အိပ်ပျော်စေရန် အကြံပြုချက်များ။

တစ်နေ့တာလုံးပင်ပန်းခဲ့သမျှကို ညဘက်မှာ ကောင်းမွန်စွာ အိပ်ပျော်စေခြင်းက အများကြီး အကျိုးသက်ရောက်မှုရှိစေပါတယ်။ ညဘက်ကောင်းစွာအိပ်မပျော်ခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ စားဝတ်နေရေးပေါ်မှာလည်း သွားပြီး ထိခိုက်နိုင်တာပါပဲ။ အဲဒါကြောင့် ညဘက်ကို ကောင်းမွန်စွာအိပ်စက်စေနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ည ဆယ်နာရီခွဲခန့်လောက် အိပ်ရာဝင်ပါ။ အဲဒီ့အချိန်က အနောက်ကျဆုံးဖြစ်ပါစေ။
အဲဒီ့အချိန်ထက် နောက်ကျမှအိပ်ရာဝင်ခြင်းက အသက်ရှူရခက်တာမျိုးဖြစ်စေတာမို့ သင့်ကို အိပ်မောကျစေဖို့ အခက်အခဲဖြစ်စေနိုင်ပါတယ်။
၂) ပုံမှန်ဖြစ်ပါစေ။
သင်သွားတိုက်ပြီး၊ ဘုရားရှိခိုးပြီး ၊ သင်ရဲ့ပုံမှန်လုပ်ရိုးလုပ်စဉ်တွေပြီးတာနဲ့ သင့်ရဲ့မနက်ဖြန်အတွက်စီစဉ်သင့်တာကို ကြိုတင်စီစဉ်ထားလိုက်ပါ။ မစီစဉ်ထားမိရင် အိပ်ရာထဲရောက်မှာ ထိုကိစ္စတွေအတွက် တွေးပူနေတာမျိုးဖြစ်တတ်ပါတယ်။ အဲဒါက သင့်ကိုအိပ်မရအောင် နှောင့်ယှက်နိုင်ပါသေးတယ်။ အဲဒါကြောင့် အိပ်ရာမဝင်မီ ၁၀မိနစ်ခန့်အလိုလောက်ကတည်းက လုပ်သင့်တာတွေအကုန်စီစဉ်ထားပြီးမှာ ပုံမှန်အိပ်ရာဝင်ချိန်အတိုင်း အိပ်ရာဝင်သင့်ပါတယ်။
၃) အခန်းကို အေးနေအောင်၊ တိတ်ဆိတ်အောင်၊ မှောင်နေအောင် ဂရုစိုက်ပါ။
သင့်အခန်းက ပူအိုက်နေရင်လည်း ကောင်းစွာအိပ်ပျော်ဖို့ အဆင်မပြေနိုင်ပါဘူး။ အဲဒါကြောင့် သင့်အခန်းကို အေးသင့်သလောက်အေးအောင် ဂရုစိုက်ထားပါ၊ မီးအလင်းရောင်ကို ပိတ်ပြီး မှောင်နေအောင်ထားပါ၊ တိတ်ဆိတ်ခြင်းက သင့်ကိုကောင်းစွာအိပ်ပျော်စေမှာပါ။
၄) သင့်ကို နိုးဆွစေမယ့်အရာတွေကိုရှောင်ရှားပါ။
မအိပ်မီ နာရီဝက်၊ တစ်နာရီလောက်အလိုကတည်းက လက်ဖက်ရည်၊ ကော်ဖီ၊ ကဖင်းဓာတ်ပါတဲ့သောက်စရာတွေကို မသောက်ပါနဲ့တော့။ အဲဒါတွေ သောက်ထားမိရင် သင်အိပ်ပျော်ဖို့ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။
၅) နေ့စဉ် လေ့ကျင့်ခန်းလုပ်ပါ။
တစ်နေ့လျှင် မိနစ် ၃၀ မှ ၆၀ ခန့် နေ့စဉ်လေ့ကျင့်ခန်းလုပ်ပေးပါ (အိပ်ခါနီးလေ့ကျင့်ခန်းလုပ်ခိုင်းတာမဟုတ်ပါ) အဲဒါက သင့်ကိုကောင်းမွန်စွာအိပ်ပျော်ဖို့ အထောက်အကူဖြစ်စေပါတယ်။
၆) အစာစားခြင်းကိုရှောင်ပါ။
မအိပ်ခင် ၃နာရီ အတွင်း အိပ်ခါနီးအစာစားခြင်းကိုရှောင်ပါ။
၇) အလင်းရောင်ကိုရှောင်ပါ။
မအိပ်ခင် ၃နာရီအတွင်း တီဗီ၊ ဖုန်း၊ ကွန်ပျူတာ တို့မှ အလင်းရောင်ကို ရှောင်ပါ။ သင့်ရဲ့မျက်နှာတည့်တည်ပေါ်အလင်းရောင်ကျခြင်းကို ရှောင်ပါ။ အလင်းရောင်ကြောင့် သင်ကောင်းမွန်စွာအိပ်နိုင်မှာမဟုတ်ပါဘူး။
အထက်ပါအချက် ၇ချက်ကို နေ့စဉ်လို ပုံမှန် လုပ်ဆောင်ခြင်းဖြင့် သင်ကောင်းမွန်စွာအိပ်စက်နိုင်လာပါလိမ့်မယ်။ တစ်နေ့တာလုံးမှာ ကောင်းမွန်စွာ အာရုံစူးစိုက်နိုင်ပြီး အလုပ်ကိစ္စတွေကို လုပ်ဆောင်နိုင်လာပါလိမ့်မယ်နော်။
ကောင်းမွန်စွာအိပ်ပျော်နိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။