သင့်ချစ်သူကို အဆက်ဖြတ်သင့်ပြီဖြစ်ကြောင်းသိသာစေသော ခံစားချက်များ

သင့်ချစ်သူနဲ့သင်ရဲ့ဆက်ဆံရေးက ဘယ်လိုအခြေအနေမျိုးရှိနေပါသလဲ။ ချစ်သူဆိုတာက နောင်တစ်ချိန် သင့်တော်တဲ့လက်တွဲဖော်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို လေ့လာတဲ့အဆင့်ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ အမျိုးသားဘက်ကဖြစ်စေ၊ အမျိုးသမီးဘက်ကဖြစ်စေ ဘာကိုမှအလွန်အကျွံ့မယုံကြည်သင့်သေးလို ဘာကိုမှလည်း မပေးဆပ်သင့်ပေးပါဘူး။ ချစ်သူဘဝမှာတောင် ကိုယ်နဲ့အဆင်မပြေတဲ့ချစ်သူမျိုးကို လက်တွဲဖော်အဖြစ် လက်ထပ်ဖို့က မဖြစ်နိုင်တာမို့ စောင့်ကြည့်ဆဲအခြေအနေမှာ သေချာသုံးသပ်ပြီးမှ ရွေးချယ်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် အောက်မှာဖော်ပြထားတဲ့ခံစားချက်တွေဖြစ်ပေါ်နေတယ်ဆိုရင်တော့ သင့်ချစ်သူကို သင်အဆက်ဖြတ်သင့်နေပါပြီ။


၁) ရည်မှန်းချက်မရှိခြင်း
ချစ်သူဘဝမှာတင် သင့်ချစ်သူက သင့်အတွက်မှမဟုတ်ဘူး ဘာအတွက်ကိုမှရည်မှန်းချက်မရှိဘူး၊ ဘဝကို ရေစုန်မြောထင်သလိုဖြတ်သန်းနေတယ်လို့ခံစားနေရပြီဆိုရင် သင့်ချစ်သူကို သင်လက်ထပ်ဖို့ ပြန်စဉ်းစားသင့်နေပါပြီ။ ဘဝအတွက် တိုးတက်ဖို့၊ ဘဝအတွက် တခုပြီးတခု ရည်မှန်းချက်ချပြီး ကြိုးစားချင်တဲ့စိတ်မျိုးမရှိ၊ သင့်နဲ့လက်တွဲမယ့်ဘဝအတွက်လည်း ယောင်ဝါးဝါးဖြစ်နေတယ်လို့ခံစားနေရရင် သင့်ချစ်သူနဲ့လက်ထပ်ပြီးတဲ့အခါ သင့်ဘဝက ပိုပြီးဆိုးဝါးစေနိုင်ပါတယ်။

၂) အားမလိုအားမရဖြစ်မိခြင်း
တခုခုကို ဆုံးဖြတ်ချက်ချဖို့အရေး တွေဝေနေတာ၊ တွန့်ဆုတ်နေတာ၊ မပြတ်သားတာ၊ ဘာလုပ်လို့ဘာအတွက်မှန်းမသိတာမျိုးတွေဆိုရင် သင့်ချစ်သူက ဆုံးဖြတ်ချက်မပြတ်သားသလို၊ စိတ်ဓာတ်ပျော့ညံ့တဲ့သူပါပဲ။ အဲဒီလိုလူမျိုးကို လက်တွဲမိရင် သင်ပဲ အားမလိုအားမရဖြစ်လိုက်၊ ဒေါသတွေထွက်လိုက်နဲ့ သင်ပဲဦးဆောင်နေရမှာဖြစ်ပါတယ်။

၃) အထင်သေးလာခြင်း
သင့်ချစ်သူကို သင်တဖြည်းဖြည်း အသုံမကျဘူးလို့ထင်လာတာ၊ သူလုပ်နိုင်တာဘာမှမရှိပါလားလို့မြင်လာတာ၊ အမျိုးသမီးဆိုရင်လည်း လျပ်ပေါ်လော်လီတယ်လို့မြင်လာတာ၊ မိန်းမကောင်းမပီသဘူးလို့ သင့်စိတ်ထဲအထင်သေးလာတယ်ဆိုရင် သင်တို့လက်မတွဲတာပိုကောင်းပါတယ်။ ချစ်သဘဝမှာ အထင်ကြီးလေးစားခြင်းဟာ သင်တို့ဆက်ဆံရေးကို တည်ဆောက်ဖို့ပိုပြီးလွယ်ကူစေသလို တစ်ဦးနဲ့တစ်ဦးလေးစားမှုတိုးစေပါတယ်။ ဒါပေမယ့် တစ်ဦးကိုတစ်ဦးအထင်သေးလာခြင်းကလည်း သင်တို့ကြားပိုပြီးဝေးကွာစေပါတယ်။ အဲဒါကိုမှ ပြုပြင်ယူလိုက်မယ်လို့များတွေးလိုက်ရင်တော့ သင်မှားသွားပါလိမ့်မယ်။ လူတစ်ယောက်ကို သူကိုယ်တိုင်မပြုပြင်ဘဲ အခြားသူတစ်ယောက်က ပြုပြင်ဖို့ဆိုတာ လုံးဝမလွယ်တဲ့ကိစ္စပဲဖြစ်ပါတယ်။

၄) ခြိမ်းခြောက်ခံရခြင်း
သင့်စိတ်ထဲမှာ သင့်ချစ်သူကို သင်အရမ်းကြောက်လန့်နေရတယ်၊ သင့်ကိုတခုခုဆို “ဘာလုပ်လိုက်မယ်…” ဆိုပြီးခြိမ်းခြောက်တတ်ခြင်းဟာ သင့်အတွက်ရေရှည်အဆင်မပြေနိုင်ပါဘူး။ ကြာလာရင် စိတ်ရောဂါလိုမျိုး စိုးရိမ်ပူပန်မှုလွန်ကဲလာတာမျိုးတောင်ဖြစ်နိုင်ပါတယ်။ အဲဒီ့လို တခုခုဆို ခြိမ်းခြောက်တတ်တဲ့ချစ်သူမျိုးကို ကြောက်လန့်ပြီး လက်ထပ်လိုက်ခြင်းဟာ သင့်ဘဝကိုသင်ချောက်ထဲခုန်ချလိုက်တာနဲ့အတူတူပါပဲ။

၅) ကိုယ်ထိလက်ရောက်နှိပ်စက်တတ်ခြင်း
အဆိုးဆုံးကတော့ ခြိမ်းခြောက်ရုံမက ကိုယ်ထိလက်ရောက်ပါနှိပ်စက်မယ်ဆိုရင် အဆိုးဆုံးအခြေအနေပါ။ ကိုယ့်ကိုချစ်သူဘဝမှာတင် ကိုယ်ထိလက်ရောက်ရိုက်နှက်တတ်တဲ့သူမျိုးက သင်လက်ထပ်ပြီးရင်လည်း သင့်ကို ထပ်ပြီးနှိပ်စက်အုံးမှာပါ။ အဲဒါကိုမှ ကြောက်လန့်တကြား လက်ထပ်လိုက်မိရင်တော့ သင့်သေတွင်းသင်တူးတာနဲ့အတူတူပါပဲ။ ချစ်သူဘဝမှာတင် ပြတ်သားစွာ အဆက်ဖြတ်လိုက်တာ အကောင်းဆုံးပါပဲ။

၆) သံသယများခြင်း
သံသယများတဲ့လူအနားမှာနေတာကြာလာတဲ့အခါ သင်ကိုယ်တိုင် ယုံကြည်မှုအားနည်းလာတတ်သလို၊ တခုခုဆို ကြောက်လန့်နေရတတ်ပါတယ်။ အဲဒါကအချိန်ကြာလေ လူတောမတိုးလေဖြစ်နိုင်ပါတယ်။ ကြောက်လန့်မှုကြောင့် ဘယ်နေရာမှ မသွားရဲမလာရဲ၊ သွားလိုက်ပြန်ရင်လည်း ကိုယ့်ကို ဘာတွေစွပ်စွဲမလဲ ကြိုတွေးကြောက်နေရပါလိမ့်မယ်။ အဲဒီလိုသံသယများတဲ့လူဟာ လက်ထပ်ပြီးရင်လည်း သင့်ကို ပိုတောင် သံသယပေါင်းများစွာနဲ့နှိပ်စက်မှာပါ။

၇) အမှားမပြင်ခြင်း
ဘယ်တော့မှ အမှားမပြင်တတ်တဲ့သူမျိုးကလည်း လက်မထပ်သင့်တဲ့အထဲထိပ်ဆုံးကပါပါတယ်။ ကိုယ့်ကိုယ်ကိုယ်မမှားဘူးလို့အမြဲထင်နေတဲ့သူမျိုးမို့ ဘယ်တော့မှ အမှားလည်း ပြင်မှာမဟုတ်ပါဘူး။ အမှားတွေများလာလေ သူ့ဘဝမတိုးတက်လေဖြစ်နေမှာပါ။ ဒါပေမယ့် သူ့ကိုယ်သူတော့ အရမ်းမှန်တယ်ထင်နေတဲ့အတွက် ဘယ်သူကမှ ပြုပြင်ပေးလို့ရမှာမဟုတ်ပါဘူး။ အဲဒီလိုလူမျိုးကတော့ သင့်ကိုတစ်သက်လုံးစိတ်ဆင်းရဲမယ့်သူမျိုးပါ။

သင့်ချစ်သူနဲ့ပတ်သက်ပြီး အထက်ကခံစားချက်တွေထဲက တစ်ခုခုခံစားနေရတယ်ဆိုရင်တော့ ပြတ်သားစွာ၊ အချိန်မီတုန်းအဆက်ဖြတ်သင့်နေပါပြီ။ သတိထားရမှာက ချစ်သူဘဝဆိုတာက သူစိမ်းတွေအဆင့်ပဲရှိသေးတာမို့ ကိုယ့်ဘက်က ဘာကိုမှအယုံမလွယ်မိဖို့နဲ့ ဘာကိုမှလည်း မပေးဆပ်ထားဖို့ သတိထားသင့်ပါတယ်။ မဟုတ်ရင်တော့ ယောကျာ်းလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်စိတ်ထဲနှစ်ထားမိတဲ့အခါ ပြန်ထုတ်ဖို့မလွယ်သလို ခံစားရသူကကိုယ်ပဲဖြစ်မှာပါ။ နောက်ဆုံး တစက်မှ ကိုယ့်အပေါ်မကောင်းတဲ့သူမှန်းသိသိကြီးနဲ့ လက်မလွတ်နိုင်တဲ့အခါ ကိုယ်ပဲ တစ်ဘဝလုံးနာကျင်သထက်နာကျင်ရမှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။