သင့်ကိုမချစ်ချင်တဲ့သူအတွက် စိတ်အပင်ပန်းခံမနေပါနဲ့တော့။ အဲဒီ့အစား သင့်ကိုသင်သာပိုချစ်လိုက်ပါ။

အချစ်ဆိုတာ လူပေါ်မူတည်ပြီး အမျိုးမျိုးအဓိပ္ပါယ်ဖွင့်ကြမယ်ထင်ပါတယ်။ ကိုယ်ကအချစ်ခံ၊ ဂရုစိုက်ခံနေရတာကိုမှ ကြိုက်တဲ့လူအတွက်ကတော့ အချစ်ဆိုတာ အချစ်ခံရဖို့လို့ အဓိပ္ပါယ်သတ်မှတ်နိုင်သလို၊ ကိုယ်က အရိပ်တကြည့်ကြည့် ငေးကြည့်နေရတာကြိုက်တဲ့လူအတွက် အချစ်ဆိုတာ ငေးကြည့်ရင်း ပျော်ရွှင်မှုလို့ အဓိပ္ပါယ်ဖွင့်ချင်လည်းဖွင့်နိုင်တာပါပဲ။ ဒါပေမယ့် သေချာတာတစ်ခုကတော့ လုပ်ယူလို့မရပါဘူးဆိုတာပါပဲ။ ကိုယ်လုံးဝချစ်လို့မရတဲ့လူမျိုးကို မျက်စိစုံမှိတ်ချစ်ကြည့်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အရာပါပဲ။ လူအတော်များများဟာ အချစ်ကြောင့် ပျော်ရွှင်ဖူးမယ်၊ အချစ်ကြောင့်ကြေကွဲဖူးမယ်၊ အချစ်ကြောင့် နာကျင်ဖူးကြမှာပါ။ အဲဒီ့ထဲမှာမှ အဆိုးဝါးဆိုးကတော့ ကိုယ့်ကိုလုံးဝပြန်မချစ်နိုင်တဲ့သူကိုမှ ချစ်မိနေခြင်းပါပဲ။ အဲဒီ့အချစ်ဟာ မျှော်လင့်ခြင်း၊ စောင့်မျှော်ခြင်းတွေနဲ့ အသားကျပြီး ဘယ်တော့ရလာမယ်မှန်းမသိတဲ့အရာကို စောင့်မျှော်နေတာမို့ အချိန်ကုန်၊ လူစိတ်ပင်ပန်းရတာများပါတယ်။


အဲဒီ့အခါ ကိုယ့်ရဲ့ စားသောက်နေထိုင်၊ လှုပ်ရှားသွားလာမှု စိတ်အားလုံးဟာ အဲဒီ့လူအပေါ်မှာသာ မှီတွယ်နေပြီး ကိုယ့်စိတ်ဟာလေလွှင့်နေပါတော့တယ်။ အဲဒီစိတ်ကို မထိန်းချုပ်နိုင်ခဲ့ရင် အချိန်တွေကုန်မှန်းမသိကုန်ဆုံးပြီး လက်ရှိလုပ်သင့်လုပ်ထိုက်တာတွေအားလုံးကိုလုပ်ဖို့ မေ့လျော့နေတတ်ပါတယ်။
တခါတရံ ဘဝမှာ ချစ်ရဲဖို့လိုသလို၊ လွှတ်ချရဲဖို့လည်း လိုပါတယ်။ ချစ်တတ်ဖို့လိုသလို၊ နေတတ်ဖို့လည်းလိုပါတယ်။ အဲဒါမှသာ ဘဝခပ်တိုတိုမှာ ပျော်စရာအချိန်များမှာပေါ့။ မဟုတ်ရင်တော့ နာကျင်စရာတွေချည်းစိတ်ထဲခံစားရလွန်းလို့ ဘဝရဲ့နေ့ရက်တော်တော်များများဟာ ဝမ်းနည်းစရာချည်းဖြစ်နေပါလိမ့်မယ်။

ကိုယ်က ချစ်မိသွားတဲ့လူတစ်ယော်က ကိုယ့်ကိုမချစ်နိုင်ဘူးဆိုတာ သေချာပြီဆိုတဲ့နောက်တော့ ကိုယ့်အတွက်မဟုတ်လို့ပါပဲ။ အတင်းလုပ်ယူဖန်တီးခြင်းဟာ ပျက်စီးလွယ်စေပါတယ်။ ကိုယ့်ရဲ့ပညာ၊ ငွေ၊ ဂုဏ်ပုဒ်တွေကြောင့် ကိုယ့်ကိုပြန်ပြီးချစ်ခင်လာခြင်းဟာ အဲဒီ့အရာတွေတစ်ခုမှမရှိတော့တဲ့အချိန်မျိုးမှာ ပျက်စီးသွားနိုင်ချေအရမ်းများသလို၊ ကိုယ့်ထက် အစစ အရာရာသာလွန်တဲ့လူတစ်ယောက်ကိုတေါ့လာခဲ့ရင်လည်း ပြောင်းလဲသွားနိုင်ပါတယ်။ အချစ်ဆိုတာက ကိုယ့်ရဲ့အရှိကိုအရှိအတိုင်းဖြစ်တည်မှုကိုသာ လက်ခံနိုင်ခြင်းတစ်မျိုးပါပဲ။ အဲဒါမှသာ ချောမောလှပတဲ့ရုပ်ရည်မရှိတဲ့အခါထိလည်း ကိုယ့်ကိုဆက်ချစ်နိုင်မယ်၊ ကိုယ့်ရဲ့ကြွယ်ဝချမ်းသာတဲ့ ငွေကြေးတွေ မရှိတော့တဲ့အခါမှာလည်း ကိုယ့်ကိုဆက်ပြီးလက်တွဲနိုင်မယ်၊ ကိုယ့်ရဲ့ဂုဏ်ပုဒ်တွေမရှိတော့တဲ့အခါမှာလည်း ဆက်ပြီး မငြိုမငြင်ဘေးမှာအတူရှိနေနိုင်မှာပါ။
အဲဒါမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုပေါ်မူတည်ပြီး ကိုယ့်ကိုချစ်ခင်အောင် ကြိုးစားတယ်ဆိုတာက လုပ်ယူဖန်တီးခြင်းပါပဲ။ လုပ်ယူဖန်တီးခြင်းဆိုကတည်းက ပျက်စီးနိုင်တယ်ဆိုတဲ့သဘောပါပဲ။ အဲဒါကြောင့် ကိုယ့်အတွက်မှမဟုတ်ဘဲ ကိုယ့်ကိုမှ မချစ်နိုင်တဲ့လူတစ်ယောက်ကို ကိုယ့်ကိုပြန်ချစ်လာအောင် လုပ်ယူတယ်ဆိုတဲ့အခါ ရေရှည်တည်မြဲနိုင်ပါ့မလားဆိုတာ စဥ်းစားစရာဖြစ်လာပါပြီ။
အဲဒီ့ထက်ဆိုးတာက အဲဒီလို လုပ်ယူဖန်တီးတာတောင်မှ ကိုယ့်ကိုပြန်မချစ်ဘူးဆိုတဲ့လူတစ်ယောက်၊ (ကိုယ့်ကိုလုံးဝမချစ်တော့ဘူးဆိုပြီး ကျောခိုင်းသွားတဲ့လူတစ်ယောက်) အဲဒီလိုလူတစ်ယောက်ကို ထိုင်စောင့်ပြီး မျှော်လင့်နေခြင်းပါပဲ။ အဲဒီ့အတွက် ကိုယ့်ကိုယ်ကိုယ်ညှင်းဆဲရာကျပါတယ်။ အဲဒီ့အစား ကိုယ့်ကိုယ်ကိုယ် ပိုချစ်လိုက်ပါ။ ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ပါ။ ကိုယ့်စိတ်ပျော်ရွှင်ခြင်းကို အလေးပေးပါ။ ကိုယ့်စိတ်ထဲ အမှိုက်လို ဝင်လာတဲ့အတွေးဆိုးတွေကို စွန့်ပစ်လိုက်ပါ။

ကိုယ်ကျန်းမာစိတ်ချမ်းသာတဲ့အခါ ဘဝက ဘယ်သူမှမချစ်လည်း အထူးကြေကွဲနေစရာမလိုဘဲ ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ်လုပ်ချင်တာတွေလုပ်ခွင့်ရနေတဲ့အတွက် ပိုပျော်ဖို့ကောင်းလာစေပါတယ်။
အဲဒါကြောင့် လုပ်ယူဖန်တီးလို့မရတဲ့အချစ်အတွက် စိတ်အပင်ပန်းမခံပါနဲ့။ ဘယ်သူမှမချစ်တဲ့ကိုယ့်ကိုယ်ကိုယ်အတွက် ကိုယ့်ကိုယ်ကိုယ်သာပိုချစ်ပေးလိုက်တာက အကောင်းဆုံးဘဝဖြစ်စေမှာပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။