သင့်ကိုတကယ်မချစ်တဲ့လူတစ်ယောက်ရဲ့အမူအကျင့်များ

သူကိုယ့်ကိုတကယ်ချစ်ရဲ့လားဆိုတာက အင်မတန်တွေးရခက်တဲ့ကိစ္စထဲမှာပါပါတယ်။ သူ့စိတ်ထဲကို ကိုယ်ကဝင်ကြည့်လို့ရတာမဟုတ်တဲ့အတွက် ကိုယ်ထင်သလိုလေးခန့်မှန်းရင်းကနေ ကိုယ့်ကိုတကယ်ချစ်တဲ့သူကို ရင်နဲ့မဆန့်အောင်ချစ်လိုက်၊ အချိန်တွေပေးလိုက်၊ သူ့အတွက်ရှင်သန်လိုက်ရတာက အကြောင်းမရှိပါဘူး။ ဒါပေမယ့် ကိုယ့်ကိုတကယ်မချစ်တဲ့လူအတွက်တော့ ရင်နဲ့မဆန့်အောင်ချစ်ခင်တာ၊ အချိန်ပေးလိုက်တာ၊ သူ့အတွက်အရာအားလုံးပေးဆပ်လိုက်ရမယ်ဆိုရင် မတန်ပါဘူး။ ကိုယ့်ဘဝအတွက် အချိန်တွေအလကားကုန်သွားတယ်လို့တောင် ပြောနိုင်ပါသေးတယ်။ အဲဒါကြောင့်အဲဒီလိုမဖြစ်စေဖို့ ကိုယ့်ကိုတကယ်ချစ်တဲ့လူဟုတ်မဟုတ် သိနိုင်ဖို့ အပြည့်အဝမဟုတ်တောင် သိသာစေတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) လက်ထပ်ဖို့စောလွန်းသေးတယ်လို့ပြောမယ်။
သင်နဲ့သူရဲ့ ရှေ့ဆက်မယ့်ဘဝအကြောင်းမှာ လက်ထပ်ဖို့ကိစ္စကို ဘယ်တုန်းကမှ စကားမစတဲ့လူမျိုးပါ။ အဲဒါအပြင် သင်က လက်ထပ်ဖို့အကြောင်းစမိရင်တောင်မှ စကားလမ်းကြောင်းလွှဲပြောမှာဖြစ်သလို၊ သူ့အတွက် စောလွန်းသေးကြောင်း၊ တချိန်စီစဉ်မှာဖြစ်ကြောင်းနဲ့တင် ပြီးသွားမှာဖြစ်ပါတယ်။ အဲဒီလိုလူမျိုးဆိုရင် သင့်ကို လက်ထပ်ဖို့အတွက် ရည်ရွယ်ထားတဲ့ချစ်သူမဟုတ်ဘူးဆိုတာ သိနိုင်မှာပါ။

၂) ရုပ်ပိုင်းဆိုင်ရာကိစ္စအတွက်သာစိတ်ဝင်စားမယ်။
သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိစ္စလောက်သာ သူကစိတ်ဝင်စားမယ်ဆိုတာက သင့်ရဲ့လှပမှု ၊ ခန္ဓာကိုယ်၊ တနည်းအားဖြင့် သင်နဲ့ Sex ကိစ္စတွေလောက်သာ သူစိတ်ဝင်စားပြီး အဲဒီလိုသူလိုအပ်တဲ့အချိန်မျိုးမှာသာ သင့်အပေါ် ချိုသာစွာဆက်ဆံတာ၊ ကြင်နာပြတာမျိုး ပြုမူတတ်ပါတယ်။ မလိုအပ်တဲ့အချိန်မှာတော့ ဘာကိုမှ စိတ်ဝင်စားမှာမဟုတ်သလို အပေါ်ယံလောက်သာဆက်ဆံတဲ့သူမျိုးဖြစ်ပါတယ်။

၃) ကိုယ်တွေဘဝအတွက် သီးသန့်ရယ်လို့ စီစဉ်ထားတာမရှိဘူး။
သင့်နဲ့ပတ်သက်ပြီး အထူးသီးသန့်ဆိုတာ သူ့မှာမရှိပါဘူး။ အမျိုးသမီးနဲ့ အမျိုးသားမှာ အမျိုးသားတွေက ပိုပြီး အထိမ်းအမှတ်နေ့တွေမမှတ်မိတာမျိုးဖြစ်လေ့ရှိပေမယ့် တကယ်စိတ်ထဲရှိပြီး မှတ်ထားတတ်တဲ့သူမျိုးတွေလည်း ရှိတတ်ပါတယ်။ သင့်အပေါ် အမှန်တကယ်မချစ်တဲ့သူက သင်နဲ့ပတ်သက်ပြီး ဘယ်အရာကိုမှအလေးအနက်မထားသလို သင်နဲ့သူတို့ဘဝအတွက် အထူးတလည် ကြိုတင်စီစဉ်ထားတာမျိုးလည် းမရှိပါဘူး။ ရေလိုက်ငါးလိုက်ပုံစံမျိုးနဲ့ သင့်ကိုဆက်ဆံသလို၊ လိုရင်လိုသလိုဆက်ဆံတတ်ပေမယ့် မလိုရင်လည်း မလိုသလိုဆက်ဆံတဲ့သူမျိုးပါ။

၄) သင်နဲ့ပတ်သက်သမျှ စိတ်လှုပ်ရှားမှုမရှိဘူး။
သင်နဲ့ပတ်သက်ပြီး အထူးတလည်စိတ်လှုပ်ရှားမှု၊ ခံစားမှုမရှိပါဘူး။ အပေါ်ယံ ဟန်ဆောင်ပန်ဆောင်ဆက်ဆံတဲ့ပုံစံမျိုးပါပဲ။ တနည်းအားဖြင့် သင်နဲ့ပတ်သက်ပြီး ဖြူစင်တဲ့စိတ်လှုပ်ရှားခံစားမှုမရှိဘူးလို့ပြောချင်တာပါ။ သူတို့မျက်နှာချိုသွေးနေပြီဆိုရင်တော့ သင့်ဆီက လိုချင်တာတခုခုရှိလို့ဆိုတာ သေချာနေသလို၊ သူတို့ခပ်တန်းတန်းဖြစ်နေပြီဆိုရင် သူတို့လိုအပ်တာမရလို့သာဖြစ်ပါလိမ့်မယ်။

၅) သင့်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ကို နားမလည်ဘူး။
သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကိုသာ စိတ်ဝင်စားတာဖြစ်တဲ့အတွက် သင့်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ကို လုံးဝထည့်မတွေးတဲ့သူတွေပါ။ သင်အထီးကျန်နေတာ၊ သင့်ဝမ်းနည်းမှု၊ သူနဲ့ပတ်သက်ပြီး သင်ဘယ်လိုခံစားနေတယ်ဆိုတာမျိုးတွေကို သူလုံးဝစိတ်မဝင်စားသလို၊ လုံးဝလည်း ထည့်မတွေးဘဲ၊ သူတို့အတွေး၊ သူတို့ခံစားချက်ကိုသာ အလေးထား ဦးစားပေးပြီး သူတို့ခံစားချက်အတွက် သင့်ကိုအသုံးချတတ်တဲ့သူတွေဖြစ်ပါတယ်။
အထက်ကအချက်တွေကတော့ သင့်ကိုတကယ်ချစ်ရဲ့လားဆိုတာ အကြမ်းဖြင်းခန့်မှန်းနိုင်မယ့်အချက်တွေပါပဲ။ အတိအကျမဟုတ်ပေမယ့် သိသာနိုင်တဲ့အချက်တွေဖြစ်တာမို့ ဖော်ပြပေးလိုက်ပါတယ် ။စာဖတ်သူတွေရော ဘယ်လိုထင်မြင်ကြသလဲဆိုတာ မန့်ပေးခဲ့ပါအုံးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။