သင့်ကိုမနာလိုတဲ့လူတွေရဲ့လက္ခဏာများ

ကိုယ်ဖြစ်ချင်တာလေးတွေဖြစ်လာတဲ့အခါ၊ ကိုယ်လုပ်ချင်တာလေးတွေ လုပ်နိုင်လာတဲ့အခါ၊ ကိုယ့်ရည်မှန်းထားတာတွေဖြစ်လာတဲ့အခါမျိုးမှာ ကိုယ့်အနားကလူတွေရဲ့ခံစားချက်ကိုလည်း တဖြေးဖြေးလေ့လာသိရှိလာနိုင်ပါတယ်။ တချို့က ကိုယ်နဲ့ထပ်တူပျော်ရွှင်တာမျိုး၊ အကောင်းဘက်ကခံစားပေးတာမျိုး၊ ကိုယ့်အတွက် ဂုဏ်ယူပေးတာမျိုးဖြစ်ပေမယ့် တချို့ကတော့ မနာလိုတတ်တဲ့လူတွေကတော့ သင့်အပေါ် ကြင်နာတရားမရှိသလိုဆက်ဆံတာမျိုး၊ သင့်စိတ်ကူးတွေအကောင်အထည်ပေါ်လာတာကို မနှစ်မြို့သလိုမျိုးအပြုအမူမျိုးတွေလည်း ပြတတ်ပါတယ်။ မနာလိုဖြစ်တတ်တဲ့လူတွေရဲ့အပြုအမူတွေက သိသာစွာပြောင်းလဲသွားတတ်ပါတယ်။


၁) သင့်အောင်မြင်မှုတွေကို မချီးမွမ်းချင်ပါဘူး။
တစုံတယောက်က သင့်ကိုမနာလိုဖြစ်နေတဲ့အခါ သင့်ကိုချီးမွမ်းရမယ့်ကိစ္စမျိုးတွေမှာ သင့်ကိုမချီးမွမ်းချင်တာမျိုး ဒါမှမဟုတ် အဆိုးမြင်တဲ့ဘက်က စကားမျိုးပြောတတ်ပါတယ်။ သင့်မှန်းထားတာတွေဖြစ်လာတဲ့အခါမှာ သူတို့ကို သင့်ရဲ့အဆင်ပြေမှုအတွက်ပေးသိလိုက်ပါ။ အဲဒီ့အခါမှာ အထက်ကပြောသလို သင့်ကို ဝမ်းပန်းတသာနဲ့ချီးမွမ်းတာမျိုး၊ ဂုဏ်ပြုတာမျိုးမလုပ်နိုင်တာကို တွေ့ရပါလိမ့်မယ်။

၂) သင့်အောင်မြင်မှုကိုမှေးမှိန်စေပါတယ်။
သင်ကသင်ဖြစ်ချင်တာတွေ၊ သင်လုပ်နိုင်တာတွေရှိလာတဲ့အခါမှာ သင်အနီးပတ်ဝန်းကျင်က လူတွေကို သင်မျှဝေချင်စိတ်ဖြစ်လာတာ ထုံးစံပါပဲ။ ဒါပေမယ့် သင့်အနားမှာ သင့်ကိုမနာလိုနေတဲ့သူရှိတယ်ဆိုရင်တော့ ထိုလူက သင့်ရဲ့အောင်မြင်မှုတွေ၊ သင်လုပ်နိုင်လာတာတွေအတွက် အသိအမှတ်ပြုမှာမဟုတ်ပါဘူး။ သင့်အတွက်က ကြီးမားတဲ့အောင်မြင်မှုလိုခံစားနေရတဲ့ကိစ္စတွေကို ထိုသူမျိုးက ဘာမှမဖြစ်စလောက်ကိစ္စမျိုးတွေဆိုတဲ့ပုံစံမျိုးနဲ့ သင့်အောင်မြင်မှုတွေကို မှေးမှိန်စေပါလိမ့်မယ်။ “ဒါလောက်လေးများ လူတိုင်းလုပ်နိုင်တယ်…” ဆိုတဲ့ပုံစံမျိုးနဲ့သင့်ကိုဆက်ဆံတာသင်ခံရပါလိမ့်မယ်။

၃) မကောင်းတဲ့အတွေးအခေါ်တွေနဲ့ရိုက်ခတ်စေပါတယ်။
သင့်ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်မပြုတဲ့အပြင် သင်ဘယ်လောက်ကြိုးစားခဲ့ကြောင်းပြောမယ့်အစား အခြားတစ်စုံတစ်ယောက်ရဲ့အစွမ်းအစနဲ့ ဖေးမမှု၊ အခြားသူတွေရဲ့လွှမ်းမိုးမှုနဲ့ သင်အောင်မြင်ခဲ့တာဖြစ်ကြောင်း သင့်ကို ထိုးနှက်တတ်ပါတယ်။ ထိုသူမျိုးတွေမှာက အမြဲတမ်းလိုလို မကောင်းတဲ့အတွေးအခေါ်တွေနဲ့သာ ပြည့်နှက်နေတတ်တာမို့ အခြားသူကိုလည်း သူတို့ရဲ့မကောင်းတဲ့အတွေးတွေနဲ့ ပိတ်လှောင်ထားချင်ကြပါတယ်။ သူတို့ကိုယ်တိုင်လည်း မကြိုးစားချင်သလို၊ အခြားသူကိုလည်း မဖြစ်မြောက်စေချင်ကြပါဘူး။

၄) သင့်ကိုတုပပြိုင်ဆိုင်တတ်ပါတယ်။
အဲဒီလို အခြားသူရဲ့အောင်မြင်မှု၊ ဖြစ်မြောက်မှုကို မုဒိတာမပွားနိုင်တဲ့သူတွေက သူတို့ကိုယ်တိုင်တော့ သူတို့လမ်းကြောင်းသူတို့ဖောက်တာမျိုမလုပ်တတ်ကြဘဲ သင်အောင်မြင်တယ်ဆိုရင် သင့်လမ်းကြောင်းအတိုင်းလိုက်ပြီး သင့်ကိုလိုက်ယှဉ်ပြိုင်တတ်ကြပါသေးတယ်။ သင်လုပ်နိုင်သလို သူတို့လည်း လုပ်နိုင်တယ်ဆိုတာကို ပြချင်တဲ့စိတ်ကြောင့်ပါ။

၅) အခြားသူရဲ့ကျရှုံးမှုကို ပြန်လည်တူးဖော်တတ်ကြပါတယ်။
ကိုယ့်ရဲ့ကြိုးစားမှုတွေဖြစ်မြောက်လာတဲ့အခါ မနာလိုဖြစ်တတ်သူတွေက ကိုယ်မဖြစ်မြောက်ခင်က ကျရှုံးမှုတွေကိုလည်း ပြန်လည်တူးဆွပြီး သင်ဘယ်လိုအသုံးမကျကြောင်း လူတကာကိုပြောပြတတ်ကြပါတယ်။ အဓိကကတော့ သင့်ရဲ့ကျရှုံးမှုတွေကို လူသိစေချင်စိတ်များပြီး သင်ဖြစ်မြောက်အောင်မြင်မှုတွေကြောင့်လူတကာ ချီးမွမ်းခံရမှာကို သူတို့မနှစ်မြို့လို့ပါပဲ။

၆) သင့်နောက်ကွယ်မှာသင့်မကောင်းကြောင်းကိုပြောတတ်ကြပါတယ်။
မနာလိုတဲ့သူတွေက သင့်နောက်မှာ သင့်ကိုမကောင်းပြောရမယ့်အကြောင်းအရာကိုပဲ ဦးတည်တတ်ကြပါတယ်။ ရယ်စရာမဟုတ်ဘဲ သင့်ရဲ့လွှဲချော်မှုတွေ၊ သင့်ရဲ့မကောင်းတဲ့အကြောင်းအရာတွေကိုသာ အခြားသူတွေကို မျှဝေတတ်ပါတယ်။ သင့်ကိုအခြားသူတွေ အထင်ကြီးတာမျိုးကို သူတို့မလိုချင်ကြဘဲ သင့်ကို သူတို့ထက်နိမ့်ကျတဲ့လူတစ်ယောက်လို အခြားသူတွေရဲ့အမြင်မှာ မြင်စေချင်တာဖြစ်ပါတယ်။

၇) သူတို့က သင့်ကိုမုန်းတီးနေတတ်ကြပါတယ်။
တခါတလေကျရင် သင်တောင်မသိလိုက်ဘဲ သူတို့က သင့်ကိုမုန်းတီးနေတတ်ကြပါတယ်။ အဲဒီလို သင်မသိဘဲ သင့်ကိုသူတို့မုန်းတီးနေတဲ့အတွက်ကြောင့်သာ သင့်အကျိုးကို သူတို့မလိုလားတာဖြစ်ပါတယ်။ အဲဒီလူတွေက များသေအားဖြင့် သူတို့ကိုယ်သူတို့ချစ်ခင်စိတ်သာများကြပါတယ်။ အတ္တလည်းကြီးတတ်ကြပါတယ်။

သင့်အနီးနားမှာ သင့်အပေါ် ထိုကဲ့သို့အပြုအမူမျိုး၊ စိတ်ထားမျိုးရှိနေတတ်တဲ့လူတွေရှိရင် သင်သတိထားပြီး ရှောင်ရှားသင့်ပါတယ်။ ထိုသူမျိုးတွေက သင့်အပေါ်မှာ ဘယ်လိုနည်းနဲ့မှ အကျိုးလိုလားတဲ့သူတွေမဟုတ်တဲ့အတွက် သင့်ကိုအကျိုးပေးမှာမဟုတ်သလို၊ သင်မသိလိုက်ဘဲ သင့်ကို တနည်းနည်းနဲ့ပျက်စီးအောင်လုပ်မယ့်လူတွေလည်းဖြစ်ပါတယ်။

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။