သင့်ကလေးကို အချိန်တိုင်းပြောမိနေတဲ့အခါ ကလေးစိတ်ထိခိုက်စေမယ့်စကား ၄ မျိုး

ကလေးငယ်တွေမှာ ထိလွယ်ရှလွယ်တဲ့ခံစားချက်မျိုးဖြစ်တတ်ပါတယ်။ တခါတလေမှာ ကျွန်တော်တို့တွေက အဲဒါကိုသိပေမယ့် လျစ်လျူရှုမိတတ်ကြပါတယ်။ အဲဒီလိုလျစ်လျူရှုမိရာကနေစပြီး ကလေးတွေရဲ့ဦးနှောက်ကနေတဆင့် ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်စေတော့တာပါပဲ။ ကလေးတွေရဲ့ဦးနှောက်ရဲ့ အရမ်းကို နူးညံ့လွန်းတယ်လို့ စိတ်ပိုင်းဆိုင်ရာပညာရှင်တွေက ပြောကြပါတယ်။ ကြမ်းတမ်းတဲ့စကားလုံးတွေကို မိဘအုပ်ထိန်းသူတွေက အသုံးပြုပြီး ကလေးကို ပြောဆိုတဲ့အခါ ကလေးရဲ့ဦးနှောက်မှတဆင့် စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကိုထိခိုက်စေပါတယ်။


အဲဒီလိုကြမ်းတမ်းတဲ့စကားလုံးတွေက ကလေးရဲ့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေနိုင်ပြီး အရွယ်ရောက်တဲ့အထိ သက်ရောက်စေနိုင်ပါတယ်။ အဲဒါကြောင့် လူကြီးတွေ မသိလိုက်ဘဲ အလွယ်တကူအသုံးမိနေတဲ့ ကြမ်းတမ်းတဲ့စကား ၄မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ နေ့စဉ်ဘဝမှာ ကိုယ့်ကလေးကို ထိုစကားလုံးမျိုးတွေမသုံးမိဖို့ သတိထားဆင်ခြင်ကြည့်လိုက်ပါနော်။

၁) အရမ်းခံစားလွယ်တာပဲ။
စိတ်ပိုင်းဆိုင်ရာပညာရှင်တွေရဲ့လေ့လာချက်အရ ကလေးအများစုဟာ အာရုံကြောစနစ်ဖွံ့ဖြိုးခြင်းနဲ့အတူ ရိုးရှင်းစွာကြီးပြင်းလာကြပါတယ်။ အာရုံကြောစနစ်ဖွံ့ဖြိုးခြင်းကြောင့် အရာအားလုံးကို ပြန်လည်တုံ့ပြန်တတ်လာကြပါတယ်။ မိဘတွေက ကလေးတွေရဲ့ စူူးစမ်းချင်စိတ်နဲ့လုပ်တတ်တဲ့အမှားတွေကို သေချာမပြုပြင်ပေးဘဲ အပြစ်တင်တဲ့အခါ ကလေးရဲ့ ဦးနှောက်မှာကို စာနာနားလည်ပေးနိုင်စွမ်းလျော့ကျသွားနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ကိုယ်ပိုင်ခံစားချက်ကိုတောင်မှ အရေးကြီးတယ်လို့ မခံစားရတဲ့အခါ အခြားသူရဲ့ခံစားချက်တွေကလည်း အရေးမကြီးဘူးလို့တွေးတတ်လာပါတယ်။ တချို့မိဘတွေက ကလေးပြောနေတာမို့ အရေးမပါဘူး၊ ဘာတွေလျှောက်ပြောနေမှန်းမသိဘူး၊ ကလေးက ဘာမှမသိဘူးလို့ သတ်မှတ်ထားတာမျိုးတွေလုပ်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒါအပြင် လူကြီးတွေအတွက် ဘာမှမဟုတ်ပေမယ့် ကလေးအတွက်ကြီးမားတဲ့ကိစ္စဖြစ်နေတယ်ဆိုတာကို မေ့ပြီး ကလေးကို အရမ်းခံစားလွယ်တာပဲ ၊ အထိခိုက်ကိုမခံဘူးလို့ အပြစ်တင်တာမျိုးလုပ်တတ်ကြပါတယ်။
ကလေးစိတ်ပညာရှင် Elinor Bashe က မိဘတွေအနေနဲ့ ကလေးတွေရဲ့ခံစားချက်ကို နားထောင်ပေးဖို့နဲ့ ကလေးရဲ့စိတ်ခံစားချက်ကို ကိုယ်ချင်းစာပေးဖို့၊ လက်ခံပေးတတ်ဖို့ ပြောပြထားပါတယ်။ သူတို့စိတ်ထဲက ပုံပေါ်လာတာလေးတွေကို ဖွင့်ပြောတဲ့အခါ ဖြစ်နိုင်သည်ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ ယုတ္တိမရှိရင်တောင်မှ နားလည်လက်ခံပေးဖို့ ကလေးကို လူရာသွင်းပြီး ခံစားပေးဖို့လိုပါတယ်လို့ ပြောပြထားပါတယ်။

၂) ဘဝဆိုတာ ဒီလိုပဲ။
ကလေးက အိမ်ပြန်လာတဲ့အခါ တစ်နေလုံးခံစားရသမျှကို ပြန်လည်ပြောပြတဲ့အခါ ကလေးကို နှစ်သိမ့်မပေးဘဲ “သားခံစားရတာ သေးသေးလေးပဲရှိသေးတယ်။ ဘာမှမပြောပလောက်တဲ့အရာလေးကို ခံစားမနေနဲ့။ ဘဝဆိုတာ အဲလိုပဲ” စတဲ့ ကလေးနားမလည်လောက်တဲ့ စကားလုံးမျိုးနဲ့ ကလေးကို ပြောဆိုတာမျိုးက ကလေးစိတ်ထဲက ခံစားချက်ကို မသက်သာစေနိုင်ပါဘူး။
အဲဒီ့စကားမျိုးက အသက် ၂၅နှစ်အရွယ်ကလေးကို ပြောဖို့သင့်တော်တဲ့စကားမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက အဲဒီ့အချက်အလက်တွေကို စဉ်းစားဖို့သူတို့ရဲ့အတွေ့အကြုံလောက်နဲ့မဖြစ်နိုင်သေးပါဘူး။ အဲဒါကြောင့် ကလေးငယ်ကို အဲဒီ့စကားမျိုးပြောလိုက်တဲ့အခါ သူတို့စိတ်ထဲမှာ စိတ်ရှုပ်ထွေးခြင်း၊ မကျေနပ်ခြင်း နဲ့ သူတို့ကိုယ်သူတို့ ခံစားချက်ထုတ်ပြောလိုက်တာတောင် အပြစ်ရှိသလို ခံစားသွားရစေပါတယ်။ သူတို့ရဲ့ အတွေ့အကြုံနဲ့ သူတို့အရွယ်အလိုက်ခံစားရတဲ့ခံစားချက်တွေကို အလေးထားဖို့လိုသလို၊ စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလည်း နွေးထွေးစွာ မြင့်တင်ပေးဖို့လိုပါတယ်။

၃) ငါပြောတဲ့အတိုင်းလုပ်ရမယ်။
မိဘတော်တော်များများက ထိုစကားကိုသုံးတတ်ကြပါတယ်။ ကလေးတစ်ယောက်ကို ည ၈နာရီအိပ်ရာဝင်ခိုင်းတဲ့အခါ ကလေးက ဘာကြောင့်ည၈နာရီအိပ်ရာဝင်သင့်သလဲဆိုတာကို နားမလည်ပါဘူး။ အဲဒီ့အခါ သူက မိဘပြောတဲ့စကားကို လိုက်နာချင်လိုက်နာမယ်၊ မလိုက်နာချင်မလိုက်နာဘူးဆိုတာဖြစ်လာပါတယ်။ အဲဒီ့အခါ မလိုက်နာရင် ကလေးက မိဘစကားနားမထောင်ဘူးဆိုတာမျိုးဖြစ်လာပါတယ်။ အဲဒီ့အခါ “ငါပြောတဲ့အတိုင်းလုပ်ရမယ်…” ဆိုတဲ့စကားရဲ့တွန်းအားကြောင့် ကလေးကို လုပ်ခိုင်းတာဖြစ်လာပါတယ်။ အာဏာသုံးပြီး ကလေးကို အမိန့်ပေးသလိုဖြစ်နေပါတယ်။ အဲဒီလိုအခြေအနေဖြစ်မယ့်အစား ကလေးကို ဘာကြောင့် ည၈နာရီလောက်မှာ အိပ်ရာဝင်သင့်သလဲဆိုတာ ပြောပြပေးလိုက်တဲ့အခါ ကလေးက နားလည်သွားပါလိမ့်မယ်။ တခါတရံမှာ အာဏာသုံးပြီး လုပ်ခိုင်းလိုက်တာထက် အကြောင်းရင်းကိုပြောပြရင်း သိသွားလို့ လိုက်နာတာကပိုထိရောက်ပါတယ်။

၄) ပါးစပ်ပိတ်ထား
ကလေးတွေက ငယ်စဉ်ကတည်းက ထိုစကားကို နားရည်ဝနေကြပါတယ်။ ကျွန်တော်တို့ငယ်ငယ်ကတောင် ထိုစကားမျိုး မကြားချင်မှအဆုံးကြားဖူးနေကြတာကိုး။ တကယ်တော့ ထိုစကားမျိုးက ကလေးကို စော်ကားလိုက်တာပါပဲ။ ခုတော့ သင်မိဘဖြစ်လာတဲ့အခါ ထိုစကားမျိုးနဲ့ ကလေးကို မပြောမိဖို့ သတိထားသင့်ပါတယ်။ ဒီအကြောင်းပြချက်က သင့်ကို “ငါက မိဘပဲ ဘာကြောင့် ကလေးကို ထိုစကားမျိုးမပြောဖို့သတိထားရမှာလဲ” လို့ တွေးစရာရှိပါတယ်။ ဥပမာ။ သင်အလုပ်က ပင်ပန်းလို့အနားယူနေတဲ့အချိန်မှာ သင့်ကလေးက သီချင်းအကျယ်ကြီးဖွင့်ပြီး နားထောင်နေတယ်ဆိုပါတော့။ “နားငြီးလိုက်တာ….အဲဒီ့သီချင်းကိုပိတ်ပစ်လိုက်စမ်း” ဒါမှမဟုတ် ကလေးက သီချင်းအော်ဆိုနေတာကို “ဟေ့….ပါးစပ်ပိတ်ထားစမ်း” အဲဒီလိုပြောမယ့်အစား “သားရေ…မေမေတစ်နေ့လုံး အလုပ်ပင်ပန်းလာတာမို့ ခဏတဖြုတ်လောက် အနားယူချင်တယ်။ ခဏလောက်ဖြစ်ဖြစ် တိတ်တိတ်လေး နေပေးလို့ဖြစ်မလား”လို့ ပြောတာက ပိုကောင်းပါတယ်။ သူတို့ဆူညံဖို့အတွက် အချိန်တစ်ခုသတ်မှတ်ပေးထားသင့်ပြီး ကျန်တဲ့အချိန်တချို့ အထူးသဖြင့် ကိုယ်တိတ်ဆိတ်မှုလိုအပ်နေတဲ့အချိန်မှာတော့ တိတ်တိတ်လေးနေပေးဖို့ တောင်းဆိုသင့်ပါတယ်။ အဲဒါက သင့်ကလေးနဲ့သင့်ကြားမှာ အပြန်အလှန် အသိအမှတ်ပြုသလိုဖြစ်စေတာပေါ့။
https://themindsjournal.com/mentally-damaging-things/ လင့်မှဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။