သင့်ကလေးကို စိတ်ဓာတ်တက်ကြွအောင် ဘယ်လိုလှုံ့ဆော်ပေးနိုင်မလဲ။

ကလေးချင်းမတူနိုင်ပါဘူး။ တချို့ကလေးတွေမှာ သူတို့ဖြစ်ချင်တာလေးတွေ သတ်မှတ်ထားတတ်ကြပါတယ်။ ကိုယ့်ရဲ့ အိမ်စာကို ကျောင်းကပြန်လာတာနဲ့ ရေးပြီးမှ ဆော့ကစားတာမျိုးပေါ့။ တခုခုကို သတ်မှတ်ထားတတ်ပြီး သတ်မှတ်ထားတဲ့အတိုင်းရအောင် လုပ်တာမျိုးပါ။ တချို့ကျပြန်တော့ လုပ်စရာရှိတာတွေကို သတိမရသလို၊ တကူးတကလုပ်ကိုလုပ်ရမယ်လို့ မတွေးတတ်ကြပြန်ပါဘူး။ ကျောင်းကနေအိမ်ပြန်ရောက်တာနဲ့ လွယ်အိတ်ချပြီး ပြေးဆော့တာမျိုးပေါ့။ အဲဒီလိုမျိုးကလေးတွေကို ဘယ်လိုမျိုး နည်းလမ်းတကျသတ်မှတ်ပေးမလဲဆိုတာမျိုးဖော်ပြပေးလိုက်ပါတယ်။


၁) ပန်းတိုင်သတ်မှတ်ပေးထားပါ။
ပန်းတိုင်တခုခု ဒါမှမဟုတ် သတ်မှတ်ချက်တခုခု ချမှတ်ပေးလိုက်ပါ။ ရေတိုရည်မှန်းချက်နဲ့ ရေရှည်ရည်မှန်းချက်ပေါ့။ ဥပမာ။ တစ်နေ့သင်လိုက်တဲ့သင်ခန်းစာတွေကို ရအောင်လုပ်ဖို့သတ်မှတ်ပြီး မိဘက ပြန်လေ့ကျင့်ခိုင်းတာမျိုးက ရေတိုသတ်မှတ်ချက်ပေါ့။ တလစာ စာမေးပွဲမှာ ဘယ်အဆင့်ရရမယ်ဆိုတာမျိုးက ရေရှည်သတ်မှတ်ချက်မျိုးပေါ့။ သင့်ကလေး မှန်ကန်တဲ့ပန်းတိုင်ရွေးချယ်တတ်စေဖို့ သင်ကကူညီပေးရမှာဖြစ်ပါတယ်။

၂) အစီအစဉ်ချမှတ်ပေးထားပါ။
အထက်က သတ်မှတ်ထားတဲ့ပန်းတိုင်ကိုရောက်ဖို့ ဘယ်အချိန်မှာဘာလုပ်၊ ဘယ်အချိန်မှာတော့ ကစားရမယ်ဆိုတာမျိုးကို မိဘက အစီအစဉ်လုပ်ပေးသင့်ပါတယ်။ တဆင့်ချင်းပေါ့။ ဘယ်အချိန်မှာ စာလုပ်ရမယ်၊ စာလုပ်ပြီး ဆော့ကစားလို့ရပြီ၊ စာမလုပ်ဘဲ ဆော့မကစားရဘူးဆိုတာမျိုး အစီအစဉ်လုပ်ပေးပါ။

၃) ပြီးဆုံးအောင်လုပ်ဆောင်တဲ့အခါ ချီးကျူးပေးပါ။
သင့်ကလေးက သူ့ကိုသတ်မှတ်ပေးထားတဲ့ပန်းတိုင်တွေ ပြီးမြောက်အောင်လုပ်ဆောင်နိုင်တဲ့အခါ သူတို့ကို ချီးကျူးပေးပါ၊ ဂုဏ်ယူပေးပါ။ သင်သူတို့အတွက် ဂုဏ်ယူရကြောင်း သူတို့သိပါစေ။

၄) ယှဉ်ပြိုင်ဖို့လုပ်ဆောင်ပေးပါ။
ယှဉ်ပြိုင်ဖို့ အားပေးပါ။ အကောင်းဘက်ကဆောင်တဲ့ ယှဉ်ပြိုင်မှုမျိုးဖြစ်အောင် အားပေးပါ။ တဖက်က ယှဉ်ပြိုင်သူ့ရဲ့အားနည်းချက်ကို မတိုက်ခိုက်မိစေဖို့၊ ကိုယ့်ရဲ့အားနည်းချက်ကိုသာ အားသာချက်အဖြစ်ပြောင်းဖို့ သင်ပေးပါ။ မကောင်းတဲ့ယှဉ်ပြိုင်မှုမျိုးမဖြစ်ဖို့ သတိထားပါ။ ယှဉ်ပြိုင်မှုကနေ ရှုံးနိမ့်တဲ့အခါ သင်ခန်းစာယူဖို့၊ နောက်တခါ အနိုင်ရအောင်ကြိုးစားတတ်ဖို့၊ ဘဝမှာ အနိုင်ရယ်၊ အရှုံးရယ်တလှည့်စီဖြစ်ပေါ်နိုင်ကြောင်း အမြဲတမ်းအနိုင်ရနေမှာမဟုတ်ကြောင်းသင်ပေးတဲ့အနေနဲ့ ယှဉ်ပြိုင်ဖို့အားပေးပါ။

၅) ကလေးကို အားပေးပါ။
သင့်ကလေးကို အပြည့်အဝယုံကြည်ကြောင်း သူတို့သိပါစေ။ သူတို့ဟာ ဘယ်လိုကြီးမားတဲ့အရာကိုမဆို ကျော်ဖြတ်နိုင်ကြောင်း အောင်မြင်အောင်လုပ်ဆောင်နိုင်စွမ်းရှိကြောင်း ယုံကြည်လာပါစေ။ မလုပ်နိုင်ဘူးလို့ သူတို့ကိုယ်သူတို့ သံသယဝင်နေတာတွေ၊ မလုပ်ရဲဘဲ ကြောက်လန့်နေတာမျိုးတွေ မဖြစ်ဖို့အားပေးပါ။

၆) ကလေးစိတ်ဝင်စားတဲ့အရာကိုသိပါ။
သင့်ကလေးစိတ်ဝင်စားတဲ့အရာကို သင်ယူပါစေ။ ကလေးတွေနဲ့စကားများများပြောပါ၊ သူတို့ပြောတာလေးတွေနားထောင်ပေးပါ။ အဲဒါမှ ကလေးတွေကို ဂရုစိုက်ကြောင်းပြသနေတာဖြစ်သလို၊ သူတို့ကိုယ်တိုင်ကလည်း သင့်ကို သူတို့နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောပြဖို့၊ သင်နဲ့ဆွေးနွေးဖို့စိတ်ဝင်စားမှာဖြစ်ပါတယ်။

၇) ကလေးတကယ်ဖြစ်ချင်တဲ့အရာကိုရှာဖွေပေးပါ။
ကလေးကို အားပေးချီးမြောက်ရင်းမှ ကလေးက သူဖြစ်ချင်တဲ့အရာတွေကို သင်နားထောင်ရပါလိမ့်မယ်။ အဲဒီကနေမှတဆင့် သင့်ကလေးရဲ့ ပြင်းပြစွာဖြစ်ချင်တဲ့အရာကို ရှာဖွေနိုင်ပါလိမ့်မယ်။ သင့်ကလေးက ပန်းချီဆရာဖြစ်ချင်တယ်ဆိုရင် ပန်းချီဆရာဖြစ်နိုင်တဲ့လမ်းကြောင်းကို ရွေးချယ်ပြီး ပံ့ပိုးပေးပါ။ အားပေးပါ။ သူတကယ်ဖြစ်ချင်တာဘာလဲဆိုတာကို သူသိလာအောင် သင်ကလမ်းကြောင်းပေးသင့်ပါတယ်။

၈) အကောင်းမြင်စိတ်မွေးတတ်အောင်သင်ပေးပါ။
သင့်ကလေးရဲ့အကောင်းမြင်စိတ်ကို ရှင်သန်ပါစေ။ ကလေးက အရမ်းကြောက်နေတာမျိုး ဒါမှမဟုတ် သင့်မျက်လုံးတွေကနေတဆင့် သံသယတွေကို မြင်နေခဲ့ရင် သူတို့ကိုယ်သူတို့ ယုံကြည်မှုပျောက်ဆုံးသွားနိုင်ပါတယ်။ အဓိကက သင်ကိုယ်တိုင် စိတ်ထဲက လှိုက်လှိုက်လှဲလှဲ ကလေးကို အားပေး၊ချီးကျုးပါ။ တခုခုအဆိုးကြုံခဲ့ရင်၊ ကလေးမထင်ထားတာဖြစ်လာခဲ့ရင် အကောင်းဘက်က ဘယ်လိုတွေးမလဲပြောပြပေးပါ။ အကောင်းမြင်စိတ်အကျင့်ရအောင်လုပ်ပေးပါ။

၉) ဖိအားအနည်းငယ်ပေးပါ။
ဖိအားနည်းနည်းလေးပေးတာက လုပ်သင့်ပါတယ်။ ကျောင်းမှာ နောက်တခေါက်စာမေးပွဲဖြေရင် ဒီထက်ပိုကောင်းတဲ့အဆင့်ရအောင်လုပ်ဖို့၊ ဒါမှမဟုတ် အားကစားမှာ တခုခုမှာပေါ့။ ကလေးရဲ့သဘောကိုက သူငယ်ချင်းတွေကို သဘောကျပြီး ကစားမက်တတ်ပါတယ်။ အဲဒါကြောင့် သင်က ကလေးကို အခြားသောအရာတွေနဲ့ ကျောင်းကိစ္စတွေမှာ balance ညီအောင် ဖိအားအနည်းငယ်ပေးဖို့လိုပါတယ်။

၁၀) စိတ်လှုပ်ရှားမှုရှိပါ။
သင့်ကလေးတွေရဲ့ပန်းတိုင်နဲ့ရည်မှန်းချက်ကို စိတ်လှုပ်ရှားမှုပုံစံပြပါ။ အဲဒါက သူတို့အတွက် သူတို့ပန်းတိုင်ကို ဆက်သွားစေဖို့ အကောင်းဘက်က တွန်းအားဖြစ်စေပါတယ်။ ပိုပြီးကြိုးစားဖြစ်စေပါတယ်။ သူတို့ရဲ့ကြိုးပမ်းအားထုတ်မှုအပေါ်မှာလည်း ပျော်ရွှင်စေပါတယ်။
https://www.imom.com/10-ways-to-motivate-your-child/#.XW-QdigzbDd လင့်မှ ဘာသာပြန်ဖော်ပြထားပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။