်နေတတ်ခြင်း
မအောင်မြင်တတ်တဲ့သူတွေက အမြဲအဆင်သင့်ရမှာကိုသာမျှော်လင့်နေတတ်ပါတယ်။ ကိုယ်တိုင်တည်ဆောင်ဖို့တော့ စိတ်မကူးတတ်ကြပါဘူး။ သူများတည်ဆောက်ပြီးသားကိုပဲ အဆင်သင့်ရမှာကို ထိုင်ပြီး မျှော်လင့်နေတတ်ကြပါတယ်။ အဲဒါကလည်း မအောင်မြင်တဲ့အချက်တွေထဲမှာ ပါဝင်ပါတယ်။ အောင်မြင်သူတွေက ဘယ်သူကမှ မဖြစ်နိုင်ဘူးထင်ပြီး ပစ်ထားတတ်တဲ့အရာတွေကိုသာ စတင်ဖန်တီးရင်းနဲ့ ကိုယ်တိုင်တည်ဆောက်ရင်း အခါခါ ကြိုးစားရာကနေ အောင်မြင်သူတွေဖြစ်လာကြတာပါ။ မအောင်မြင်သူတွေကတော့ “ခုနေစလုပ်လည်း ဘာဝင်ငွေမှရအုံးမှာမဟုတ်ပါဘူးလေ…” ဆိုပြီး ကိုယ့်အတွက် အဆင့်သင့်ရမှာကိုစောင့်တတ်တာမို့ ဘယ်နေရာမှာမှ မအောင်မြင်တော့ပါဘူး။ လောကမှာ ဘယ်အရာမှ အဆင့်သင့်ရတယ်ဆိုတာ မရှိပါဘူး။ ကိုယ့်လိုချင်တဲ့အရာကို ကိုယ်တိုင်ကြိုးစားယူမှရတာပါ။ ကိုယ်တိုင်မကြိုးစားဘဲရလာတဲ့အခွင့်အရေးဆိုတာ ကြိုတင်ပြင်ဆင်မှုမရှိတဲ့အတွက် ဘယ်တော့မှလည်း မဖြစ်မြောက်နိုင်ပါဘူး။ သင်ကကော အခွင့်အရေးကို ထိုင်စောင့်နေသလား….အဲဒါဆိုရင်တော့ ခုချက်ချင်း ဘယ်ကစလုပ်ရင်ကောင်းမလဲလို့ပြောင်းတွေးလိုက်ပါနော်။
၅) အခြားသူများကို အပြစ်မြင်ခြင်း
ခုချိန်ထိ ဘယ်နေရာမှာမှ မအောင်မြင်တဲ့သူတစ်ယောက်ကို သင်ဘာလို့မအောင်မြင်ရတာလဲလို့ မေးကြည့်ပါ။ အက်မင်ကတော့ မကြာခဏကြားဖူးပါတယ်။ “ကျွန်တော့်မိဘတွေက မြေတောင်မမြှောက်ပေးလို့လေ….” ဆိုတာမျိုး၊ “ကျွန်တော့်မှာ ငွေမှမရှိတာ….ဘယ်လိုဖြစ်နိုင်ပါ့မလဲ” လို့တွေးတာမျိုးတွေပေါ့။ အဲဒါကိုက မှားနေပါပြီ။ အဲဒါ ကိုယ်ဖြစ်မြောက်အောင် မလုပ်နိုင်ခြင်းကို သူများကို လွှဲချခြင်းပါပဲ။ တကယ်အောင်မြင်နေတဲ့လူတွေနဲ့စကားပြောကြည့်ပါ။ “အဲဒီ့လုပ်ငန်းကို စလုပ်တုန်းက ကျွန်တော့်မှာ အရင်းအနှီးဆိုလို ငွေတစ်ပြားတောင်မရှိပါဘူး” လို့ပြောတာမျိုး ကြားဖူးပါလိမ့်မယ်။ အဲဒါကြောင့် သူတို့က အောင်မြင်သူဖြစ်နေတာပေါ့။ ဘာလို့လဲဆိုတော့ အောင်မြင်သူတွေက သူတို့မထိန်းချုပ်နိုင်တဲ့အခက်အခဲတွေပေါ်မှာ အာရုံစိုက်ပြီး အချိန်ကုန်မခံပါဘူး။ သူတို့မှာ လုပ်ငန်းတခုစတင်ဖို့ ငွေတပြားမှမရှိတာနဲ့ပဲ ဘာမှမလုပ်ဘဲထိုင်မနေပါဘူး။ ဘယ်လိုလုပ်ရင်ရမလဲ…..လို့သာ တွေးကြတာပါ။ တွေးပြီးရင်လည်း ထိုအတွေးကို ဇွဲမလျော့ဘဲ အကောင်အထည်ဖော်ကြိုးစားတော့တာပါပဲ။ သူမထိန်းချုပ်နိုင်တာကို အာရုံမစိုက်ဘဲ သူ့မှာရှိတဲ့အစွမ်းအစပိုတိုးအောင်လုပ်နိုင်တာကို သူတို့ကအာရုံစိုက်ပါတယ်။ ငွေတပြားမှမရှိနဲ့အုံး၊ မိဘက မပျိုးထောင်ပါနဲ့အုံး၊ သူ့မှာ ရှိနေတဲ့ ဖြစ်အောင်လုပ်ချင်တဲ့စိတ်နဲ့ ဘယ်လိုလုပ်ရင်အကောင်းဆုံးဖြစ်မလဲ…..ဆိုတာမျိုးတွေးပြီး လုပ်တာပါ။ အဖေကြောင့်….အမေကြောင့်….ငွေမရှိလို့….အလုပ်သမားမရှိလို့….စသည်ဖြင့် သူများကိုလွှဲချနေရင် တစ်နေ့တစ်ချိန်မှာ သူတို့အောင်မြင်လာပါ့မလား။ အဲဒါကြောင့် မအောင်မြင်ရတဲ့အကြောင်းရင်းထဲမှာ သူများကို လွှဲချခြင်းကလည်း ပါဝင်ပါတယ်။
၆) အကြံဉာဏ်တွေ ဖလှယ်ရမှာကို ကြောက်ခြင်း
မအောင်မြင်သူတွေက သူရလာတဲ့အကြံဉာဏ်ကို သူတစ်ယောက်တည်းအသုံးချဖို့လောက်သာတွေးတတ်ပါတယ်။ အောင်မြင်သူတွေကတော့ သူ့ရဲ့ကိုယ်ပိုင်အကြံဉာဏ်ကို လုပ်ငန်းတူတွေနဲ့ ဖလှယ်တတ်ကြပါတယ်။ အဲဒါမှ ဘယ်လိုအောင်မြင်အောင် ဆက်စဉ်းစားမလဲဆိုတာမျိုးတွေကို တိုင်ပင်တတ်ကြပါတယ်။ မအောင်မြင်သူတွေကတော့ သူတို့ရလာတဲ့အကြံကို သူများကို ပေးလိုက်ရင် သူမအောင်မြင်တော့မှာကို စိုးကြောက်တဲ့စိတ်နဲ့ အကြံဉာဏ်ခြင်းမဖလှယ်ကြပါဘူး။ အဲဒါကြောင့် အကြံသစ်တွေလည်း မရနိုင်တော့ပါဘူး။
အထက်က အချက်လေးတွေကို သေချာဖတ်ကြည့်ပြီး ကိုယ့်မှာ ထိုထဲကအချက်တွေရှိနေပြီဆိုရင်တော့ အမြန်ဆုံးပြုပြင်လိုက်ပါနော်။ မအောင်မြင်တော့လည်း ဘာဖြစ်လဲ….ဆိုပြီး ရုပ်ရှင်မင်းသမီးတွေ၊ မင်းသားတွေမှ၊ အွန်လိုင်းပေါ်က ဆယ်လီတွေကမှ အောင်မြင်တာမဟုတ်ပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်ကို အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ခြင်းကလည်း အောင်မြင်ခြင်းပါပဲ။ ကိုယ်ရောက်နေတဲ့နေရာမှာ ကိုယ့်က အားလုံးအတွက် ဦးဆောင်လမ်းပြနိုင်တဲ့သူတစ်ယောက်ဖြစ်နေရင်လည်း အောင်မြင်ခြင်းပါပဲ။ ကိုယ်ချစ်တဲ့အလုပ်ကို လုပ်ရခြင်းကလည်း အောင်မြင်ခြင်းပါပဲ။ အဲဒါကြောင့် ကိုယ့်မှာ အောင်မြင်ခြင်းနဲ့ဆန့်ကျင်ဘက်ကိုသွားနေတဲ့ မကောင်းတဲ့အကျင့်တွေကို ခုကစပြီး ဖျောက်ဖျက်ပစ်လိုက်တာအကောင်းဆုံးပါပဲ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။