သင့်စိတ်ကို ပစ္စုပ္ပန်မှာသာ ထားပါ။

ဒီစကားလေးကအများကြီးအဓိပ္ပါယ်ရှိသလို၊ သက်ရောက်မှုလည်းအများကြီးရှိပါတယ်။ လူအတော်များများက ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်ကြည့်ရင်သိနိုင်မှာပါ။ ကိုယ့်ရဲ့စိတ်က ဘာတွေတွေးနေမိသလဲ….အထူးသဖြင့် စိတ်ဆင်းရဲနေမိတဲ့အချိန်မျိုးမှာပေါ့။ ကိုယ့်စိတ်တွေမပျော်ရွှင်ဘူး……စိတ်ဓာတ်ကျနေတယ်…စိတ်ထိခိုက်နေတယ်ဆိုတဲ့အခါမျိုးမှာကိုယ့်စိတ်ကိုသတိလေးထားပြီး ဆန်းစစ်ကြည့်ရင် ကိုယ့်စိတ်တွေက များသောအားဖြင့် ဖြစ်ပျက်ပြီးသမျှတွေကို တွေးနေမိတဲ့အကြောင်းရင်းကြောင့်ပါပဲ။ အတိတ်ကမပြုပြင်နိုင်ခဲ့တာတွေကိုတွေးမယ်၊ စိတ်ဆင်းရဲမယ်၊ ယူကြုံးမရဖြစ်မယ်၊ တနုံနုံပြန်ခံစားမယ်၊ စသဖြင့် ခံစားချက်တွေရဲ့အကြောင်းအရာတော်တော်များများက အတိတ်မှာ ကိုယ့်ကိုယ်ကိုယ်လှောင်ပိတ်ထားမိလို့ပါ။


မနေ့က ညီမလေးတစ်ယောက်ရဲ့ စကားကိုနားထောင်မိပြီး ဒီခေါင်းစဉ်လေးရေးမိသွားတာပါ။ အသိညီမလေးက ပြောပါတယ်။ တကယ်လို့…..သူသာ ဒီထက်ကောင်းတဲ့ဘွဲ့တစ်ခုခုကို ရခဲ့မယ်ဆိုရင် ဒီထက်အများကြီးလုပ်နိုင်စွမ်းအားရှိမယ်၊ ဝင်ငွေ၊ အကျိုးစီးပွား၊ ခံစားခွင့်လည်း ပိုကောင်းနိုင်မယ်ထင်ပါတယ်တဲ့။ အဲဒီလိုတွေးမိပြီး သူစိတ်မပျော်ရွှင်တော့ဘူးတဲ့။ ဒါက အတိတ်ကိုပြန်တွေးမိရာကနေ လက်ရှိအခြေအနေကို မေ့သွားပြီး အတိတ်ရဲ့ဘောင်ထဲမှာ ကိုယ်တိုင်ဝင်မိကာ ခံစားချက်တွေဖြစ်လာတာပါပဲ။ တနည်းအားဖြင့်တော့ စိတ်ဆင်းရဲသွားမိတာပေါ့။ အတိတ်ကအကြောင်းကိုတွေးတယ်၊ အဲဒီ့မှာဘာဖြစ်သွားသလဲ…ဆိုရင် အကျိုးဆက်က
၁) ယူကြုံးမရဖြစ်မယ်၊
၂) စိတ်ဆင်းရဲသွားမယ်၊
၃) လက်ရှိအချိန်ကို ကိုယ်မသိလိုက်ဘဲ ကုန်ဆုံးသွားမယ်၊
၄) စိတ်ဆင်းရဲမှုကြောင့် မှိုင်းမိသလိုဖြစ်သွားပြီးလက်ရှိအချိန်မှာ ကိုယ်လုပ်နိုင်တာကို မတွေးနိုင်တော့ပါဘူး။ အဲဒီ့အခါဘာထပ်ဖြစ်သလဲဆိုတော့ အဆွေးသံသရာလည်နေပြီး ကိုယ့်ရဲ့အားသာချက်၊ ကိုယ်ကံကောင်းနေတဲ့အချက်တွေကို မမြင်နိုင်တော့ပါဘူး။

တနည်းအားဖြင့် အဆိုးတွေချည်းမြင်တော့တာပါပဲ။ ဒါဆိုရင် ကျွန်တော်တို့ အဲဒီ့ညီမလေးတွေးတဲ့အတွေးထဲကနေ တဖက်လှည့်ပြီးတွေးကြည့်မယ်ဆိုရင်ရော……ဥပမာ။ ဒီလိုတွေးမယ်။ “ခုလက်ရှိဘွဲ့ဟာ သာမန်ဘွဲ့ဖြစ်ပေမယ့် အချိန်မြန်မြန်ဘွဲ့ရမယ်၊ မြန်မြန်ဆန်ဆန် အခြားအထောက်အကူပြုသင်တန်းတွေတက်နိုင်မယ်၊ မြန်မြန်ဆန်ဆန် အလုပ်ရှာပြီး အလုပ်အတွေ့အကြုံယူနိုင်မယ်၊ ဝင်ငွေစောစောရမယ်(နည်းတာများတာမဆိုလို) ဥပမာအားဖြင့် မြန်မာပြည်ရဲ့အခြေအနေအရ ကွန်ပျူတာတက္ကသိုလ်တက်နေတဲ့ကျောင်းသားတစ်ယောက်ရတဲ့ဘွဲ့ဟာ သာမန် B.A / B.Sc ဘွဲ့ထက် ကျောင်းကိုအချိန်ကြာကြာတက်နေတဲ့အချိန်မှာ အဝေးသင်တက်နေတဲ့ကျောင်းသားတစ်ယောက်ဟာ သူတို့ထက်ဘွဲ့စောစောရမယ်၊ လုပ်ငန်းခွင်စောစောဝင်နိုင်မယ်၊ ဝင်ငွေစောစောရမယ်၊ အတွေ့အကြုံရပြီးဖြစ်နေမယ်၊ အဲဒီလိုအခြေအနေမျိုးမှာ ကိုယ်က အချိန်တွေအများကြီးစောရတဲ့အတွက် ထိုအချိန်တွေအတွင်းမှာ ကိုယ်ကြိုးစားရင်ကြိုးစားသလို နေရာတစ်ခုကို ရနိုင်နေပြီလို့ တဖက်လှည့်ပြီး အကောင်းဘက်ကတွေးနိုင်ပါတယ်။ ဒါက ဘယ်ဘွဲ့ကကောင်းတယ်၊ ဘယ်ဘွဲ့ကမကောင်းဘူးလို့ ဆိုလိုချင်တာမဟုတ်ပါဘူးနော်။ ကိုယ့်ရဲ့အတွေးကို အဆိုးဘက်ချည်းမတွေးဘဲ အတိတ်မှာချည်းမနေထိုင်ဘဲ အကောင်းဘက်ကလှည့်တွေးနိုင်တယ်ဆိုတာလေး ဥပမာပြောပြချင်တာဖြစ်ပါတယ်။

အခုပြဿနာမှာ အတိတ်ကမဖြစ်ခဲ့တာတွေတွေးပြီး ပြန်ခံစားနေတဲ့အခါ အခုလက်ရှိ ကိုယ့်ရဲ့ကောင်းကွက်တွေရှိတာကိုမမြင်တော့ပါဘူး။ အတိတ်ကိုပြန်သွားပြီး ဆယ်တန်းပြန်ဖြေမယ်၊ အမှတ်ကောင်းအောင်လုပ်မယ်၊ တက္ကသိုလ်ကောင်းကောင်းပြန်တက်မယ်လို့မှ ကျွန်တော်တို့မလုပ်နိုင်တော့တာ။ မလုပ်နိုင်တော့တာကြီးကို ထိုင်တွေးနေလို့ စိတ်ညစ်ရုံနဲ့ အချိန်ကုန်ရုံပဲရှိပါတယ်။ အဲဒီ့တော့ ကိုယ်ရထားတာနဲ့ ကိုယ်ဘာလုပ်နိုင်သလဲဆိုတာကိုပဲတွေးရပါလိမ့်မယ်။ တနည်းအားဖြင့် ကိုယ့်စိတ်ကို လက်ရှိပစ္စုပ္ပန်မှာထားခိုင်းလိုက်တာပါပဲ။ ခုလက်ရှိ ကိုယ်ကဘယ်နေရာမှာ ဘာလုပ်နေသလဲ၊ အဲဒီ့နေရာမှာ ကိုယ်အကောင်းဆုံးဖြစ်အောင်ကြိုးစားရင် ဘာဆက်ဖြစ်လာနိုင်သလဲဆိုတာကိုသာ တွေးပါ။ အဲဒါဆို သင်စိတ်ချမ်းသာသွားသလို အခွင့်အရေးတွေအများကြီးရှိပါလား……ရယ်လို့ မြင်လာပါလိမ့်မယ်။ ဥပမာ။ လက်ရှိသင်က သာမန်ရုံးဝန်ထမ်းတစ်ယောက်ဆိုပါတော့……ဟုတ်ပြီ…ကိုယ်မရနိုင်ခဲ့တဲ့ဘွဲ့တွေ၊ အခွင့်အရေးတွေကို မတွေးတော့ဘဲ ခုလက်ရှိ ကိုယ်ရောက်နေတဲ့နေရာကနေ နောက်ထပ်ရာထူးတစ်ခုတိုးအောင်ဘယ်လိုအရည်အချင်းတွေလိုသလဲတွေးကြည့်ပါ။ အဲဒီ့အရည်အချင်းတွေရလာအောင် ဘာဆက်လုပ်သင့်သလဲ။ ဘာသင်တန်းတွေတက်သင့်သလဲ။ သင်တန်းကြေးတွေကများတယ်ဆိုရင် ပရဟိတသင်တန်းတွေမှာ သင်တက်ချင်တဲ့သင်တန်းမျိုးဘယ်မှာရှိမလဲစုံစမ်းပေါ့။ အဓိကက သင်လိုချင်တဲ့အရည်အချင်းရအောင် သင်နိုင်ဖို့ပဲလေ။ ထိထိရောက်ရောက်ကြိုးစားမယ်ဆိုရင် ဒေါ်လာနဲ့ပေးရတဲ့သင်တန်းဖြစ်ပါစေ၊ ဘုန်းကြီးကျောင်းကသင်ပေးတဲ့သင်တန်းဖြစ်ပါစေ၊ ကိုယ့်အတွက်အကျိုးရှိတာချည်းပါပဲ။ ဒေါ်လာတွေပေးပြီး သင်တန်းကောင်းကောင်းတက်လည်း သင်ထိရောက်စွာမကြိုးစားရင် အလကားဖြစ်မှာပါပဲ။ အဲဒီ့အရည်အချင်းရလာရင် ကိုယ်ဘယ်လိုရာထူးတက်နိုင်မလဲဆက်စဉ်းစားပါ။ အခုလက်ရှိ ဥပမာထားတွေးပေးကြည့်တာနဲ့တင် အခွင့်အလမ်းတွေအများကြီးကိုတွေးမိနေပြီမဟုတ်လား။ အဲဒီအခါမှာ သင်မရနိုင်တဲ့အဆိုးတွေကိုမတွေးမိတော့ဘဲ ဘာဆက်လုပ်သင့်လဲဆိုတာကိုသာတွေးမိတဲ့အတွက် သင့်မှာအခွင့်အရေးတွေအများကြီးရှိတာကို သင်မြင်လာနိုင်ပါတယ်။ အဲဒါကြောင့် "Be thankful for what you have; you'll end up having more. If you concentrate on what you don't have, you will never, ever have enough." --Oprah Winfrey ပြောထားသလိုပေါ့။ သင့်မှာရှိထားတာလေးတွေကို ကျေးဇူးတင်ပါ။ အဆုံးသတ်တဲ့အခါ သင့်မှာပိုပြီးရှိလာလိမ့်မယ်။ သင့်မှာမရှိတာတွေကိုသာ အာရုံစိုက်လိုက်ရင် သင်ဘယ်တော့မှပြည့်စုံတော့မှာမဟုတ်ဘူးတဲ့။ အဲဒါအခုလိုကိစ္စမျိုးအတွက်အရမ်းမှန်ပါတယ်။ ကိုယ်မပြုပြင်မပြောင်းလဲနိုင်တော့တဲ့အတိတ်က ကိစ္စကို ထိုင်တွေး၊စိတ်ဆင်းရဲနေရင် အချိန်တွေကုန်သွားပြီး သင်လည်းဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
"Once you replace negative thoughts with positive ones, you'll start having positive results." --Willie Nelson ရဲ့စကားလိုပဲ မကောင်းတဲ့အတွေးတွေကို ကောင်းတာနဲ့အစားထိုးပါ။ ကောင်းရဲ့ရလဒ်တွေသာပြန်ရလာမှာပေါ့လို့ ။ ကိုယ့်ရဲ့အတိတ်ကိုတွေးတတ်တဲ့စိတ်ကို သတိလေးကပ်ပြီး ပစ္စုပ္ပန်မှာ ထားဖို့ အာရုံစိုက်လိုက်ပါနော်။

အဲဒါကြောင့် သင့်စိတ်ကို ခုလက်ရှိပစ္စုပ္ပန်မှာထားပါ။ ကိုယ်ရှိတာနဲ့ဘာလုပ်နိုင်မလဲတွေးကြည့်ပါ။ သင်လိုချင်တာတွေရအောင် ကြိုးစားဖို့ အခွင့်အလမ်းတွေအများကြီးကို မြင်လာပါလိမ့်မယ်လို့တိုက်တွန်းလိုက်ရပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။