သင့်ဆံသားအတွက် မကောင်းတဲ့အကျင့် ၅ခု

လူတော်တော်များများအထူးသဖြင့် မိန်းကလေးတွေက သူတို့ရဲ့ဆံကေသာနဲ့ပတ်သက်ပြီး ဂုဏ်ယူလေ့ရှိကြပါတယ်။ အဲဒါကြောင့် ဆံသားကို ပိုပြီးကျန်းမာဖို့နဲ့ ပိုပြီးလန်းဆန်းတက်ကြွမှုကိုခံစားရစေဖို့ ဆံကေသာကို ဂရုစိုက်သင့်ပါတယ်။ သင်တောင်မသိလိုက်ဘဲ လုပ်မိနေတဲ့မှားယွင်းနေတဲ့အချက်တွေကြောင့်လည်း သင့်ဆံသားတွေထိခိုက်နိုင်ပါတယ်။ ဘယ်အချက်တွေကမှားယွင်းနေလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။


၁) ရေစိုဆံပင်နဲ့ အိပ်စက်ခြင်း

ညဘက်မှာ ခေါင်းလျှော်ပြီးနောက် ဆံသားတွေကို ခြောက်သွေ့အောင် မသုတ်ဘဲ ရေစိုနေတဲ့ဆံပင်အတိုင်းအိပ်စက်ခြင်းက သင့်ဆံသားကို ဆိုးဝါးစွာပျက်စီးစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေစိုနေတဲ့ဆံပင်တွေက အရမ်းကိုပျော့ပျောင်းနေပါတယ်။ ခေါင်းလျှော်ပြီးစအချိန်က အရမ်းကို ကျွတ်လွတ်ပြီး ကျိုးလွယ်တဲ့အချိန်ဖြစ်ပါတယ်။ အိပ်စက်နေတဲ့အချိန်မှာ ရေစိုဆံပင်ကို အိပ်ရာခင်းနဲ့ပွတ်တိုက်မိခြင်းက ဆံသားခြောက်သွေ့ခြင်း၊ အဖျားနှစ်ခွဖြစ်ခြင်း၊ ဆံသားရှု့ပ်ထွေးခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဆံပင်တစ်ပင်ချင်းကို ဆွဲမိတဲ့အားက အခြားဘေးပတ်လည်ကဆံသားတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ ရေစိုဆံပင်ကို တဘက်နဲ့ ခြောက်သွေ့အောင်ပွတ်တိုက်ခြင်းကလည်း ထိုနည်းလည်းကောင်းပါပဲ။ ထိုပြဿနာကိုရှောင်ရှားရန်အလို့ငှာ မနက်ပိုင်းမှာ ခေါင်းလျှော်တာမျိုးလုပ်သင့်ပါတယ်။ တကယ်လို့များ သင်ကညဘက်မှ ခေါင်းလျှော်ဖြစ်တယ်ဆိုရင် သင့်ဆံပင်ကို dryerနဲ့ ခြောက်သွေ့အောင်လုပ်ပြီးတော့ဖြစ်ဖြစ်၊ ကျစ်ဆံမြီး ကျစ်ပြီးတော့ဖြစ်ဖြစ် အိပ်သင့်ပါတယ်။ ဒါပေမယ့် ညဘက်ခေါင်းလျှော်တဲ့အကျင့်ကိုတော့ အမြဲမလုပ်သင့်ပါဘူး။

၂) ခေါင်းမဖြီးဘဲနေခြင်း နဲ့ ခပ်ကြမ်းကြမ်းဖြီးခြင်း

တကယ်လို့များ သင်က ညနေဘက်မှာခေါင်းလျှော်ပြီး ရေစိုဆံပင်ကို ခပ်ကြမ်ကြမ်းဖြီးခြင်းကလည်း ရေစိုဆံပင်နဲ့ညအိပ်ခြင်းကဲ့သို့ ဆိုးရွားတဲ့ဆံသားပျက်စီးမှုကို ကြုံရမှာပါပဲ။ အိပ်ရာမဝင်ခင်မှာ ခေါင်းလုံးဝမဖြီးခြင်းကလည်း မကောင်းတဲ့ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ အိပ်ရာမဝင်ခင်မှာ ဆံပင်က ရှု့ပ်ထွေးနေပြီး လုံးဝလည်း ခေါင်းမဖြီးဘဲ အိပ်စက်လိုက်မယ်ဆိုရင် ဆံသားရှုပ်ထွေးခြင်း၊ အဖျားကွဲခြင်း၊ ဆံသားကျိုးခြင်းတွေဖြစ်မှာပါပဲ။ ခြောက်သွေ့တဲ့ဆံပင်ကို မှန်ကန်စွာ ခေါင်းဖြီးပြီး သဘာဝဆီလိမ်းပြီး အိပ်စက်ခြင်းက သင့်ဆံပင်ကို ရှင်းလင်းစေပြီး ပိုပြီးကျန်းမာ၊ တောက်ပြောင်စေနိုင်ပါတယ်။ အိပ်ခါနီးမှာ စည်းနှောင်ထားတာတွေကို ဖြေလျော့ပြီး ဆီလိမ်းကာ ဖြီးသင်တာမျိုးလုပ်ခြင်းက သင့်ဆံသားတွေ ရှုပ်တွေပြီး ဖြီးရခက်တာမျိုးမဖြစ်စေဘဲ ရှင်းလင်းစေပါတယ်။ ဘီးကိုလည်း အသွားကျဲတဲ့ဘီးမျိုးနဲ့ဖြီးသင့်ပါတယ်။

၃) မှားယွင်းတဲ့ခေါင်းအုံးစွပ်ကို သုံးခြင်း

ချည်သားခေါင်းအုံးစွပ်တွေက သင့်ရဲ့ဆံသားကို ကျွတ်လွယ်စေပါတယ်။ ချည်သားက သင့်ဆံသားကို ပွတ်တိုက်ခြင်းဖြစ်စေပြီး ကျိုးပဲ့ဖို့၊ ကျွတ်လွယ်ဖို့ အားပေးသလိုဖြစ်ပါတယ်။ ညအိပ်စက်ချိန် သင်က လှုပ်ရှားမှုသိပ်မလုပ်ရင်တောင်မှ ချည်သားမှကပ်ညှိနေတဲ့ပြဿနာက ကြုံရအုံးမှာပါပဲ။ ဖဲသား၊ ပိုးထည်ကဲ့သို့ ခေါင်းအုံးစွပ်က ချောနေတဲ့အတွက် သင့်ဆံသားတွေ ကပ်ညှိတဲ့ပြဿနာမဖြစ်နိုင်တော့ပါဘူး။
တကယ်လို့များ သင်က ပိုးထည်၊ ဖဲသားခေါင်းအုံးစွပ်မဝယ်နိုင်ရင် အလားတူချောမွေ့တဲ့အသားမျိုးကို ခေါင်းအုံးစွပ်အဖြစ်ချုပ်တာပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ အဓိကက ဆံသားခြောက်သွေ့အက်ကွဲခြင်းနဲ့ကျွတ်လွယ်ခြင်းတို့ကို ကာကွယ်ဖို့ပါပဲ။

၄) ပုံစံမမှန်ဘဲ စည်းနှောင်ထားခြင်း

အိပ်ရာမဝင်ခင်မှာ သင်ဆံပင်တွေကို တင်းကြပ်စွာစည်းနှောင်ထားခြင်းက သင်အိပ်ပျော်နေချိန်မှာ ပျက်စီးစေတာပါပဲ။ အတင်းကြပ်စည်းနှောင်တဲ့ သားရေကွင်းလိုမျိုးက သင့်ဆံပင်ကို ပျက်စီးစေပါတယ်။ အထူးသဖြင့် စိုစွတ်နေတဲ့အချိန်မှာပေါ့။ ပိုနီတေးပုံစံ စည်းနှောင်ခြင်း၊ ဆံထုံးလိုထုံးခြင်းက အရမ်းကိုပျက်စီးစေပါတယ်။ တစ်နေ့တာလုံး ပိုနီတေးပုံစံစည်းနှောင်ခြင်းနဲ့ ဆံထုံးမြင့်မြင့်ထုံးထားခြင်းကလည်း သင့်ဆံသားကိုပျက်စီးစေနိုင်တာပါပဲ။
အဲဒါကြောင့်အမြဲတစေ ဆံပင်စည်းနှောင်ထားခြင်းကို ရှောင်ပါ။ စည်းတဲ့အခါမှာလည်း ခပ်ပြေပြေပဲစည်းတာကောင်းပါတယ်။ ဆံပင်ကို ပုံစံတစ်မျိုးတည်း အချိန်အကြာကြီးစည်းနှောင်ခြင်းကိုရှောင်ပါ။

၅) ဆံပင်ကို ထိန်းသိမ်းတဲ့ ပစ္စည်းတွေ မသုံးခြင်း

တော်တော်များများက ခေါင်းလျှော်ရည်ပုံမှန်သုံးပြီး ခေါင်းလျှော်လိုက်ရုံနဲ့တင် ဆံသားကို ဂရုစိုက်ခြင်းကိစ္စပြည့်စုံပြီလို့ ထင်နေတတ်ကြပါတယ်။ ခေါင်းလျှော်ပြီး ပျော့ဆေးမသုံးခြင်းက ဆံသားကွဲကြေတာကို မကာကွယ်နိုင်ပါဘူး။ တောက်ပဖို့နဲ့ သန်စွမ်းဖို့လည်း မဖြစ်နိုင်ပါဘူး။ ဆံသားတွေကွဲအက်နေတယ်ဆိုတာ ဆံသားတွေပျက်စီးနေတာကိုပြနေတာပါပဲ။ အိပ်ခါနီးခေါင်းလျှော်တာထက် မနက်ပိုင်းခေါင်းလျှော်ဖို့ လုပ်ပါ။ ခေါင်းလျှော်ပြီးတာနဲ့ ပျော့ဆေးသုံးခြင်းက သင့်ဆံသားကို စိုပြေစေနိုင်ပါတယ်။

အကျင့်ဟောင်းတွေက ပြုပြင်ရခက်ပါတယ်။ ဒါပေမယ့် အထက်ကအကျင့်တွေက သင့်ရဲ့ဆံသားကိုပျက်စီးစေပါတယ်။ သင့်ဆံသားတွေကျန်းမာချင်တယ်ဆိုရင်တော့ အထက်က အချက်တွေကို ရှောင်ရှားဖို့ကြိုးစားပါ။ ကျွန်တော်တို့ရဲ့အကြံပေးချက်တွေကို လိုက်နာပြီး ဆံသားကိုဂရုစိုက်လိုက်ခြင်းက သင့်ဆံသားကျန်းမာရေးအတွက် အထောက်အကူဖြစ်သလို၊ ပိုပြီးတောက်ပြနက်မှောင်ကြည့်ကောင်းတဲ့ဆံသားကိုပိုင်ဆိုင်နိုင်မှာပါ။

https://www.powerofpositivity.com/5-evening-habits-that-a…/…။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။