သင့်ကိုသင်ကြင်နာနိုင်မယ့်နည်းလမ်းများ

ကိုယ့်ကိုယ်ကိုယ်ကြင်နာခြင်းက ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းတစ်မျိုးပါပဲ။ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းက တစ်ကိုယ်ကောင်းဆန်ခြင်း၊ အတ္တကြီးခြင်းနဲ့ မသက်ဆိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်အခြားသူတစ်ယောက်ကို ဂရုစိုက်မယ်၊ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးအတွက် သတိထားမယ်၊ ကိုယ့်ကိုယ်အဆိုးဘက်ကဖြစ်စေတဲ့အကြောင်းအရာတွေကို တတ်နိုင်သမျှ ရှောင်ကျဉ်မယ်စသဖြင့် ကိုယ့်ရဲ့စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့်ကိစ္စမျိုး၊ ကိုယ့်အရည်အချင်းတိုးတက်စေမယ့်ကိစ္စမျိုးကို ပိုပြီးအလေးထားတာမျိုးဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကြင်နာခြင်း၊ ချစ်ခင်ခြင်းက အခြားသူတွေကို မထိခိုက်စေသလို သင့်ကိုယ်သင်အတွက်လည်း အကျိုးရှိစေပါတယ်။ အဲဒါကြောင့် သင့်ကိုယ်သင်ဘယ်လိုကြင်နာမလဲဆိုတာ လိုက်နာကျင့်သုံးနိုင်အောင် ဖတ်ကြည့်လိုက်ပါအုံး။


၁) အရည်အချင်းတွေတိုးတက်လာပါစေ။
သင့်ရဲ့အားသာချက်၊ အားနည်းချက်ကို သိပြီး ဘာကိုပြုပြင်သင့်ပြီး ဘာကိုတော့ပိုကြိုးစားလိုက်ရင်အောင်မြင်သွားမလဲဆိုတာကို သိဖို့အရေးကြီးပါတယ်။ တနည်းအားဖြင့် ကိုယ့်ကိုယ်ကိုယ်သိဖိုပါ။ ကိုယ့်ကိုယ်ကိုယ်သိတဲ့နောက် ကိုယ့်ရဲ့အရည်အချင်းတွေတိုးတက်လာဖို့ တတ်နိုင်သလောက်ရင်းနှီးမြုပ်နှံပါ။ အဲဒါက နောင်တစ်ချိန်ဒုက္ခမရောက်စေဖို့ သင့်ကိုသင်ချစ်ခင်နည်းတစ်မျိုးပါပဲ။ ဥပမာ။ ဈေးကြီးတဲ့သင်တန်းတွေတက်ဖို့ ငွေမရှိဘူးလို့ ညည်းနေမယ့်အစား ကိုယ့်စိတ်ဝင်စားတဲ့ဘာသာရပ်တွေမှာ ပညာဒါနသင်တဲ့သင်တန်းတွေလိုက်တက်ကြည့်ပါ။ ကိုယ့်ဟာကိုယ်လည်း နိုင်သလောက်လေ့လာပါ။ အချိန်ကြာလေ သင့်မှာအရည်အချင်းနဲ့ပြည့်ဝလာလေ သင့်ရဲ့နေရာ၊ သင့်ရဲ့တန်ဖိုးတက်လာလေလေပါပဲ။ အဲဒါက သင့်ကိုသင်ချစ်ခင်နည်းတစ်မျိုးပါပဲ။

၂) ပြီးပြည့်စုံဖို့ထက် ကိုယ့်မှာရှိပြီးသားတွေကိုတန်ဖိုးထားတတ်ပါ။
အရာအားလုံးပြီးပြည့်စုံနေဖို့ထက် ကိုယ့်မှာရှိထားပြီးသားတွေကိုလည်း တန်ဖိုးထားဖို့လိုပါတယ်။ အဲဒါက ပျော်ရွှင်ခြင်းရဲ့နည်းလမ်းတစ်ခုပါပဲ။ အဓိကက ကိုယ့်စိတ်ပျော်ရွှင်နေရင် လောကရဲ့အရာအားလုံးမပြည့်စုံရင်တောင် နေပျော်နေမှာပါပဲ။ အဲဒါကြောင့် ကိုယ်မရထားတာတွေ၊ မရနိင်တာတွေကိုပဲ လိုက်မြင်ပြီး လိုချင်နေရင် ပိုပြီးစိတ်ဆင်းရဲရပါလိမ့်မယ်။ ကိုယ်လက်ထဲရှိပြီးသားတွေက အချို့လူတွေမှာ မရနိုင်တာမျိုးတောင် ရှိပါသေးတယ်။ ရှိပြီးသားတွေကို တန်ဖိုးထားတတ်ဖို့လည်းလိုပါတယ်။

၃) ကိုယ်ကျန်းမာရေးကိုဂရုစိုက်ပါ။
ကိုယ်တိုင်တောင်မှ ကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်ရင် အခြားဘယ်သူကမှ သင့်ကိုဂရုစိုက်ဖို့မအားပါဘူး။ လူတိုင်းက ကိုယ့်ပြဿနာနဲ့ကိုယ်ရှုပ်နေကြတာချည်းပါပဲ။ အဲဒါကြောင့် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ။ ကျန်းမာရေးနဲ့ညီညွှတ်တာကို ရွေးချယ်စားသောက်ပါ။ ပုံမှန်လေ့ကျင့်ခန်းမလုပ်နိုင်တောင် တစ်နေ့နာရီဝက်ခန့်လမ်းလျှောက်ပါ။

၄) ကိုယ့်ကိုယ်ကိုယ်အဆိုးမြင်စိတ်ကိုဖျောက်ပါ။
ကိုယ့်ကိုယ်ကိုယ်အမြဲအဆိုးမြင်နေတဲ့စိတ်က ကိုယ့်ကိုယ်ကိုယ်သတ်နေတာနဲ့အတူူတူပါပဲ။ “ငါက ဘယ်နေရာမှာမှ အသုံးမကျပါဘူး” “ငါမလုပ်နိုင်ဘူးထင်တယ်” “ငါကမလှပါဘူး” “ငါကအသားမည်းလိုက်တာ” “ငါကသွားခေါတယ်” စသဖြင့် ကိုယ့်ကိုယ်ကိုယ်အဆိုးဘက်ကမြင်နေတာတွေကို ဖျောက်ပစ်နိုင်အောင်ကြိုးစားပါ။ ကိုယ့်မှာရှိပြီးသားတွေကို အရှိအတိုင်းလက်ခံတတ်ပါစေ။

၅) သန့်ရှင်းသပ်ရပ်အောင်နေပါ။
ကိုယ့်နဲ့လိုက်ဖက်ပြီး ရာသီဥတုနဲ့ကိုက်ညီတာမျိုး ဝတ်ဆင်ပါ။ သပ်ရပ်သန့်ရှင်းအောင်နေပါ။ ကိုယ်ဝတ်ဆင်စားသုံးသမျှ ဈေးကြီးတာမကြီးတာနဲ့မပိုင်းဖြတ်ပါနဲ့။ အဓိကက ဘယ်လောက်တန်ဖိုးနည်းပါစေ၊ ကိုယ်တတ်နိုင်တဲ့ဘောင်ထဲကဖြစ်ပြီး သပ်ရပ်သန့်ရှင်းဖို့၊ ကိုယ်နဲ့လိုက်ဖက်ဖို့ပါပဲ။ ကိုယ်စားသုံးသမျှကလည်း တန်ဖိုးကြီးဆိုင်ကြီးဆိုင်ကောင်းကဖြစ်ဖို့ထက် သန့်ရှင်းပြီး ကိုယ်တတ်နိုင်တဲ့ဘောင်ထဲကဖြစ်ဖို့ပဲလိုတာပါ။ ဘယ်လောက်ပဲ တန်ဖိုးနည်းပါစေ၊ ကိုယ်နဲ့လိုက်ဖက်မှုရှိတယ်၊ လူမြင်တင့်တယ် တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတာပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေတဲ့သူက ဘယ်လောက်ရုပ်ဆိုးပါစေ၊ ကြည့်ကောင်းနေတာပါပဲဆိုတာ မေ့မပါနဲ့နော်။

၆) ကိုယ်တတ်နိုင်တဲ့ဘောင်ထဲကနေ ကိုယ့်ကိုယ်ကိုယ်အလိုလိုက်ပါ။
အမြဲတစေ ကိုယ့်ကိုယ်ကိုယ်အလိုလိုက်တယ်ဆိုပြီး ငွေတွေဖြုန်းခိုင်းတာမဟုတ်ပါဘူး။ တစ်လတစ်ခါ ကိုယ်ကြိုက်တာလေး တစ်ခုလောက်တော့ ဝယ်ခြင်းက ကိုယ့်ကိုယ်ကိုယ်အလိုလိုက်တာဖြစ်ပြီး ငွေလည်းဖြုန်းတီးမှုမဖြစ်စေပါဘူး။ ကိုယ့်အတွက်လည်းတကယ်လိုအပ်တယ်၊ ကိုယ်တတ်နိုင်တဲ့ဘောင်ထဲလည်းဝင်မယ်ဆိုရင် ကိုယ့်အတွက်ဝယ်သင့်ပါတယ်။ ဥပမာ။ ကိုယ်က ဒီလအတွက် အိတ်အသစ်တစ်လုံးဝယ်မှဖြစ်တော့မယ် အိတ်ကလည်းဟောင်းနေပြီဆိုရင် ဝယ်သင့်ပါတယ်။ အဲလိုမဟုတ်ဘဲ အိတ်တွေအများကြီး လဲလှယ်ပြီးကိုင်ဖို့ရှိနေရက်နဲ့ ထပ်ဝယ်ချင်စိတ်ဖြစ်နေတယ်ဆိုရင်တော့ မဝယ်သင့်ပါဘူး။ အဲဒါက ဖြုန်းတီးခြင်းပါပဲ။ ကိုယ့်အတွက်ကိုယ် ကိုယ်တတ်နိုင်တဲ့ငွေပမာဏထဲက ရွေးချယ်ပြီး ကိုယ်ကြိုက်နှစ်သက်တာလေးတွေ ဝယ်ယူပါ။

၇) မကောင်းမြင်တဲ့လူတွေကို ဘဝထဲကထုတ်ပစ်ပါ။
ကိုယ့်ဘဝထဲက မကောင်းမြင်တဲ့လူတွေကို ထုတ်ပစ်ဖို့ ဝန်မလေးပါနဲ့။ မကောင်းမြင်တဲ့လူတွေက သင့်ကိုပါ မကောင်းမြင်တဲ့အမြင်တွေကို ကူးစက်လာစေပါတယ်။ သင့်ပတ်ဝန်းကျင်က အရာရာကိုမကောင်းမြင်နေခြင်းက သင့်ရဲ့လုပ်နိုင်စွမ်းတွေကိုပါ ထိခိုက်လာစေပါတယ်။ အဆိုးမြင်တဲ့စိတ်က သင့်ရဲ့စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးကိုပါ ထိခိုက်လာစေပါတယ်။ အဆိုးမြင်တဲ့အခါ သင့်စိတ်ထဲမှာ ဒေါသတွေပါလာမယ်၊ သင့်အာရုံစူးစိုက်နိုင်စွမ်းအားနည်းလာမယ်၊ နှလုံးခုန်နှုန်းမြန်လာမယ် စသဖြင့် ဆိုးကျိုးတွေအများကြီးပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။