စင်ကြယ်အောင် မဆေးကြောနိုင်သော စိတ်ရဲ့အညစ်အကြေးများ

သာမန်အားဖြင့် မဆေးကြောနိုင်တဲ့အညစ်အကြေးတွေဟာ သင့်ရဲ့စိတ်ထဲမှာသာရှိနေတာဖြစ်ပါတယ်။ သင့်စိတ်ကို သင်ကိုယ်တိုင် နားလည်မှသာ သင့်စိတ်ထဲဖြစ်ပေါ်နေသမျှကို သင်ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။ စိတ်ရှင်းနေတဲ့အခါ သင့်ရဲ့လုပ်ဆောင်ချက်တွေမှန်ကန်မယ်၊ ဆုံးဖြတ်ချက်တွေမှန်ကန်လာပါလိမ့်မယ်။ အဲဒါကြောင့် သင့်စိတ်ထဲမှာ အမြဲတမ်းထည့်ထားပြီး သင့်စိတ်ကို စွန်းထင်းစေတဲ့ စိတ်ရဲ့အညစ်အကြေးတွေကို သိနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။


၁) မနာလိုတဲ့စိတ်
ဒီစိတ်မျိုး သင့်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့အခါ အကုသိုလ်တစ်နေ့ထက်တစ်နေ့တိုးလာနေပါတယ်။ လူတစ်ယောက်ယောက်ရဲ့ အောင်မြင်မှု၊ ဒါမှမဟုတ် သင့်ထက်မသာနိုင်ဘူးလို့ သတ်မှတ်ထားတဲ့လူတစ်ယောက်ရဲ့ အဆင်ပြေအောင်မြင်မှုတွေကို သင်မနှစ်မြို့တဲ့အခါ သင့်စိတ်ထဲမှာ အရင်ဆုံး မပျော်ရွှင်မှုက စတင်လာပါတယ်။ သူပျော်နေပေမယ့် သင်ကမပျော်နိုင်ပါဘူး။ အဲဒါက သင့်စိတ်ကို စွန်းထင်းစေတာပါပဲ။ မပျော်ရွှင်ရာကနေ ထိုလူကိုပါ သင်မပျော်အောင်၊ မအောင်မြင်အောင်၊ အဆင်မပြေအောင်လုပ်ချင်စိတ်က တစ်နေ့တခြားတိုးလာပါလိမ့်မယ်။ အခြားလူတစ်ယောက်ကို အဆင်မပြေစေချင်တဲ့စိတ်က ထိုလူကို မထိခိုက်ခင် သင့်စိတ်ထဲအရင်ဆုံး စွန်းထင်းပြီး စိတ်အလိုမကျမှု၊ မပျော်ရွှင်မှု၊ ဒေါသမာန်မာန စတာတွေဖြစ်လာနိုင်တာမို့ ထိုစိတ်မျိုးသင့်စိတ်ထဲ စတင်ခံစားမိနေတယ်လို့ သုံးသပ်မိရင် အမြန်ဆုံး ဖျောက်နိုင်အောင်ကြိုးစားဖို့လိုပါတယ်။

၂) မုန်းတီးတဲ့စိတ်
အထက်ကစိတ်နဲ့ အလားတူပါပဲ။ ဒါပေမယ့် ဒီစိတ်ကတော့ ထိုလူကို မြင်လိုက်တာနဲ့ကို ဒေါသထွက်လာတာ၊ အတိတ်က ခံစားချက်ကိုပြန်သတိရတာကြောင့် သင့်စိတ်ထဲ ပြန်ပြီး နာကျင်မယ်၊ ဒေါသထွက်လာမယ်၊ ထိုလူကိုပါ နာကျင်စေတဲ့စိတ်တစ်ပြိုင်တည်းဖြစ်လာစေပါလိမ့်မယ်။ အဲဒါကြောင့် သင့်နှလုံးသားအနာခံပြီး လူတစ်ယောက်ကို နာကျင်အောင်လုပ်ချင်စိတ်ဖြစ်လာတာကို မုန်းတီးတဲ့စိတ်လို့ခေါ်ပါတယ်။ အဲဒီ့စိတ်ကို မသန့်ရှင်းမိရင်တော့ သင့်ပဲတဖြည်းဖြည်း ရောဂါတိုးလာမှာဖြစ်ပါတယ်နော်။

၃) ခွင့်မလွှတ်နိုင်တဲ့စိတ်
ဘဝမှာ လူတိုင်းအမှားနဲ့မကင်းနိုင်ပါဘူး။ အဲဒါကြောင့် ကျွန်တော်တို့အားလုံးဟာ တစ်စုံတစ်ယောက်ရဲ့ပုံပြင်ထဲမှာတော့ လူကြမ်းဖြစ်ဖူးကြတာချည်းပါပဲလို့ ဆိုတာပေါ့။ ကျွန်တော်တို့အပေါ် မရည်ရွယ်ဘဲ အမှားလုပ်မိတဲ့သူရှိမယ်၊ ရည်ရွယ်ပြီး အမှားလုပ်မိတဲ့လူရှိမယ်၊ အလားတူပါပဲ ကျွန်တော်တို့ကိုယ်တိုင်လည်း အခြားသူအပေါ် မရည်ရွယ်ဘဲ အမှားလုပ်မိတာရှိမယ်၊ ရည်ရွယ်ပြီးလုပ်မိတာ ရှိပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှားသွားခဲ့ဖူးရင် တဖက်လူကို တောင်းပန်လိုက်၊ ရည်ရွယ်ပြီး အမှားလုပ်ချင်တဲ့စိတ်ကို အတတ်နိုင်ဆုံးဖျောက်ဖျက်နိုင်အောင်ကြိုးစားဖို့လိုပါတယ်။ ကိုယ့်အပေါ်ပြုမူခဲ့ဖူးတဲ့သူကိုလည်း ကိုယ့်စိတ်ထဲအမြဲထည့်ပြီး ခွင့်မလွှတ်ဘူးဆိုတဲ့စိတ်က သင့်ကိုသင်ချည်နှောင်ထားတာပါပဲ။ အဲဒီ့ိစိတ်ကြောင့်ပဲ သင်ပူလောင်နေမှာဖြစ်သလို ခွင့်မလွှတ်နိုင်တဲ့စိတ်နဲ့ထပ်တူ အမုန်းတရားပါပါနေမှာပါ။ အဲဒါကြောင့် ပူလောင်စေတဲ့စိတ်ကို ပေါ့ပါးစွာလွှတ်ချနိုင်အောင် အားလုံးကို ခွင့်လွှတ်ပေးလိုက်ပါ။ အခါခါ ခွင့်လွှတ်လို့ အခါခါ ခွင့်မလွှတ်နိုင်တဲ့အမှားတွေ ကျူးလွန်တတ်သူကိုတော့ ခွင့်မလွှတ်နိုင်ရင် စွန့်လွှတ်လိုက်ပါ။ အဲဒါက သင့်စိတ်ပေါ့ပါးခြင်းအတွက် စိတ်အညစ်ကြေးကို သန့်ရှင်းနည်းပါပဲ။

၄) မုဒိတာမပွားတတ်တဲ့စိတ်
ဒါကလည်း မနာလိုတဲ့စိတ်နဲ့အလားတူပါတယ်။ ဒါပေမယ့် မုဒိတာမပွားတတ်တဲ့စိတ်ကတော့ အမြဲတမ်းကိုယ့်ထက်နိမ့်ကျနေတယ်လို့ သတ်မှတ်ထားတဲ့သူတွေကိုတော့ သနားစိတ်ဖြစ်ပေါ်တတ်ပြီး ကိုယ့်ထက်သာတဲ့အခြေအနေမျိုးဖြစ်လာတဲ့အခါမှာတော့ ထပ်တူမပျော်ရွှင်တတ်တော့တဲ့စိတ်ပါပဲ။ အဲဒါကလည်း အထက်က စိတ်တွေလိုမျိုးပါပဲ။ သင့်စိတ်သန့်ရှင်းမှုကို စွန်းထင်းစေတာပါပဲ။ အဲဒီ့စိတ်ပေါ်လာလေလေ သင့်စိတ်ထဲ အညစ်အကြေးတစ်ခုတိုးလာလေလေပါပဲ။ အဲဒါကြောင့် အဲဒီ့စိတ်ကိုဖျောက်သင့်ပါတယ်။

၅) မေ့မပစ်နိုင်တဲ့စိတ်
ဒါကလည်း ခွင့်မလွှတ်တတ်တဲ့စိတ်နဲ့ဆင်ပါတယ်။ ဒါပေမယ့် ခွင့်မလွှတ်နိုင်တဲ့နောက် လုံးဝမမေ့မပစ်နိုင်တာလည်း တွဲပါနေတတ်သလို၊ ချစ်ရက်နဲ့ မစွန့်လွှတ်နိုင်တာ၊ မေ့မပစ်နိုင်တာ၊ မပြတ်သားနိုင်တာတွေနဲ့ အတူတူပါပဲ ကိုယ့်စိတ်ကို နာကျင်စေတဲ့အရာမှန်သမျှကို အထက်ကပြောသလို ခွင့်လွှတ်နိုင်အောင်ကြိုးစားပါ။ အခါခါခွင့်လွှတ်ခဲ့ပြီး အခါခါ အခွင့်အရေးယူတတ်သူဆိုရင်တော့ ခွင့်မလွှတ်နိုင်ရင် စွန့်လွှတ်လိုက်ပါ။ အဲဒီလိုလူမျိုးကို အခွင့်အရေးပေးလည်း သင့်အပေါ် သူ့အပြုအမူတွေကပြောင်းလဲမှာမဟုတ်တဲ့အတွက် သင်ကသာ အဲဒီလိုအခါခါ ခွင့်လွှတ်တိုင်းအခွင့်အရေးယူတတ်သူမျိုးရဲ့အနားကနေ ခွာလိုက်ပါ။ မေ့ပစ်နိုင်အောင်ကြိုးစားပါ။ အဲဒါက သင့်အတွက် တိုးတက်ခြင်းနဲ့ ပျော်ရွှင်ခြင်းတွေ ဖြစ်လာစေပါလိမ့်မယ်။
အထက်က စိတ်ဓာတ်မျိုးတွေ သင့်စိတ်မှာဖြစ်ပေါ်လာတယ်လို့ သုံးသပ်မိရင် သင့်ကိုယ်သင်ပြုပြင်နိုင်အောင်ကြိုးစားပါ။ ကိုယ့်စိတ်ကို နားလည်အောင်ကြိုးစားပါ။ အထက်ကဖော်ပြထားတဲ့စိတ်တွေက သင့်စိတ်ကို စွန်းထင်းစေမယ့် အညစ်အကြေးလို စိတ်ဓာတ်တွေဖြစ်တာမို့ ပြုပြင်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။