ပိုပြီးအကောင်းမြင်တတ်လာစေဖို့နဲ့ ပိုပြီးပျော်ရွှင်လာစေဖို့ အမြန်ဆုံးနည်းလမ်း ၅ချက်

လူသားတိုင်းမှာ ကိုယ့်ကိုကိုယ် ထိန်းသိမ်းဖို့အတွက် နဂိုမူလ ပင်ကိုယ်အသိစိတ်ရှိကြပါတယ်။ ၁) အနာဂတ်မှာဖြစ်လာမှာပါ ၂) အနာဂတ်က ကျွန်တော်တို့ဘဝရဲ့အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပါတယ်။ ထိုအတွေးနှစ်ခုကို လူတိုင်းက သိထားပြီးဖြစ်ပေမယ့် မကောင်းတဲ့ဖြစ်ရပ်တစ်ခုခုကြုံလာရတဲ့အခါ ထိုမကောင်းတဲ့ဖြစ်ရပ်ကသာ သင့်ကို လွှမ်းမိုးထားပါတော့တယ်။ ပိုကောင်းတဲ့ကိစ္စတွေကို အာရုံမစိုက်နိုင်တော့ဘဲ မကောင်းတဲ့ကိစ္စကိုသာ ပိုအာရုံစိုက်ဖြစ်သွားကြပါတယ်။ အဲဒီအခါ စိတ်ညစ်မယ်၊ စိတ်ဖိစီးမယ်၊ အစားမစားချင် ခွေခေါက်နေမယ်၊ အခြား ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆိုးကျိုးတွေဖြစ်လာပါတော့တယ်။ အဲဒါကြောင့် သင့်ရဲ့စိတ်နဲ့ သင့်ရဲ့ဦးနှောက်ကို ပိုပြီးအကောင်းမြင်တတ်တဲ့လူတစ်ယောက်ဖြစ်လာအောင် ပြုပြင်ကျင့်ယူသင့်ပါတယ်။ တကယ်လည်း လိုက်နာကျင့်သုံးကြည့်ရင် တဖြေးဖြေးချင်း တိုးတက်လာတဲ့သင့်ရဲ့စိတ်ကို သင်ကိုယ်တိုင်သိလာပါလိမ့်မယ်။


၁) ကျေးဇူးတင်တတ်ပါစေ။
အကောင်းမြင်စိတ်ဖြစ်လာဖို့ အရေးကြီးဆုံးသော့ချက်က သင်မရနိုင်တာတွေကို အာရုံစိုက်ဖို့ထက် သင်ပိုင်ဆိုင်ထားတာတွေကို အာရုံစိုက်ဖို့နဲ့ ကျေးဇူးတင်တတ်ဖို့ပါပဲ။ ကျေးဇူးတင်တတ်တဲ့အကျင့်ရှိလာခြင်းရဲ့ကောင်းကျိုးက အကောင်းမြင်တတ်သွားတာပါပဲတဲ့။ သင်ပိုင်ဆိုင်ထားနိုင်တာလေးတွေကို သင်ကိုယ်တိုင်ကြားအောင် ပြောပေးခြင်းက သင်ကျေးဇူးတင်တတ်လာပါလိမ့်မယ်။
ဥပမာ။ အမေတစ်ယောက်ပဲရှိတော့တဲ့ သူငယ်ချင်းကိုတွေ့ရတဲ့အခါ “အော်…..ငါ့မှာမှ မိဘနှစ်ပါးလုံးရှိသေးတာ ကံကောင်းတာပဲ” ဆိုတာမျိုး။ ကျန်းမာရေးမကောင်းလို့ ဘာမှမလုပ်နိုင်တဲ့သူငယ်ချင်းကိုတွေ့တဲ့အခါ အလုပ်တွေပင်ပန်းလို့ ကိုယ်ကညည်းညူနေမိတယ်ဆိုရင် “အော်…..ငါကမှ အလုပ်တွေလုပ်ပြီး ငွေရှာနိုင်သေးတယ်။ ငါ့သူငယ်ချင်းမှာတော့ ကျန်းမာရေးမကောင်းလို့ အိပ်ရာထဲမှာပဲလှဲနေရရှာပါလား။ ဘာပဲပြောပြော ငါကမှ သွားနိုင်လာနိုင် လှုပ်ရှားနိုင်သေးလို့ ပုံမှန်ဝင်ငွေရနေသေးတယ်” ဆိုတာမျိုး။ အလုပ်မရှိတဲ့သူငယ်ချင်းတစ်ယောက် အသည်းအသန် အလုပ်လိုက်ရှာနေရတာကိုတွေ့တဲ့အခါ “အော်…. ငါ့မှာတော့ အလုပ်တစ်ခုရှိထားတာကိုတောင် ပင်ပန်းတယ်၊ မလုပ်ချင်ဘူးလို့ ညည်းနေတာ၊ ငါ့သူငယ်ချင်းခမြာ အလုပ်တစ်ခုတောင်မရလို့ မရရရာအလုပ်လိုက်ရှာနေရပါလား” လို့ တွေးတာမျိုးပေါ့။ ကိုယ့်မှာ မရနိုင်တာကို တွေးပြီးပူဆွေးနေတာထက် ကိုယ်ရထားတာလေးတွေကို တန်ဖိုးထားကျေးဇူးတင်တတ်တာက ပိုပြီး အကောင်းမြင်တတ်စေပါတယ်။

၂) အကောင်းမြင်စိတ်၊ အကောင်းမြင်တဲ့အတွေးတွေးပါ။
သင်တွေးနေတဲ့အတွေးက မကောင်းတဲ့ခံစားချက်ကိုဖြစ်စေတယ်ဆိုရင် ကောင်းတဲ့ဘက်က ပြန်တွေးပါ။ ဥပမာ သင့်ကိုယ်သင် ဝလိုက်တာ….စိတ်ညစ်တယ် ။ ဘယ်အကျီ ၤမှ မတော်တော့ဘူး” လို့တွေးပြီး စိတ်ညစ်မယ့်အစား “ဒီနေ့ကစပြီး ကျန်းမာပြီး အဆီကျစေတဲ့အစားအစာတွေကို ရွေးချယ်စားသောက်မယ်၊ ပိန်အောင် လေ့ကျင့်ခန်းလုပ်မယ်။ မကြာခင် ငါပိန်ကိုပိန်လာမှာပါ” လို့တွေးလိုက်တာက သင့်ကို ပိုပြီးအကောင်းမြင်စိတ်ဖြစ်စေပါတယ်။ တကယ်လည်း သင်တွေးထားသလို တကယ်ဖြစ်လာအောင် လုပ်နိုင်အောင်ကြိုးစားပါ။ အဲဒါက “ငါကတော့ ဖက်တီးကြီးဖြစ်နေပြီ” ဆိုတဲ့အဆိုးမြင်တဲ့အတွေးကိုမှ အကောင်းမြင်အောင် ပြန်တွေးလိုက်ခြင်းပါပဲ။ ထိုကဲ့သို့တွေးတတ်အောင် ကြိုးစားပါ။

၃) လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်အောင် လုပ်ပါ။
အကောင်းမြင်စိတ်ရှိတဲ့လူတစ်ယောက်ဖြစ်လာစေဖို့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ အထူးသဖြင့် ကြိုးခုန်ခြင်း၊ ဘောလုံးကန်ခြင်း၊ ကခုန်ခြင်း ကဲ့သို့လေ့ကျင့်ခန်းမျိုး လုပ်သင့်ပါတယ်။ ဝမ်းနည်းမှုတွေ၊ အတွေးလွန်ခြင်းတွေ စတဲ့အရာတွေကို ထိုလေ့ကျင့်ခန်းတွေလုပ်ခြင်းဖြင့် ပပျောက်စေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ပြင်းထန်စွာလှုပ်ရှားခွင့်ပေးလိုက်တဲ့အခါ အာရုံကြောဆိုင်ရာစွမ်းအင်တွေ လောင်ကျွမ်းစေပါတယ်။ ထိုအခါမှာ ပိုပြီး ဖျတ်လတ်လာသလို၊ ပိုပြီး လန်းဆန်းလာပြီး ပိုအာရုံစူးစိုက်လာနိုင်ပါတယ်။

၄) လက်ရှိကိုသာ အာရုံစိုက်ပါ။
အမြဲတမ်း လက်ရှိကိစ္စတွေကိုသာ အာရုံစိုက်ပါ။ ပြောချင်တာက အတိတ်ကဖြစ်ပြီးတာတွေကိုလည်း တွေးပြီးပြန်မခံစားပါနဲ့။ အနာဂတ်မှာမဖြစ်လာသေးတာတွေကိုလည်း ပူမနေပါနဲ့။ လက်ရှိမှာ ဘာလုပ်နိုင်သလဲ၊ ဘာလုပ်ရမလဲ၊ ဘာလုပ်သင့်သလဲဆိုတာကိုသာ တွေးပါ။ အဲဒါက ပြဿနာတွေကိုလည်း ဖြေရှင်းဖို့ ပိုပြီးလွယ်ကူစေသလို၊ ပိုပြီးလည်း စိတ်ရှင်းစေလို့ သင့်စိတ်ထဲမှာလည်း အကောင်းမြင်စိတ်ဖြစ်ပေါ်စေပါတယ်။ အတိတ်ကြောင့် ပူဆွေးတာမျိုးမရှိတော့လို့ စိတ်ဓာတ်ကျခြင်းနဲ့ စိုးရိမ်ပူပန်မှုတွေလည်း မဖြစ်စေနိုင်တော့ပါဘူး။

၅) ရောင်ပြန်ဟပ်ခြင်းကို သဘောပေါက်ပါ။
အကောင်းမြင်စိတ်ဖြစ်စေဖို့ နောက်ဆုံးအနှစ်တစ်ခုကတော့ တန်ပြန်ခြင်းပါပဲ။ သင်အသက်ရှုလိုက်တိုင်း သင်အသက်ရှင်နေတာကို တွေးပြီးကျေနပ်မိတဲ့အခါ အဲဒါရဲ့တန်ပြန်ခြင်းအနေနဲ့ သင့်ဘဝကိုသင်ကျေနပ်သွားမှာပါပဲ။ သင့်မိသားစုထဲက အဆင်မပြေမှုတွေကို တွေးမယ့်အစား သင်ဒုက္ခရောက်တိုင်း၊ သင့်ကိုနွေးထွေးစေမယ့် အသိုက်အမြုံလေးတစ်ခုရှိသေးတာပဲလို့ တွေးလိုက်တာနဲ့ တန်ပြန်ခြင်းကတော့ သင့်စိတ်ထဲနွေးထွေးပြီး ကျေနပ်မိမှာပါပဲ။ (ဘယ်သူကတော့ဘယ်လိုဆိုးတယ်ဆိုတာကိုမတွေးဘဲ၊ သူများတွေမှာတောင် မရှိနိုင်တဲ့အရာကို သင်လက်ခံရရှိထားတာကို လက်ခံတတ်ခြင်းက အဲဒါရဲ့တန်ပြန်ခြင်းအနေနဲ့ သင့်ဘဝကိုသင်ကျေနပ်လာစေပါလိမ့်မယ်။) သင့်ဘဝရဲ့ ချစ်ခြင်းမေတ္တာ၊ မိသားစုဘဝ၊ ဆက်ဆံရေး၊ သင့်ရဲ့အသိုင်းအဝန်းပတ်ဝန်းကျင်မှာ မကောင်းတာတွေကို မခံစားပါနဲ့။ မကောင်းတာတွေရဲ့ တန်ပြန်က သင့်ကို အဆိုးမြင်စိတ်ဖြစ်စေပြီး ကောင်းတာလေးတွေကိုပဲ ရွေးပြီးခံစားတတ်ခြင်းရဲ့တန်ပြန်က သင့်စိတ်အကောင်းမြင်လာတာပါပဲ။ ဒီအနှစ်ကို သိသွားတဲ့အခါ အထက်က အချက်တွေအားလုံးကို ကျင့်ယူနိုင်ဖို့ကြိုးစားပါ။
အဲဒါဆိုရင် သင့်ဘဝပိုပြီးပျော်ရွှင်ကျေနပ်တတ်လာစေဖို့ သင်ဘာကိုရွေးမလဲ။ ပျော်ရွှင်မှုဆိုတာက သင့်ရဲ့ရွေးချယ်မှုပါပဲနော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။