သင့်ကိုယ်သင်ပျိုးထောင်ပါ။
သင့်ကိုယ်သင် ပျိုးထောင်ပါဆိုတဲ့စကားလေးက ပြောရလွယ်သလောက် လုပ်ရတာတော့ ခက်ပါတယ်။ ဒါပေမယ့် ခက်တာကို လုပ်ဆောင်နိုင်ခြင်းက ကိုယ့်ရဲ့အရည်အသွေးတွေကို ထက်မြက်လာစေနိုင်တယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဘာကြောင့် သင့်ကိုသင်ပျိုးထောင်ပါဆိုတဲ့ဆောင်းပါလေးကို ဖော်ပြပေးရသလဲဆိုရင် တော်တော်များများက ထိုအချက်ကို သိပါတယ်။ သိပေမယ့် နေ့စဉ်လူမှုကိစ္စအ၀၀နဲ့ ရှုပ်ထွေးနေတဲ့အခါမှာ သိနေရက်နဲ့ မလုပ်ဖြစ်ကြပါဘူး။
လူတော်တော်များများက လမ်းတစ်ဝက်လောက်ရောက်နေပြီးမှ လမ်းဆုံးထိရောက်အောင် မလျှောက်ချင်ကြပါဘူး။ မထူးချွန်ရခြင်းရဲ့ အကြောင်းရင်းကလည်း ထိုကြောင့်ပါပဲ။ စစခြင်းမှာတင်ပဲ အောင်မြင်ချင်ကြပါတယ်။ နေရာတစ်နေရာမှာ ဆရာတစ်ဆူဖြစ်လာဖို့ဆိုတာ အချိန်တော့ရင်းရပါတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်အရည်အချင်းကိုလည်း သိမယ်၊ သိပြီး ကိုယ့်ရဲ့အရည်အချင်းတိုးတက်ဖို့လည်း ကြိုးစားမယ်ဆိုရင် ဇွဲရှိရှိနဲ့ ဆက်ကြိုးစားနေဖို့လိုပါတယ်။
သင့်ကိုသင်ပျိုးထောင်တယ်ဆိုတဲ့နေရာမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ကိုယ့်အရည်အချင်းအတွက် ရသမျှသင်ယူ၊ တတ်မြောက်ထားတာထက် ပိုပြီး ကျွမ်းကျင်လာအောင်လုပ်၊ ဇွဲရှိရှိကြိုးစားတဲ့အခါ အချိန်တစ်ခုရောက်ရင်တော့ သင့်ကိုသင်ပျိုးထောင်ခြင်းရဲ့အကျိုးကို သင်ခံစားရမှာပါပဲ။ ဒီနေ့ထက် မနက်ဖြန်မှာ သင့်ရဲ့အရည်အချင်းတွေပိုမိုထက်မြက်လာပါစေ။ လူတိုင်းက “ကိုယ်စိုက်ပျိုးသလောက်၊ ကိုယ်ရိတ်သိမ်းရတာပါပဲ” အဲဒါကြောင့် သင့်ကိုသင်များများပြုစု၊ ပျိုးထောင်ပါ။ အဲဒီ့အကျိုးကို သင်ပဲရိတ်သိမ်းရမှာပါပဲ။
အဲဒါကြောင့် သင့်ကိုသင်ပျိုးထောင်ဖို့ မေ့နေမိတယ်ဆိုရင် ဒီနေ့ကစပြီး သင့်ရဲ့ရှေ့ဆက်လျှောက်ရမယ့်လမ်းအတွက် စဉ်းစားပါ။ ဘာတွေလိုအပ်မလဲ….တွေးပါ။ လိုအပ်တာတွေအတွက် သင့်ကိုသင် ဖြေးဖြေးချင်း ပျိုးထောင်ပါ၊ အရည်အချင်းနဲ့ပြည့်ဝအောင် ဇွဲရှိရှိကြိုးစားပါ။
ဒီဆောင်းပါးလေးဖတ်လို့ သင့်အတွက်အကျိုးတစ်စုံတစ်ရာရသွားတယ်ဆိုရင်ပဲ ရေးသားဖော်ပြရကျိုးနပ်ပါပြီနော်။
#Bawa101