ဘဝမှာ ရှင်သန်ဖို့ကြိုတင်ပြင်ဆင်ထားသင့်တဲ့အရာတွေ

ဘဝမှာရှင်သန်ရတဲ့အခါ ဘယ်အရာကိုမှ ပုံသေတွက်ဆထားလို့မရလောက်အောင် မာယာများတဲ့လူတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘဝရပ်တည်ရှင်သန်ပုံခြင်းမတူသလို၊ ရှင်သန်ပုံခြင်းမတူလို့ အတွေးအမြင်တွေ အယူအဆတွေမတူတဲ့အတွက် ကိုယ့်စိတ်နဲ့တစ်ထပ်တည်းကျတဲ့လူမျိုးကိုရှာတွေ့ဖို့ရန်လည်း ခက်ခဲလှပါတယ်။ တခါတလေ ဘဝမှာ ကိုယ်မထင်မှတ်ထားတဲ့ အံ့အားသင့်ဖွယ်ပျေ်ာရွှင်မှုမျိုးကြုံရမှာဖြစ်သလို၊ တခါတလေလည်း ကိုယ့်စိတ်နဲ့တစ်ထပ်တည်းလို့ ယုံမှတ်ပုံအပ်မိကာမှ ကျောချမှ ဓားပြမှန်းသိရတဲ့လူမျိုးတွေကြောင့်လည်း သင်နာကျင်ခံစားရမှာအမှန်ပါပဲ။ လူအမျိုးမျိုးကြောင့် သင်ခန်းစာအမျိုးမျိုးရမှာဖြစ်သလို၊ ခံစားချက်ပေါင်းစုံကိုလည်း ခံစားရမှာပါ။ အဲဒါကြောင့် ဘဝမှာရှင်သန်ဖို့အတွက် သင်ကြိုတင်ပြင်ဆင်ထားသင့်တဲ့အရာတွေကို ဖတ်ကြည့်လိုက်ပါအုံးနော်။


၁) ကျရှုံးမှုတွေ
ဘဝကိုဖြတ်သန်းပြီဆိုတဲ့အခါမှာ ကျရှုံးပေါင်းများစွာကို ကြုံရပါလိမ့်မယ်။ ဒါပေမယ့် ကျရှုံးမှုပေါင်းများစွာကို ရင်ဆိုင်ပြီး သင်ခန်းစာယူလို့ ထပ်မံကြိုးစားခြင်းက သင့်ဘဝအတွက် အောင်မြင်မှုတွေအများကြီးရလာစေမယ့် အခြေခံအချက်ပါပဲ။ အဲဒါကြောင့် သင်ဖြစ်ချင်သမျှ အရာတိုင်းဖြစ်လာမယ်လို့ မျှော်လင့်ထားတာထက် ကျရှုံးမှုတွေအတွက် ကြိုတွေးထား ပြင်ဆင်ထားသင့်ပါတယ်။ ကျရှုံးမှုတွေကြုံခြင်းကနေ သင်ခန်းစာရအောင်ယူပြီး နောက်ထပ်ကျရှုံးမှုတွေမဖြစ်စေအောင် ပြုပြင်ယူနိုင်ပါတယ်။

၂) နာကျင်မှုတွေ
ဘဝမှာ လူပေါင်းစုံနဲ့ပေါင်းသင်းပတ်သက်ရမှာမို့ နာကျင်မှုပေါင်းများစွာခံစားရမှာပါပဲ။ အထူးသဖြင့် သင်ကချစ်ခင်နှစ်သက်သူတွေကြောင့် သင်ပိုပြီးခံစားရမှာပါ။ သင်ကပိုပြီးချစ်ခင်လေ သင်ပိုပြီးနာကျင်ရလေပါပဲ။ အဲဒါကြောင့် ကိုယ်ချစ်ခင်ရတဲ့သူတွေကို မေတ္တာပေးပေမယ့် ပြန်ရဖု့ိ ဘာကိုမှမျှော်လင့်မထားပါနဲ့။ သူတို့ဆီက ပြန်ရလာမှာက နာကျင်ခြင်းတွေသာဖြစ်နေလိမ့်မယ်ဆိုတာကို သင်သတိရပါ။

၃) ပတ်ဝန်းကျင်ကောင်း
ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ဘဝအတွက်အရေးပါပါတယ်။ ကိုယ့်ဘဝကိုအကောင်းဆုံးရှင်သန်မယ်လို့ဆုံးဖြတ်တဲ့အခါ ပတ်ဝန်းကျင်ကောင်းမဟုတ်ရင်လည်း အဆင်မပြေပြန်ပါဘူး။ ကိုယ့်လုပ်သမျှကို စောင်းမြောင်းတိုက်ခိုက်နေမယ်၊ အဆိုးမြင်စိတ်နဲ့အမြဲ ပုတ်ခတ်နေမယ်၊ ကိုယ်လုပ်သမျှ နေရာမပေးဘဲ ဘေးချိတ်ထားမယ်၊ သာသွားရင်မလိုချင်ဘူးဆိုတဲ့စိတ်မျိုးနဲ့ပတ်ဝန်းကျင်မျိုးကနေ အမြန်ဆုံးရုန်းထွက်ဖို့ အမြဲပြင်ဆင်ထားပါ။ ကိုယ့်ဘဝအတွက် ကိုယ့်မှာသာ တာဝန်ရှိတာပါ။ ကိုယ့်အပေါ်လုံးဝမကောင်းဘူးဆိုတာကို သိရက်နဲ့ မရုန်းထွက်နိုင်ရင်တော့ သင့်အပြစ်ပါပဲ။ ချုက်ချုင်းမရုန်းထွက်နိုင်သေးရင်တောင် မကြာခင်ရုန်းထွက်နိုင်ဖို့ အစီအစဉ်ချထားပြီး တဖြေးဖြေးခြင်း အကောင်းအထည်ဖော်သင့်ပါတယ်။ ကိုယ့်ဘဝကို အကောင်းဆုံးရှင်သန်နိုင်ဖို့ ပတ်ဝန်းကျင်ကောင်းလိုအပ်ပါတယ်။ ပတ်ဝန်းကျင်ဆိုးမျိုးကနေ ရုန်းထွက်ဖို့ကို အမြဲအသင့်ပြင်ထားသင့်ပါတယ်။

၄) သက်တောင့်သက်သာရှိခြင်း၊ မရှိခြင်း
Comfort zone ကို လူတိုင်းနှစ်သက်တတ်ကြတာချည်းပါပဲ။ ကိုယ့်စိတ်ကလည်း comfort zone ထဲက မရုန်းထွက်ချင်တဲ့စိတ်မျိုးမဖြစ်နေအောင် သင့်ကိုသင်အမြဲသတိပေးနေသင့်ပါတယ်။ သင့်ဘဝကို အကောင်းဆုံးရှင်သန်နိုင်ဖို့ဆိုရင်တော့ comfort zone ထဲမှာသာယာနေတဲ့စိတ်ကို သတိချပ်သင့်ပါတယ်။

၅) ကိုယ်ဖြစ်ချင်တာတွေကို ပုံဖော်ခြင်း
ဘဝမှာ အကောင်းဆုံးရှင်သန်ချင်တယ်ဆိုရင် ကိုယ်ဖြစ်ချင်တာကိုသိဖို့လည်း လိုပါတယ်။ ကိုယ်ဖြစ်ချင်တာကိုသိထားတဲ့လူတစ်ယောက်က ကိုယ်ဘယ်လမ်းကိုရွေးပြီး လျှောက်ရမလဲဆိုတာကို သိမှာပါ။ အဲဒီ့ရွေးချယ်ထားတဲ့လမ်းအတွက်လည်း စနစ်တကျပြုပြင်မှုတွေ၊ ကျားကုတ်ကျားခဲကြိုးစားမှုတွေနဲ့ လျှောက်လှမ်းမှာဖြစ်တဲ့အတွက် အခြားသော ကိုယ့်ကို အာရုံများစေမယ့်အရာတွေကို အာရုံမရတော့ပါဘူး။ အဲဒါမှ သင့်ကို စိတ်ညစ်ညူးစေမယ့်အရာတွေ၊ သင့်ကို အာရုံထွေပြားစေမယ့်အရာတွေကို သင်မတွေးဘဲ သင်ဖြစ်ချင်တာကို ပုံဖော်ဖို့ အကောင်းဆုံးကြိုးစားနိုင်ပါလိမ့်မယ်။ အဲဒါမှ သင့်ဘဝကို အကောင်းဆုံးရှင်သန်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ဖြစ်ချင်တာတွေကို ပုံဖော်ဖြစ်ခြင်းက ဘဝရဲ့ဆိုးဝါးမှုတွေမှာ ပျေ်ာရွှင်မှုတစုံတရာကို ရရှိစေပါတယ်။

၆) အပြောင်းအလဲများ
ဘဝဆိုတာက ဒီနေ့နေသာနေပေမယ့် မနက်ဖြန်မိုးရွာချင် ရွာနေနိုင်တာပါပဲ။ ဒီနေ့နဲ့မနက်ဖြန် တစ်သတ်မတ်တည်းတူညီနေလိမ့်မယ်လို့ မပြောနိုင်ပါဘူး။ အဲဒါကြောင့် ကြိုတင်ပြင်ဆင်ထားသင့်တာ ပြင်ဆင်ထားရပါလိမ့်မယ်။ ဒီနေ့မှာ ခက်ခဲနေပေမယ့် မနက်ဖြန် အဆင်ပြေသွားနိုင်တာ ကိစ္စမရှိပေမယ့် ဒီနေ့မှာ အဆင်ပြေနေပြီး မနက်ဖြန် ကြပ်တည်းလွန်း၊ ခက်ခဲလွန်းတဲ့နေ့ရက်တွေလည်း ဖြစ်သွားနိုင်တာပါပဲ။ အဲဒါကြောင့် ကြပ်တည်းလွန်းတဲ့နေ့ရက်တွေကြောင့် သွေးပျက်ခြောက်ခြားနေမယ့်အစား ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြိုတွေးပြီး ကိုယ့်ရဲ့ပင်ကိုယ်အရည်အချင်းသာ ထက်မြက်နေအောင်ကြိုးစားထားသင့်ပါတယ်။ ဘဝကြီးက ဘယ်လောက်ပဲအပြောင်းအလဲများနေပါစေ၊ ကိုယ့်ကိုကိုယ်သာ အားကိုးရာဆိုတာကို မမေ့လိုက်ပါနဲ့။
ကိုယ့်ဘဝကိုအကောင်းဆုံးရှင်သန်နိုင်ဖို့ ကိုယ့်အတွက် ကိုယ်ရောစိတ်ပါပြင်ဆင်ထားသင့်ပါတယ်။ ကိုယ်ကျန်းမာရေးကလည်း ကောင်းမွန်ဖို့လိုအပ်သလို၊ စိတ်ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ အထူးသဖြင့်ကတော့ ကိုယ့်ကို နောက်ကျောကဓားနဲ့ထိုးမယ့်သူမျိုး၊ ချစ်ဟန်ဆောင်ပြီး အမုန်းစကားပြောတတ်တဲ့သူမျိုးစသဖြင့် ကိုယ်လုံးဝမထင်ထားတဲ့သူမျိုးတွေကြောင့် ပိုခံစားရနိုင်ချေရှိပါတယ်။ သင်ပေးတိုင်း ပေးသလောက်ပြန်ရနိုင်မှာမဟုတ်သလို၊ ကိုယ်တိုင်ကြိုးစားရယူနိုင်တာကလွဲရင် ဘယ်အရာကိုမှ အခြားသူတွေရဲ့ပယောဂကြောင့် ရယူဖို့ မမျှော်လင့်ထားသင့်ပါဘူး။ အဲဒါကြောင့် သင့်ဘဝကို အကောင်းဆုံးရှင်သန်ဖို့အတွက် စိတ်ရောကိုယ်ပါကြိုတင်ပြင်ဆင်ထားလိုက်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။