အကြွေးနွံထဲနစ်နေတဲ့သူများ ဆောင်ရန်ရှောင်ရန်

ဒီနေ့ခေတ်မှာ လိုချင်စရာတွေပိုပြီးများလာတာတဲ့အတွက် ပိုပြီးလည်း ငွေသုံးများလာကြပါဝယ်။ အသုံးများလာတာနဲ့အတူ ငွေချေးပြီးသုံးတဲ့အကျင့်တွေလည်း ပိုပြီးတွင်ကျယ်လာကြပါတယ်။ ငွေချေးတုန်းကတော့ အလွယ်တကူဖြစ်ပေမယ့် အကန့်အသတ်တစ်ခုအနေနဲ့ မသတ်မှတ်ထားမိရင် ကိုယ်မသိလိုက်တဲ့အချိန်မှာပင် အကြွေးတွေပုံလာစေပါတယ်။ အကြွေးတွေပုံလာပြီး အကြွေးဆပ်ဖို့ အကြွေးထပ်ယူတာမျိုးဖြစ်လာနိုင်ပါတယ်။ မဆုံးနိုင်တဲ့အကြွေးသံသရာထဲလည်နေတတ်ပါတယ်။ အဲဒါကြောင့် အကြွေးနွံထဲနစ်သထက်နစ်နေတာမျိုးမဖြစ်စေဖို့ ချင့်ချိန်တတ်ဖို့လိုပါတယ်။


၁) အကြွေးတွေကို တိတိကျကျ စာရင်းချရေးကြည်ပါ။
အကြွေးနွံထဲနစ်နေတတ်သူအများစုဟာ ကိုယ့်ရဲ့အကြွေးကို စာရင်းသေချာမလုပ်တတ်တဲ့လူမျိုးတွေများပါတယ်။ ကိုယ့်ဟာကိုယ် လွယ်လွယ်ရလို့ယူလိုက်ပြီး အခါခါထပ်ယူမိကာ အကြွေးထပ်နေတာမျိုးကို သေချာမသိတာများပါတယ်။ အဲဒါကြောင့် အကြွေးယူပြီးဆိုတာနဲ့ ဘယ်လောက်ဆို အကြေဆပ်နိုင်မလဲ၊ အတိုးကဘယ်လောက်လဲ၊ ဘာကြောင့်အကြွေးယူမှာလဲ၊ တကယ်လိုအပ်လို့ ယူရမလား စသဖြင့်တွေးပြီးမှ ယူသင့်သလို၊ ယူပြီးရင်လည်း သေချာ စာရင်းလုပ်ပြီးမှတ်ထားသင့်ပါတယ်။ အဲဒါမှ ကိုယ့်အကြွေးပမာဏက ကိုယ်ဆပ်နိုင်တဲ့ပမာဏထက် ပိုများနေပြီလား၊ ထပ်မယူခင် ကိုယ်ဆပ်နိုင်ပါ့မလား....ဆိုတဲ့အတွေးမျိုးတေါးမိပြီး ချင့်ချိန်တတ်ဖို့အထောက်အကူပြုမှာြဖစ်ပါတယ်။

၂) အကြွေးသစ်ထပ်ယူပြီး အကြွေးဟောင်းဆပ်တာမျိုးမလုပ်ပါနဲ့။
အဆိုးဆုံးက အကြွေးဟောင်းကိုအလောတကြိးဆပ်ဖို့ အကြွေးသစ်ထပ်ယူလိုက်တာမျိုးပါပဲ။ အဲဒါက အကြွေးနွံထဲနစ်စေတဲ့အကြောင်းရင်းတစ်ခုပါ။ အတိုးဘယ်လောက်များများ အကြွေးတစ်ခုကို ဆပ်ဖို့ နောက်ထပ်အကြွေးတစ်ခုတိုးလာတာပဲအဖတ်တင်ပြီး သင်အကြွေးနွံထဲက ရုန်းမရဖြစ်တတ်ပါတယ်။ အတိုးများတဲ့အကြွေးကိုဆပ်ဖို့အတွက် အတိုးသက်သာတဲ့အကြွေးထပ်ယူတာမျိုးက တော်ပါသေးတယ်။ အတိုးဘယ်လောက်များများ လက်ရှိအကြွေးကိုဆပ်ဖို့အတွက် နောက်ထပ်အကြွေးထပ်ယူတာကတော့ လုံးဝမလုပ်သင့်ပါဘူး။

၃)ဝင်ငွေတိုးလာပြီး ထွက်ငွေအတတ်နိုင်ဆုံးလျော့ဖို့စဥ်းစားပါ။
အတိုးမပေးရဘဲ အကြွေးဆပ်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ ကိုယ့်ရဲ့ဝင်ငွေတိုးအောင်လုပ်ပြီး တိုးလာသမျှဝင်ငွေကို အကြွေးဆပ်တဲ့နေရာမှာ သုံးဖို့ပါပဲ။ အလုပ်တစ်ခုတည်း လုပ်နေလို့ ဝင်ငွေတစ်ခုတည်းရှိတယ်ဆိုရင် အလုပ်၂ခု ၃ခုလုပ်ပြီး ဝင်ငွေဘယ်လိုတိုးအောင်လုပ်မလဲတွေးရပါလိမ့်မယ်။ တိုးလာတဲ့ဝင်ငွေကို အကြွေးအတါက်သေချာစီမံခန့်ခွဲပြီး ဆပ်ရပါမယ်။ အကြွေးမကြေသေးချိန်မှာ ကိုယ့်ရဲ့ ထွက်ငွေကို သေချာချင့်ချိန်ပြီး အသုံးစရိတ်ချွေတာလို့ရသမျှချွေတာရပါမယ်။

၄) အချိန်ကိုကောင်းကောင်းအသုံးချပါ။
အတော်များများဆင်ခြေပေးတတ်ကြတဲ့စကားက လက်ရှိလုပ်နေတဲ့အလုပ်ချိန်က အချိန်ပြည့်မို့ နောက်အလုပ်တစ်ခုထပ်လုပ်ဖို့ အချိန်မရှိဘူးဆိုတာပါပဲ။ တကယ်တမ်းက အလုပ်မရွေးဘူးဆိုရင် သမာအာဇီဝ အပြင်အချိန်ပိုင်းအလုပ်တွေအများကြီးရှိပါတယ်။ သာမန်ဝင်ငွေတစ်ခုထဲအပြင် ကိုယ့်ရဲ့ပိုနေတဲ့အချိန်တေါကို သေချာစီစစ်လိုက်ရင် အချိန်အများကြီးပိုထွက်လာမှာဖြစ်တဲ့အပြင် အခြားနည်းလမ်းနဲ့အချိန်ကုန်နေတာတွေလည်း နည်းသွားပြီး အချိန်တိုင်းက ကိုယ့်အတွက် ဝင်ငွေဖြစ်လာပါလိမ့်မယ်။ အဲဒါဆို ပြင်ပအကြောင်းအရာတွေကြောင့် စိတ်ညစ်ရတာ ဖိစီးရတာတွေလည်းနည်းလာပါလိမ့်မယ်။ ဝင်ငွေလည်းတိုးလာမှာမို့ ကိုယ့်အတွက် အချိန်တစ်ခုအရောက်မှာ အားလုံအးဆင်ပြေလာနိုင်ပါတယ်။ ဇွဲရှိဖို့နဲ့ သမာအာဇီဝအလုပ်မှန်သမျှမရှက်ဖို့လိုပါတယ်။

၅) အတိုးနဲ့အရင်းမျှဆပ်ဖို့ကြိုးစားပါ။
နောက်တစ်ခုက အတိုးများတဲ့အကြွေးတွေက အတိုးပေးတာနဲ့တင် အရင်းနီးပါးလောက်ပြန်ဖြစ်နေတတ်ပါပြီ၊ အကြွေးကတော့မကြေသေးတာမျိုးဖြစ်တတ်ပါတယ်။ အဲဒါကြောင့် အတိုးများလည်း အတိုးနဲ့အရင်းကို နိုင်သလောက်ဖဲ့ဆပ်ပါ။ အဲဒါမှ မျော်လင့်ချက်ရှိမှာဖြစ်ပါတယ်။
အကောင်းဆုံးကတော့ ကိုယ့်ရဲ့အကြွေးနဲ့ ကိုယ့်ရဲ့ဝင်ငွေကို ချင့်ချိန်တတ်ဖို့ပါပဲ။ တကယ်လိုအပ်လို့ အတိုးသက်သက်သာသာနဲ့ လိုအပ်တဲ့နေရာအတွက်သုံးလိုက်ရတာက သုံးတတ်ရင်အကျိုးရှိပေမယ့် ကိုယ့်ရဲ့ဝင်ငွေနဲ့ သုံးငွေကိုမဆန်းစစ်ဘဲ အကြွေးကိုလည်း စာရင်းမလုပ်ထားဘဲ လွယ်လွယ်ရလို့ ထပ်ထပ်ယူသုံးမိနေတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲအကြွေးကို သေချာစာရင်းနဲ့မှတ်မိနေသင့်ပါတယ်။ အဲဒါမှသာ လွယ်လွယ်ယူမသုံးမိမှာဖြစ်ပါတယ်လို့ တိုက်တွန်းဖ်ောပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။