အမျိုးသမီးများ ဘဝအတွက် လက်တွဲဖော်မဖြစ်သင့်သူရဲ့အကျင့်ဆိုးများ

ကျွန်တော်တို့မြန်မာဆိုရိုးစကားထဲမှာ “အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်စုပ်ထိုး” ဆိုတဲ့သုံးမျိုးက ပြင်ရခက်တယ်လို့ အဆိုရှိပါတယ်။ အမျိုးသမီးတွေအတွက် တစ်ဘဝလုံးစာ အဖော်ကောင်းတစ်ယောက်အနေနဲ့ ရွေးချယ်ရတဲ့ယောကျာ်းဖြစ်သူ အိမ်ထောင်ဦးစီးက ကိုယ့်ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်မယ့်သူ၊ ဒုက္ခပေးမယ့်သူမဖြစ်သင့်ပါဘူး။ အဲဒါကြောင့် လက်တွဲဖော်မဖြစ်သင့်တဲ့သူရဲ့ အကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) တာဝန်ယူချင်စိတ်မရှိခြင်း
အိမ်ထောင်ပြုလိုက်တယ်ဆိုတာက မတူညီတဲ့လူနှစ်ယောက်က ဘဝတစ်လျှောက်လုံးမှာ ကောင်းခြင်းဆိုးခြင်းကို အတူလက်တွဲတိုက်ပွဲဝင်ဖို့ဖြစ်ပါတယ်။ တစ်ယောက်ထဲမှာ တာဝန်မရှိသလို တစ်ယောက်ထဲလည်း တာဝန်မမဲ့ပါဘူး။ တစ်ယောက်တာဝန်ကို တစ်ယောက်က မျှယူရတာမျိုးလည်းရှိပါတယ်။ အဲဒါကြောင့် ကိုယ်ရွေးချယ်တဲ့သူက တာဝန်ယူချင်စိတ်ရှိဖို့လိုပါတယ်။ တာဝန်ယူချင်စိတ်မရှိတဲ့သူမျိုးကို လက်ထပ်မိတဲ့အခါ ထိုသူမျိုးက တဒင်္ဂသာ အချစ်တွေဖုံးလွှမ်းနေတုန်း အပြစ်မမြင်နိုင်ပေမယ့် ဘဝတစ်ခုလုံးမှာတော့ အပြစ်ဖြစ်လာမှာပါ။ ကိုယ့်အတွက်တောင်တာဝန်မယူချင်တဲ့သူက အိမ်ထောင်ပြုပြီးလို့ အမျိုးသမီးတာဝန်၊ သားသမီးတာဝန် မိသားစုတာဝန်ကိုလည်း မျှယူနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။
၂) နားလည်မှုမရှိခြင်း
တစ်ယောက်ကို တစ်ယောက်နားလည်မှုရှိခြင်းဆိုတာ ပြောပြရင်သာလွယ်တာပါ။ တကယ်နားလည်နိုင်ဖို့ကတော့ ခက်ပါတယ်။ လက်မထပ်ခင်ကတည်းက လက်တွဲဖော်ရဲ့အကျင့်စရိုက်ကဘယ်လို၊ စိတ်ထားက ဘယ်လို၊ ဘယ်လိုအခြေအနေမျိုးထိလက်ခံနိုင်မလဲဆိုတာ ကြိုတွေးထားရမှာပါ။ ကိုယ်လက်မခံနိုင်တဲ့အခြေအနေမျိုးဆို နားလည်ပေးနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ခေတ်ဟောင်းတုန်းက လက်မထပ်မီ သုံးနှစ်သုံးမိုးလေ့လာကြတာပါ။ ခုခေတ်မှာတော့ အဲလောက်မလေ့လာကြပေမယ့် ကိုယ်လက်တွဲမယ့်သူကိုတော့ နားလည်အောင် လေ့လာသင့်ပါတယ်။ လက်ထပ်ပြီးကာမှ ကိုယ့်အကြိုက်သူ့အကြိုက်မတူလို့ နားမလည်ပေးနိုင်ဘူး၊ ကိုယ်မကြိုက်တာသူမလုပ်ရဘူးလို့ တရားသေသတ်မှတ်ပြီး တားမြစ်လို့ရမှာမဟုတ်ပါဘူးနော်။ အဲဒါကြောင့် လက်တွဲမယ့်သူနဲ့ကိုယ် အပြန်အလှန်နားလည်မှုထားရှိဖို့လိုအပ်ပါတယ်။
၃) အတ္တကြီးခြင်း
အထက်က အချက်နဲ့ဆင်တူပါတယ်။ ကိုယ်မကြိုက်ပေမယ့် သူကြိုက်တဲ့ကိစ္စမျိုးမှာ ကိုယ်ဘယ်လောက်နားလည်ပေးနိုင်မလဲ၊ ကိုယ်ဆိုရင်ကော သူ့အလှည့်မှာပြန်နားလည်ပေးနိုင်မလားဆိုတဲ့အတွေးမျိုးပေါ့။ ခုအချက်ကတော့ ပိုပြီးနက်ရှိုင်းပါတယ်။ အတ္တကြီးတာကျပြန်တော့ ကိုယ်ဖြစ်ချင်တာပဲသိတာ၊ ကိုယ်အလိုဆန္ဒသာအရေးကြီးတယ်ထင်တာ၊ ကိုယ့်အတွက်ပဲကိုယ်ကြည့်တာ၊ ကိုယ်ရဖို့ပဲသိတာမျိုးတွေပါ။ နှစ်ယောက်တစ်ဘဝထူထောင်ထားတာမို့ ထိုကဲ့သို့ အတ္တကြီးတတ်သူမျိုးကတော့ လက်တွဲဖော်အဖြစ် လက်တွဲဖို့မလွယ်ပါဘူး။ သားသမီးရလာချိန်မှာ ကလေးကိစ္စ၊ အိမ်မှုကိစ္စအခြားဝေယျာဝစ္စစတဲ့ကိစ္စအစုံမှာ အိမ်ထောင်ဦးစီးအမျိုးသားမို့ ဘာမှ မကူနိုင်ဘူးဆိုတာမျိုးတွေထိ ဖြစ်လာနိုင်ပါတယ်။ သူ့တာဝန်ကိုယ်တာဝန်မျှဝေ၊ ခွဲဝေသင့်တာခွဲဝေပြီး အမျိုးသားက ငွေရှာပေမယ့် အိမ်မှုကိစ္စတွေနဲ့ နစ်မွန်းနေတဲ့အမျိုးသမီးကိုလည်း အလေးထားပြီး ဂရုစိုက်တတ်ဖို့လိုပါသေးတယ်။ အဲဒါကြောင့် အတ္တကြီးတဲ့သူမျိုးကတော့ လက်တွဲဖော်ဖြစ်လို့ အဆင်မပြေလောက်ပါဘူးနော်။
၄) ကိုယ်ထိလက်ရောက်စော်ကားရိုက်နှက်တတ်ခြင်း
ဒီအချက်ကလည်း ပြင်းထန်တဲ့အချက်ဖြစ်ပါတယ်။ အိမ်တွင်းအကြမ်းဖက်မှုအဖြစ်တောင်သတ်မှတ်လို့ရပါတယ်။ အိမ်ထောင်ဦးစီးအနေနဲ့ ဝင်ငွေကိုရှာဖွေနေတာမို့ အိမ်မှုကိစ္စဘာမှမကူညီနိုင်တာ အပြစ်မဆိုသာပေမယ့် အပြင်က ပြန်လာတိုင်း အိမ်မှာအဆင်မပြေတာတွေ့ပြီး အိမ်ရှင်မကို ရိုက်နှက်တတ်ခြင်းက ဆိုးဝါးပါတယ်။ ထိုကဲ့သို့ အကြမ်းဖက်မှုကို အမြဲတစေမြင်တွေ့နေရတဲ့သားသမီးတွေအတွက်လည်း စိတ်ပိုင်းဆိုင်ရာအရကော၊ ရုပ်ပိုင်းဆိုင်ရာအရကော အဆင်မပြေနိုင်ပါဘူး။ အိမ်ထောင်ဦးစီးက ဝင်ငွေရှာနေတာမို့ အိမ်ရှင်မကို အနိုင်ကျင့်တတ်တဲ့လက်တွဲဖော်မျိုးက အဆင်မပြေနိုင်ပါဘူး။
အထက်ပါအချက်တွေက လက်တွဲဖော်မဖြစ်သင့်သူရဲ့ ယေဘုယျအားဖြင့် ရှိုနိုင်တဲ့အကျင့်ဆိုးတွေဖြစ်ပါတယ်။ ထိုသူမျိုးကို ချစ်သူအဖြစ်လက်တွဲထားမိရင်တော့ အမြန်ဆုံးသာအဆက်ဖြတ်လိုက်သင့်ပါတယ်။ တစ်ချို့တွေရဲ့အကျင့်စရိုက်ကတော့ ချစ်သူဘဝမှာ မသိနိုင်တာမို့ လက်မထပ်ခင် အမျိုးသမီးလေးတွေအနေနဲ့ လက်တွဲဖော်အဖြစ် ဘဝတစ်ခုလုံးလက်တွဲဖို့ဖြစ်နိုင်မဖြစ်နိုင် ကြိုတင်အချိန်ယူလေ့လာသင့်ပါတယ်နော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။