အဆိုးတွေချည်းတွေးမိနေတဲ့အခါ ………….

အပေါင်းအသင်းတွေကြားထဲမှာ တစ်ခုခုမကောင်းတာပြောမိရင် “Positive thinking မရှိဘူး….” ဆိုပြီး ပြောတတ်တာမျိုး ကြားဖူးမှာပါ။ ကိုယ်တိုင်လည်း အခြားတစ်ယောက်ကို ပြောဖူးမှာပါ။ တနည်းအားဖြင့် အကောင်းဘက်ကမြင်တတ်တဲ့အတွေးမျိုးပေါ့။ ဖြစ်ရပ်တစ်ခုအပေါ်မှာ အမြဲနှစ်ဖက်အမြင်ရှိတယ်လို့ အကောင်းဘက်ကတွေးတတ်အောင်ဘယ်လိုကျင့်မလဲဆိုတဲ့ပို့စ်မှာ ရေးဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် တွေးလို့ရတာ နှစ်မျိုးပေါ့။ အကောင်းဘက်ကတွေးတာရယ်၊ အဆိုးဘက်ကတွေးတာရယ်ပါ။ ဥပမာ။ သင်ကရုံးနောက်ကျနေတယ်၊ သင်စီးလာတဲ့ဘတ်စ်ကားက ပြိုင်မောင်းတော့ ရုံးကို စောပြီးတောင်ရောက်သွားသေးတယ်ဆိုရင် ဘတ်စ်ကားပြိုင်မောင်းခြင်းက မကောင်းတဲ့ဘက်ကကြည့်ရင် အန္တရာယ်ရှိနိုင်တယ်၊ ကောင်းတဲ့ဘက်ကကြည့်တော့ ပြိုင်မောင်းတဲ့အတွက် သင့်ရုံးကိုအချိန်မှီထက် စောတောင်ရောက်သွားသေးတယ်ဆိုတာမျိုးပေါ့။ (ဘတ်စ်ကား ပြိုင်မောင်းခြင်းက အမြဲကောင်းတယ်လို့ဆိုလိုချင်တာမဟုတ်ပါဘူးနော်)


အဲဒီလိုပဲ အခြားသောဖြစ်ရပ်တွေမှာလည်း အကောင်းဘက်ရယ်၊ အဆိုးဘက်အမြင်ရယ်ဆိုပြီး နှစ်ခုရှိမှာပါပဲ။ ဒါပေမယ့် သင်မြင်တဲ့အမြင်ပေါ်မူတည်ပြီး သင်ကအကောင်းမြင်စိတ်မရှိဘူးရယ်၊ အကောင်းမြင်တတ်သူရယ်ဆိုပြီး ဖြစ်လာတာပေါ့။ အဓိကက ဖြစ်ရပ်တစ်ခုဖြစ်ဖြစ်ချင်းမှာ သင်မြင်လိုက်တဲ့ဘက်ပေါ့။ အဲဒီ့အမြင်က သင့်ဘဝကိုလွှမ်းမိုးသွားနိုင်ပါတယ်။ အဲဒီ့အမြင်ပေါ်မူတည်ပြီးတော့လည်း သင့်ဘဝရဲ့ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်အားငယ်ခြင်း၊ စိတ်တက်ကြွခြင်းဆိုတာမျိုးတွေ ဖြစ်လာနိုင်တာပါ။ အဲဒါဆို သင်တွေးကြည့်ပါ ၊ ဖြစ်ရပ်တစ်ခုဖြစ်လာတဲ့အပေါ်မှာ သင်ကမကောင်းတဲ့ဘက်ကတွေးမိမယ်ဆိုရင် သင့်ကိုအဲဒီ့မကောင်းတဲ့အမြင်က အမြဲလို လွှမ်းမိုးထားမှာပါ။
ဥပမာ၊ သင်က ချောင်းဆိုးသွေးပါလို့ ဆေးခန်းသွားပြတယ်၊ တီဘီရောဂါဖြစ်နေပြီမို့ ၆လတိတိ အလုပ်နားရမယ်ဆိုပါတော့။ ထိုဖြစ်ရပ်အပေါ်မှာ သင်ဘယ်လိုမြင်မလဲ။ ဒီနေရာမှာ စာကိုခဏလေးရပ်ပြီး ကိုယ့်ဟာကိုယ် ဘယ်လိုမြင်လိုက်သလဲဆိုတာ စဉ်းစားကြည့်ပါ။(စာကိုဆက်မဖတ်သေးဘဲ စဉ်းစားကြည့်ပါ၊ အဖြေရပြီဆိုမှ အောက်ကစာတွေဆက်ဖတ်သွားပါ)
အဆိုးမြင်တတ်တဲ့သူရဲ့အဖြေက - “ဟာ…ဒုက္ခပဲ။ တီဘီဆေးကပြင်းတယ်၊ အလုပ်ကလည်း ၆လတောင်နားရအုံးမှာ၊ အလုပ်အကြာကြီးနားတော့ ဘယ်ကဝင်ငွေရှိမှာလဲ။ ကျန်းမာရေးက သိပ်လည်းအဆိုးကြီးမဟုတ်ဘဲနဲ့ ဆရာဝန်ကအလုပ်နားခိုင်းတယ်။ ဗမာဆေးနဲ့ပျောက်တယ်ပြောတယ်….အလုပ်မနားဘဲ အင်္ဂလိပ်ဆေးနဲ့မကုဘဲ မြန်မာဆေးသောက်မယ်” စသည်ဖြင့် ထိုအဓိပ္ပါယ်နဲ့ ခပ်ဆင်ဆင်တူတဲ့အဖြေမျိုးဖြစ်နေပါလိမ့်မယ်။
အကျိုးဆက်ကတော့ အလုပ်မနားရလို့ ဝင်ငွေရှိပေမယ့် သင့်ကျန်းမာရေးအခြေအနေပိုဆိုးရွားလာမယ်၊ ကျန်းမာရေးဆိုးရွားမှုကြောင့် အလုပ်လည်းကောင်းကောင်းလုပ်နိုင်မှာမဟုတ်ပါဘူး။ အလုပ်လဲမနားရ၊ ကျန်းမာရေးက ချုချာတော့ ဝင်ငွေလည်း ဖြောင့်ဖြောင့်မရ စသည်ဖြင့် မကောင်းတာတွေဆက်ဖြစ်လာနိုင်တာပေါ့။
အကောင်းမြင်တတ်တဲ့သူရဲ့အဖြေက - “အော်….နေမကောင်းတော့ ဘယ်တတ်နိုင်ပါ့မလဲ၊ ကျန်းမာအောင် နေဖို့အရေးကြီးတယ်၊ ၆လ အလုပ်မလုပ်ရတာဘာအရေးလဲ၊ နေကောင်းရင် အလုပ်ကောင်းကောင်းလုပ်မယ်၊ ဒီတိုင်းဆို ၆လတောင် နားဖြစ်မှာမဟုတ်ဘူး။ ၆လလောက် အလုပ်မလုပ်ဘဲ အနားရတာပေါ့ ။ ငွေကမသေမချင်းရှာလို့ရတယ်၊ အလုပ်နားနေတုန်းတော့ ချွေတာသုံးရမှာပေါ့။ အနားကောင်းကောင်းယူပြီး ကျန်းမာအောင်ကြိုးစားမယ်၊ ကျန်းမာမှ အလုပ်ဒီထက်ပိုကြိုးစားလုပ်တာပေါ့။” စသည်ဖြင့် ထိုအဓိပ္ပါယ်နဲ့ အလားတူအဖြေမျိုးဖြစ်နေပါလိမ့်မယ်။
အကျိုးဆက်က ရောဂါစဖြစ်ဖြစ်ချင်းကုတာမို့ ဆေးဒဏ်ကိုခံနိုင်ရည်ရှိတာမို့ မြန်မြန်ကျန်းမာမယ်၊ ၆လ စိတ်လွတ်ကိုယ်လွတ်အနားရမယ်၊ အနားယူနေချိန်မှာလည်း စိတ်ပူပန်တာမရှိလို့ ပိုပြီးပေါ့ပါးသက်သာမယ်၊ ကျန်းမာတဲ့အခါ အလုပ်ကိုပိုကြိုးစားလုပ်နိုင်မယ်။ စိတ်ပူပန်မှုတွေမရှိဘဲ ပေါ့ပေါ့ပါးပါးနေတော့ ပိုကျန်းမာ၊ ပိုအသက်ရှည်နိုင်မယ်။ စတဲ့ကောင်းကျိုးတွေဖြစ်လာနိုင်တာပေါ့။
ဘဝက အပေါ်ကဥပမာလို ပုံသေနည်းနဲ့တွက်လု့ိတော့ မရဘူးပေါ့။ ဒါပေမယ့် အများအားဖြင့် အဆိုးမြင်တဲ့သူရဲ့ဘ၀ မိုးမှောင်ကျနေတဲ့ဘဝနဲ့တူပြီး အမြဲလို အဆိုးတွေချည်းဖြစ်လာဖို့ များပါတယ်။ အကောင်းမြင်တဲ့သူရဲ့ဘဝက အလင်းရောင်ရတဲ့ဘဝနဲ့တူပြီး အမြဲလို အကောင်းတွေချည်းဖြစ်လာဖို့များပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့အတွေးထဲမှာကိုက အရာအားလုံးက ကောင်းနေတယ် ထင်နေတာကိုး။ အဲဒီ့တော့ အကောင်းမြင်တဲ့သူရဲ့အတွေးက အမြဲပျော်စရာကြီးဖြစ်နေတော့တာပါပဲ။ အဲဒါကြောင့် အကောင်းမြင်တဲ့သူရဲ့ဘဝက အကောင်းတွေဖြစ်လာနိုင်ချေများတယ်ပြောကြတာပါ။ ဘဝကတော့ အမြဲအကောင်းတွေဖြစ်နိုင်ပါ့မလဲ၊ ကိုယ်ကသာ အကောင်းဘက်ကတွေးပစ်လိုက်ဖို့လိုတာပါ။ ကြားဖူးကြတယ်မဟုတ်လား “ဘဝက သံပုရာသီးပေးတဲ့အခါ ဖျော်သောက်ပစ်လိုက်ပါ” ဆိုတဲ့စာသားလေး။
ဘဝက သင့်ကိုသံပုရာသီးပေးတဲ့အခါ ချဉ်လိုက်တာလို့ ညည်းမနေဘဲနဲ့ သံပုရည်ဖျော်သောက်လိုက်တော့ သင်တောင်ခေါင်းကြည်သွားနိုင်ပါတယ်။ “ဖန်ခွက်ထဲမှာ ရေတစ်ဝက်ဘဲ ရှိပါလား……ကုန်တော့မှာ” လို့တွေးမယ့်အစား “ ဟာ….ဖန်ခွက်ထဲမှာ ရေတစ်ဝက်ကြီးများတောင် ကျန်သေးပါလား။ ရေဆာရင် တစ်ဝက်တောင် သောက်လို့ရပါသေးတယ်” လို့ပြောင်းတွေးတတ်အောင် ကြိုးစားကြည့်ပါ။
အဲဒါကြောင့်သင့်ကိုသင် ဒီနေ့ကစပြီး သင့်ကိုသင်ပြန်ဆန်းစစ်လိုက်ပါ။ အဆိုးတွေချည်းတွေးပါများနေတယ်ထင်ရင် အဆိုးမြင်သမားဖြစ်လာပါလိမ့်မယ်။ အဲဒီ့တော့ ဒီနေ့ကစပြီး သင့်အတွေးတွေကို အကောင်းဘက်ကမြင်နိုင်အောင် ပြောင်းလဲပစ်လိုက်ပါ။ ပိုပြီး ပျော်ရွှင်လာပါလိမ့်မယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။