သင် လုပ်ငန်းခွင်မှာ အောင်မြင်စေမည့် ကောင်းသောအကျင့် ၁၁ ချက်

လူတိုင်းမှာ သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီး ရှိကြတာပါပဲ။ တစ်ချို့တွေကျတော့ အလုပ်ခွင်က အရမ်းကို ပျော်စရာကောင်းတဲ့အလုပ်ခွင်ပေါ့၊ တစ်ချို့တွေအတွက်ကျတော့ အလုပ်ခွင်ဆိုတာ ငရဲလိုပါပဲတဲ့။ တစ်ချို့ကျတော့လည်း စားဝတ်နေရေးကြောင့်သာ အလုပ်ခွင်ဝင်နေရတာပြောပြန်ရော။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့အလုပ်ခွင်က ကိုယ့်ရဲ့ စားဝတ်နေရေးအတွက်ကော၊ ကိုယ့်ရဲ့စီးပွားရေးအတွက်၊ ကိုယ့်ရဲ့တက်လမ်းအတွက် စသည်ဖြင့် တိုက်ရိုက်ပတ်သက်နေရတာပဲမဟုတ်လား။ အဲဒီ့တော့ ကိုယ့်ကို တစ်နည်းနည်းနဲ့ အထောက်အကူပြုနေတာပဲမို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ အလုပ်မှာ ကိုယ်ကြိုးစားခြင်းသည် ကိုယ့်ကိုကိုယ် တန်ဖိုးမြှင့်တင်ခြင်းပါပဲ။ အဲဒါကြောင့် အလုပ်ခွင်မှာ အောင်မြင်စေမယ့် ကောင်းသောအကျင့်လေးတွေဖော်ပြလိုက်ပါတယ်။


၁) တာဝန်ကျေပွန်ပါ။
“ဒီတာဝန်ကတော့ ကိုယ်နဲ့မှ မအပ်စက်တာ၊ ကိုယ့်ထက်ရာထူးကြီးတဲ့သူကို ခိုင်းပါလား။ ကိုယ့်လာခိုင်းတယ်……မလုပ်ချင်ဘူး” ဆိုတာမျိုးတွေက မလုပ်သင့်ပါဘူး။ ဒီလိုပြောလို့ မနိုင်ဝန်ထမ်းခိုင်းတာမဟုတ်ပါဘူးနော်။ ကိုယ့်ကို ပေးအပ်လာတဲ့တာဝန်ကို အကောင်းဆုံးလုပ်ခြင်းက ကိုယ့်ရဲ့တန်ဖိုးဖြစ်လာမှာမို့ ဘယ်လိုတာဝန်ဖြစ်ဖြစ် ကျေပွန်အောင်လုပ်ပါ။ မဖြစ်နိုင်တာကိုတော့ အတင်းလက်မခံနဲ့ပေါ့။ မဖြစ်နိုင်တာမျိုးကျပြန်တာ့ ဘာကြောင့်မဖြစ်နိုင်တာဆိုတဲ့အကြောင်းလေး သေချာရှင်းပြနိုင်ပါတယ်။ အတတ်နိုင်ဆုံးတော့ ကိုယ့်ရဲ့စွမ်းရည်လည်း တိုးစေတာမို့ တာဝန်ကျေပွန်အောင် ကြိုးစားသင့်ပါတယ်။ မှတ်ထားရမှာက တာဝန်ကျေပွန်အောင် ကြိုးစားလေလေ သင့်ရဲ့စွမ်းရည်တွေတိုးလေလေ ဆိုတာပါပဲ။

၂) အကောင်းမြင်စိတ်မွေးပါ။
အလုပ်ခွင်မှာ အကောင်းမြင်စိတ်က အရေးကြီးပါတယ်။ အကောင်းမြင်နေမှ အလုပ်လုပ်ချင်စိတ်ပိုပြီး ဖြစ်ပေါ်လာမှာပါ။ ဘယ်အလုပ်ကတော့ ဘယ်သူ့တာဝန်၊ ဘယ်သူကတော့ ငါ့ကိုတိုက်ခိုင်နေတာ၊ သူကတော့ သူ့တပည့်မှ လူထင်တာ။ စတဲ့ အနုတ်သဘောဆောင်တဲ့ အတွေးတွေကို ခေါင်းထဲကထုတ်ပစ်ပါ။ မကောင်းမြင်တဲ့စိတ်က သင့်ကို ရှေ့ဆက်သွားဖို့ မတွန်းပို့နိုင်ပါဘူး။ သင့်ကို အလုပ်ခွင်မှာတောင် စိတ်ပျက်လာစေပါလိမ့်မယ်။ အဲဒါကြောင့် ဘယ်သူမဆို လာတိုက်ခိုက်လဲ ခေါင်းထဲကထုတ်ပစ်လိုက်ပါ။ ဘယ်သူဘာပြောပြော ခေါင်းထဲထည့်သင့်တာထည့်လို့၊ ကိုယ်ပြီးဆုံးအောင်လုပ်ရမယ့်အလုပ်အကြောင်းသာ အချိန်ပြည့်တွေးနေပါ။ မကောင်းမြင်သူတွေ၊ မကောင်းပြောသူတွေအကြောင့် သင့်ဦးနှောက်ထဲမရောက်လေ သင့်အလုပ်အကြောင်းသင်တွေးလေ၊ သင်အလုပ်ပြီးလေပါပဲ။ အကောင်းဘက်က လှည့်တွေးပေးလိုက်ပါ။ ငါအလုပ်ပြီးမှဖြစ်မယ်…..သူတို့ အားလို့ပြောတာပြောပါစေ။ ငါကတော့မအားဘူး၊ မတွေးဘူး။ စသည်ဖြင့် တွေးလို့ အလုပ်သာ တစိုက်မတ်မတ်အာရုံစိုက်လိုက်ပါ။

၃) အမှားပြင်ပါ။
လူတိုင်းအမှားနဲ့မကင်းပါဘူး။ မမှားတဲ့သူမရှိပါဘူး။ မှားတယ်ဆိုတာ သင်အလုပ်လုပ်နေတာကို ပြသတဲ့သက်သေပါပဲ။ အဲဒီ့တော့ မှားတဲ့အခါ ဝန်ခံဖို့မကြောက်ပါနဲ့။ တဆက်တည်း မှားသွားပါတယ်၊ အမှန်က ဘယ်လိုလဲ တစ်ခါတည်း သိအောင်လုပ်ပါ။ အဲဒါမှ မှားတာကနေ အမှန်သိရပြီး အမှန်ပြန်ပြင်နိုင်မှာပေါ့။ အဲဒီ့တော့ အမှားများလာလေ၊ အမှန်များများ သင်သိသွားလေပါပဲနော်။ အဲဒီ့တော့ မှားလာရင် ဝန်ခံပါ။ အမှန်ကို သိအောင်လုပ်ပါ။ အမှားပြင်ဖို့ကြိုးစားပါ။ ဒါပေမယ့် မှားပြီးပြီ၊ အမှန်လည်း သိပြီးသားကိစ္စတစ်ခုကိုတော့ ခဏခဏ မှားနေပြီဆိုရင်တော့ မဟုတ်တော့ပါဘူးနော်။ တစ်ခါမှားပြီး တစ်ခါအမှန်သိအောင် ကြိုးစားဖို့ ဆိုလိုချင်တာပါ။ အခါခါ မှားပြီးသားအမှားကိုပဲ ထပ်ခါထပ်ခါမှားယွင်းနေတာကတော့ သင်အလုပ်ကို စိတ်မပါတာ၊ ဂရုမစိုက်တာပဲမို့ အလုပ်ခွင်မှာ တိုးတက်ချင်ရင် ထိုအကျင့်ကိုပြင်မှရမှာပါ။

၄) အပြောနဲ့အလုပ်ညီပါ။
“ ဘယ်အလုပ်တွေတော့ ကျွန်တော်ပြီးအောင်လုပ်လိုက်မှာ…..” သင်ပြောပြီး ဘာအလုပ်မှမပြီးဘဲ အေးဆေးထိုင်နေတာမျိုးတော့မဖြစ်ပါစေနဲ့။ ဘယ်နေ့မှာ ဘယ်အလုပ်တွေ နေ့မအားညမနားကြိုးစားနေတာ ပြောပြီး လက်တွေ့ဘာမှမလုပ်ဘဲ၊ အခြားသူကို အလုပ်တွေ လွှဲချတတ်တဲ့သူကို ဘယ်သူကမှ အထင်မကြီးပါဘူး။ အဲလိုလုပ်တတ်သူကလည်း ဘယ်တော့မှ အရည်အချင်းနဲ့ တိုးတက်လာတော့မှာ မဟုတ်ပါဘူး။ အဲဒီ့တော့ သင့်အလုပ်ခွင်မှာလည်း သင်အောင်မြင်တော့မှာမဟုတ်ပါဘူး။ အတတ်နိုင်ဆုံး သင့်အပြောနဲ့ သင်ကိုယ်တိုင်လုပ်တဲ့လုပ်ရပ်တွေ ကိုက်ညီမှုရှိပါစေ။ အဲဒါမှ သင်ရဲ့စွမ်းရည်လည်းတိုးလို့ သင်လည်း အလုပ်ခွင်မှာ အောင်မြင်နိုင်မှာပေါ့။

၅) လူတိုင်းနဲ့အဆင်ပြေပါစေ။
အလုပ်ခွင်မှာ အောင်မြင်ခြင်းအတွက် လူမှုဆက်ဆံရေးကလည်း လိုအပ်ပါတယ်။ အမြဲ စူပုပ်နေတတ်တဲ့သင့်ကို ဘယ်သူကမှ အလုပ်ကိစ္စနဲ့ဖြစ်ဖြစ်၊ ကျန်တဲ့ကိစ္စနဲ့ဖြစ်ဖြစ် ပတ်သက်ချင်မှာမဟုတ်ပါဘူး။ ကိုယ့်အပေါ် ကောင်းသူဖြစ်ဖြစ်၊ မကောင်းသူဖြစ်ဖြစ် အဆင်ပြေအောင်နေတတ်ခြင်းကလည်း အောင်မြင်ခြင်းတစ်မျိုးပါပဲ။
၆) သင်ယူပါ။
နေ့စဉ်နဲ့အမျှ နည်းပညာတွေ အခြားသောပညာတွေ အသစ်အသစ်တွေ ပေါ်နေတာပါ။ ကိုယ်မသိတာ၊ ကိုယ်မတတ်တာဆို သင်ယူရမှာမရှက်ပါနဲ့။ သင်ယူလိုက်တော့ ကိုယ်မသိတာ တစ်ခုလျော့သွားတာပေါ့။

၇) ဒီနေ့လုပ်နိုင်တဲ့အလုပ်ကို ဒီနေ့ပြီးပါစေ။
ဒီနေ့လုပ်နိုင်တဲ့ပမာဏကို သတ်မှတ်ပါ။ ပြီးရင် ဒီနေ့ပြီးအောင်လုပ်ရမယ့်အလုပ်ကိုသာ အာရုံစိုက်ပါ။ အဲဒါက အလုပ်ကိုလည်း ပိုပြီးမြောက်စေနိုင်သလို၊ အာရုံပျံ့လွှင့်ခြင်းမရှိလို့ အချိန်အလကားမကုန်စေပါဘူး။ ဒီနေ့မပြီးလည်း ဘာဖြစ်လည်း မနက်ဖြန်လုပ်တာပေါ့လို့ တွေးလိုက်တာနဲ့ သင်အာရုံစူးစိုက်မှုတွေပေါ့လျော့သွားစေနိုင်ပါတယ်။ အဲဒါကြောင့် ဒီနေ့ပြီးအောင်လုပ်ရမယ့် အလုပ်ကို နောက်နေ့မရွေ့ပါနဲ့။

၈) ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ။
ကိုယ့်ကိုကိုယ် ဒီအလုပ်တွေ ငါအောင်မြင်အောင်၊ ပြီးဆုံးအောင် လုပ်နိုင်တယ်ဆိုတဲ့စိတ်က အလုပ်ကို တစ်ဝက်ပြီးစေတာပဲဆိုတာ သင်သိရဲ့လား။ မယုံရင် ကိုယ့်ကိုကိုယ်တကယ်ပြောကြည့်ပါ။ သတ်မှတ်ထားတဲ့ ရလဒ်နဲ့သိပ်မကွာခြားဘဲ ပြီးဆုံးသွားတာကို အံ့အားသင့်စရာကောင်းစွာသင်တွေ့နိုင်ပါလိမ့်မယ်။

၉) ဘယ်အရာကိုမှ ပြီးစလွယ်မတွေးပါနဲ့။
ရှုံးနိမ့်ခြင်းရဲ့အစက ပြီးစလွယ်တွေးခြင်းပါပဲ။
“ဒါလေးများ….ငါဘယ်အချိန်လုပ်လုပ်ရတယ်။”
“တကယ်တော့ အဲဒါက လွယ်လွယ်လေး….”
“ဘာမှအရေးမကြီးဘူး….နောက်မှလုပ်လို့ရတယ်” ထိုကဲ့သို့ ပြီးစလွယ်တွေးလိုက်တာနဲ့ သင်အလုပ်မအောင်မြင်ဖို့ များပါတယ်။

၁၀) ကိုယ့်အားနည်းချက်ကိုယ်သိပါ။
ကိုယ်ကဘယ်နေရာမှာ အားနည်းလဲ….အားသာချက်ကကော ဘာလဲ။ ကိုယ့်ကိုကိုယ်သိဖို့အရေးကြီးပါတယ်။ အဲဒါမှ ကိုယ့်အားသာချက်ကို အသုံးချပြီး အားနည်းချက်ကို အားသာချက်ဖြစ်အောင် ကြိုးစားတတ်မှာပေါ့။ အဲဒါက သင့်ကိုသင် အလုပ်ခွင်မှာအောင်မြင်စေဖို့နည်းလမ်းပါပဲ။

၁၁) အမြဲတက်ကြွနေပါစေ။
ကိုယ့်ကိုကိုယ်အမြဲလန်းဆန်းတက်ကြွစေမယ့်အချက်တွေကို ဂရုပြုပါ။ ဘယ်အချိန်မှာ ကိုယ်က လေးလံထိုင်းမှိုှုင်းနေတတ်သလဲ။ ဘာတွေလုပ်လိုက်ရင် လန်းဆန်းလာမလဲ။ ဘာလိုလဲဆိုတော့ လေးလံထိုင်းမှိုှု်င်းနေတာများရင် အလုပ်မပြီးနိုင်၊ အလုပ်မှာ မအောင်မြင်နိုင်ဘူးမဟုတ်လား။ လေးလံထိုင်းမှိုင်းလာတာနဲ့ ဘာလုပ်သင့်သလဲကြိုသိတော့၊ ကိုယ့်ကိုကိုယ်အမြဲတက်ကြွမှုရှိအောင် နေတတ်တာပေါ့။ အလုပ်မြန်မြန်ပြီးတာပေါ့။
အထက်ပါအချက်လေးနဲ့ ဆန်းစစ်ကြည့်ပြီး သင့်မှာမရှိတဲ့အချက်လေးတွေကို ပြုပြင်ပြီး ကြိုးစားကြည့်ပါလို့ ။ အလုပ်ခွင်မှာ အောင်မြင်နိုင်ဖို့ ကောင်းသောအချက်လေးတွေ လက်တို့လိုက်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။