အခြားသူများကြောင့် စိတ်မရှုပ်ရစေဖို့ ၂၀၂၀ကို ယူဆောင်မလာသင့်တဲ့အကျင့်များ

ဘဝမှာ အခြားသူတွေရဲ့ကိစ္စတွေ၊ ပြဿနာတွေ၊ အခက်အခဲတွေကြားထဲမှာ ကြားညှပ်ဖူးကြမှာပါ။ တခါတလေ ကိုယ့်ကြောင့်မဟုတ်ဘဲ အခြားသူကြောင့်ဖြစ်တတ်တဲ့ပြဿနာတွေကို စေတနာနဲ့တော့ ကူညီပေးလိုက်တာပါပဲ၊ ဒါပေမယ့် စေတနာက ဝေဒနာဖြစ်သွားတာမျိုလည်း ကြုံရတတ်ပါတယ်။ အဲဒီ့အခါ ကိုယ့်ရဲ့စေတနာကိုတန်ဖိုးမထားသူမျိုး၊ စေတနာထားမှန်းသိလို့ ခုတုံးလုပ်သွားတာမျိုး၊ ကိုယ့်ကိုအသုံးချသွားတာမျိုးခံရတတ်ပါတယ်။ နှစ်ဟောင်းမှာ ထိုပြဿနာမျိုးတွေကြုံခဲ့မယ်ဆိုရင်နှစ်သစ်မှတော့ မယူဆောင်လာသင့်တော့ပါဘူး။ ကိုယ့်အတွက်အကျိုးမရှိနိုင်တဲ့ပြဿနာအဟောင်းတွေ၊ ကိုယ့်ကိုဒုက္ခပေးမယ့်သူတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်သင့်ပါတယ်။ အဲဒါက ကိုယ့်ကိုယ်ကိုယ်လေးစားခြင်းဖြစ်ပြီး၊ ကိုယ့်ကိုယ်ကိုယ်ချစ်ခင်ခြင်းပါပဲ။ အဲဒီ့အတွက် အခြားသူများကြောင့် စိတ်မရှုပ်ရစေဖို့ ၂၀၂၀ကို ယူဆောင်မလာသင့်တဲ့အကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) အားနာခြင်း
နှစ်ဟောင်းမှာတုန်းက အားနာမှုနဲ့ကူညီပေးလိုက်တာတွေရှိခဲ့မယ်ဆိုရင် ထိုအားနာမှုကနေ ဘာတွေဖြစ်လာသလဲ သင်ခန်းစာယူလိုက်ပါ။ အလွန်အမင်းအားနာမှုက တဖက်လူအကျိုးရှိသွားပေမယ့် သင့်ကိုတော့ ထိခိုက်စေပါတယ်။ သင့်အချိန်ကုန်သွားတာ၊ သင့်ဝင်ငွေထိခိုက်သွားတာ၊ သင့်အလုပ်ပျက်သွားတာ နောက်ဆုံး သင့်ကိုယ်သင်အားမရတာမျိုး၊ သင့်ကိုသင် အားနာရကောင်းလားလို့ပြန်တွေးပြီးဒေါသဖြစ်နေတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် အားနာမှုကြောင့်ရလာတဲ့သင်ခန်းစာတွေကို မမေ့ပစ်လိုက်ပါနဲ့။ နှစ်သစ်မှာတော့ အားမနာသင့်တဲ့ကိစ္စမျိုး၊ အထူးသဖြင့် ကိုယ့်ကိုထိခိုက်စေမယ့်ကိစ္စမျိုးတွေကို လုံးဝအားမနာဖို့ တိုက်တွန်းလိုက်ပါတယ်။

၂) ယုံလွယ်ခြင်း
ယုံလွယ်တတ်သူဟာ အမြဲနစ်နာသူဖြစ်နေတတ်ပါတယ်။ ယုံလွယ်မှသာ လိမ်လို့ညာလို့လွယ်တာမဟုတ်ပါလား။ အဲဒါကြောင့် နှစ်သစ်မှာ ယုံလွယ်တဲ့အကျင့်ကို ဖျောက်ပစ်လိုက်ပါ။ တစ်ခါနှစ်ခါအလိမ်ခံရခြင်းကို သင်ခန်းစာယူပါ၊ ကိုယ့်ရဲ့ယုံကြည်မှုကို အလွဲသုံးစားလုပ်သူများကို ရှောင်ပါ။ ပြတ်သားစွာ ဆက်ဆံပါ။

၃) No ဟုမပြောနိုင်ခြင်း
တခါတလေ ကိုယ်မငြင်းနိုင်လိုက်နိုင်တဲ့ကိစ္စတွေကပဲ ကိုယ့်ကို ထိခိုက်စေတတ်ပါတယ်။ ဖြစ်ပြီးမှ နောင်တရ၊ သင်ခန်းစာယူရပါတယ်။ အဲဒါကြောင့် ကိုယ့်ကို ထိခိုက်နစ်နာစေနိုင်တဲ့ကိစ္စမျိုး၊ ဒါမှမဟုတ် ကိုယ်လုံးဝစိတ်မဝင်စားတဲ့ကိစ္စမျိုးကို No လို့ ငြင်းဖို့မတွန့်ုဆုတ်ပါနဲ့၊ ပြတ်သားစွာ ငြင်းဆန်ပါ။ ဘယ်သူ့ကိုမှ မငဲ့ပါနဲ့။ အဲဒါက တစ်ကိုယ်ကောင်းဆန်ခြင်းမဟုတ်ဘဲ သင့်ကိုသင်လေးစားခြင်းသာဖြစ်ပါတယ်။ လူတိုင်းဟာ ကိုယ်ရှင်သန်နေတဲ့ဘဝကို ကျေနပ်ဖို့လိုပါတယ်။ အဲဒါမှသာ လူသားအဖြစ်ရှင်သန်ရကျိုးနပ်နိုင်မှာပါ။

၄) အခြားသူများ ကျေနပ်အောင်ကြိုးစားနေခြင်း
အားနာခြင်းနဲ့ No လို့မငြင်းနိုင်ခြင်းနဲ့ အလားတူပါပဲ။ အမြဲတမ်း ကိုယ့်အလိုဆန္ဒ ကိုယ်ဖြစ်ချင်စိတ်ကို နောက်ပို့ထားပြီး အခြားသူဆန္ဒကို ဦးစားပေးနေရခြင်းက ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးစေပါတယ်။ တခါတလေ ကိုယ်ဖြစ်ချင်တာလေးလုပ်မယ်၊ ကိုယ်စားချင်တာလေးတွေစားမယ်၊ ကိုယ့်ပျော်ရွှင်မှု၊ ကိုယ့်စိတ်ချမ်းသာမှုကို ဦးစားပေးဖို့လည်း လိုအပ်ပါသေးတယ်။ အမြဲတမ်းလိုလို အခြားသူတွေကျေနပ်ဖို့သာ လိုက်လုပ်ပေးနေရတဲ့အခါမှာ ကိုယ့်ဘဝရဲ့အဓိပ္ပါယ်ကို ပျောက်ဆုံးလာသလိုခံစားရသလို၊ ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်လာစေပါတယ်။ သင့်ဆန္ဒကိုဦးစားမပေးဘဲ သူတို့ဆန္ဒကိုသာချည်း ရှေ့တန်းတင်တတ်တဲ့လူမျိုးတွေနဲ့ ပတ်သက်ပါများလာတဲ့အခါ သင့်ဘဝနေပျော်တော့မှာမဟုတ်ပါဘူး။ အဲဒါကြောင့် အခြားသူတွေကျေနပ်ခြင်း ၊ မကျေနပ်ခြင်းကို သင့်ဘဝကြီးတစ်ခုလို ခံစားမနေပါနဲ့။

၅) ကိုယ့်အကျိုးနစ်နာသည်ထိကူညီပေးလိုက်ခြင်း
ကူညီပေးတတ်တဲ့အကျင့်က ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ကူညီပေးလိုက်တဲ့လူက ကူညီသင့်တဲ့လူလား၊ မကူညီသင့်တဲ့လူလားဆိုတာတော့ ခွဲခြားနားလည်ဖို့လိုပါသေးတယ်။ အဲဒါအပြင် ကူညီပေးလိုက်ပြီး ကိုယ့်ကိုပါ အကြီးအကျယ်ဒုက္ခပေးမယ့်လူမျိုးလားဆိုတာ သတိချပ်သင့်ပါတယ်။ တချို့က ကူညီတတ်ခြင်းကို အသုံးချပြီး ခုတုံးလုပ်တတ်ပါတယ်။ ထိုလူမျိုးကတော့ လုံးဝကို မကူညီသင့်တဲ့လူမျိုးပါ။ ကူညီတတ်ခြင်းကို အသုံးချ၊ ခုတုံးလုပ်ပြီး သင့်ကိုပါ ဒုက္ခပေးသွားတတ်တဲ့လူမျိုးကို ကူညီပေးလိုက်ခြင်းဟာ အဆိပ်ပင်ရေလောင်းသလိုဖြစ်စေနိုင်ပါတယ်။

၆) မပြတ်သားခြင်း
မပြတ်သားတဲ့အကျင့်ကလည်း သင့်ဘဝကို အများကြီးနစ်နာစေသလို၊ ပြတ်သားစွာ မေ့ပစ်သင့်တဲ့လူ၊ ပြတ်သားစွာ ဆက်ဆံရေးဖြတ်တောက်သင့်တဲ့လူမျိုးတွေကို မပြတ်သားနိုင်ခြင်းက သူတို့ကြောင့် သင့်ကိုစိတ်ရှုပ်စေအုံးမှာပါ။ သူတို့ကြောင့် နှစ်သစ်မှာ ထပ်ပြီး စိတ်ရှုပ်မခံရစေဖို့ ပြတ်သားသင့်ပြီး ကိုယ့်ဘဝထဲက ထုတ်ပစ်သင့်တဲ့လူကို ပြတ်သားစွာ မေ့ပစ်ပါ။ ပြတ်သားစွာ ရှောင်ရှားပါ။
အထက်ကဖော်ပြထားတဲ့အချက်တွေကို သတိထားရှောင်ကျဉ်နိုင်မယ်ဆိုရင်တော့ နှစ်သစ်မှာ အခြားသူတွေရဲ့ပယောဂကြောင့် စိတ်ညစ်ရခြင်း၊ စိတ်ရှုပ်ရခြင်းကင်းဝေးမှာ အသေချာပါပဲလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။