ဘဝကပေးသလောက်နဲ့ အကောင်းဆုံးကြိုးစားဖို့ပဲလိုပါတယ်။

များသောအားဖြင့် လူတွေက ကိုယ့်လက်ထဲဆုပ်ကိုင်ထားတဲ့အရာတွေကို မမြင်တတ်ကြဘဲ ခပ်လှမ်းလှမ်းက ကိုယ်မြင်နေရတဲ့အရာတွေကိုသာ မြင်တတ်ကြပါတယ်။ တနည်းအားဖြင့် ကိုယ်မရထားတဲ့အရာတွေကို လိုချင်တပ်မက်စိတ်ကြောင့် ပူလောင်နေပြီး ကိုယ်ရထားတဲ့အရာကိုတော့ မေ့နေတတ်ပါတယ်။ ကိုယ်ရထားတဲ့အရာဆိုတာက ဘဝက ပေးထားတဲ့အရာတွေပေါ့။


ဥပမာ။ သင့်ရဲ့ပင်ကိုယ်ရုပ်ရည်ထဲက လှပတဲ့အစိတ်အပိုင်းကိုတော့ မမြင်ဘဲ အခြားသူတွေရဲ့လှပမှုကို လိုချင်စိတ်ဖြစ်နေသလို ကိုယ်ပိုင်ဆိုင်ထားတာကိုကျတော့ မလိုချင်တဲ့စိတ်မျိုး၊ ဥပမာ။ သင့်မှာ မိဘတစ်ယောက်ယောက်ဆုံးသွားပေမယ့် ကျန်ရှိနေတဲ့မိဘကို ဂရုမစိုက်ဘဲ ဆုံးပါးသွားတဲ့မိဘကိုသာ တမ်းတနေတာမျိုးပေါ့။ လက်ရှိကိုယ်စိတ်ဝင်စားတဲ့သင်တန်းကြေးက များလွန်းတာကြောင့်မတတ်နိုင်တာကိုပဲ စိတ်မကောင်းဖြစ်နေပြီး အလားတူသင်တန်းကိုပဲ အခြားပညာဒါနသင်တန်းမျိုးတွေကို တက်ဖို့မစဉ်းစားတာမျိုးပေါ့။
တနည်းအားဖြင့်တော့ ကိုယ်ရရှိပိုင်ဆိုင်ထားတာကို တန်ဖိုးမထားဘဲ မရနိုင်တာကိုပဲ လိုချင်နေတဲ့စိတ်ပူပန်စိတ်ပါ။ အဲဒီ့လို ပူပန်စိတ်များပြီး ကိုယ်ပိုင်ဆိုင်ထားသလောက်နဲ့ ဘာလုပ်နိုင်လဲဆိုတာကိုပါ မေ့သွားတော့တာပါပဲ။
“You have to do the best with what God gave you.” – Mrs. Gump ဆိုတဲ့ Forrest Gump ဇာတ်ကားထဲက စာသားလေးလိုပေါ့။ ဘုရားသခင်က သင့်ကိုဘာပေးထားသလဲ၊ ပေးထားတဲ့အရာလေးတွေနဲ့ အကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့က သင့်တာဝန်ပါပဲနော်။ မြန်မာပြည်မှာဆိုရင် နာမည်ကြီးအဆိုတော်ဖြစ်သွားတဲ့ဖြိုးမြတ်အောင်ကိုကြည့်ပါ။ သူဟာ အဆိုတော်မျိုးရိုးလည်းမရှိ၊ နယ်ဘက်မှာနေတဲ့အတွက် အဆိုတော်ဖြစ်မယ့်လမ်းကြောင်းပေါ်ရောက်ဖို့ဆိုတာ သူ့အတွက် အလှမ်းဝေးတာပါပဲ။ တနည်းအားဖြင့် သူ့အတွက် ဘဝကပေးထားတဲ့အရာက အဆိုတော်မျိုးရိုးမရှိဘူး၊ နယ်ဘက်မှာနေရတယ် စတာတွေက သူ့ရဲ့ရထားတဲ့အခြေအနေ။ အဲဒီ့အခြေအနေတွေပေါ်ကနေမှ ဘယ်လိုမျိုးအကောင်းဆုံးကြိုးစားခဲ့သလဲဆိုတာက နောက်ဆုံးရလဒ်ပေါ်မှာသွားပြီး ပြသနေတာပါပဲ။
အဲဒီလိုပါပဲ….မစုပုံချစ်ဆိုရင်လည်း အလားတူပါပဲ။ သူ့ကို ဘဝကပေးထားတဲ့အရာက မွေးရာပါ ကိုယ်လက်အဂါၤပါပဲ။ သူ့ဘဝကပေးထားသလောက်နဲ့ သူအကောင်းဆုံးကြိုးစားနိုင်ခဲ့လို့ ဆယ်တန်းကိုလည်း ဂုဏ်ထူး၄ဘာသာရသလို နည်းပညာတက္ကသိုလ်မှဘွဲ့ရခဲ့သလို၊ သြစတြေးလျတက္ကသိုလ်မှာ ဘွဲ့ရခဲ့ပါသေးတယ်။

ပြောချင်တာက ဘဝက သင့်ကိုချပေးသလောက်နဲ့ သင်အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့က သင်တတ်နိုင်တဲ့အရာပါ။ အဲဒါကို မသိနိုင်ဘဲ “ငါ့ကိုတော့ ဘာမပေးလို့၊ ငါ့မှာတော့ ဘာမရှိလု့ိ၊ မိဘကမထောက်ပံ့နိုင်လို့၊ ဆင်းရဲတဲ့မိဘကမွေးလာလို့၊” စသဖြင့် ညည်းညူနေခြင်းဟာ ကိုယ့်အပြစ်ကို မမြင်ဘဲ အခြားသူအပြစ်ကိုလိုက်ရှာပြောနေသလိုဖြစ်နေတာပါပဲ။ ကိုယ်လက်ရှိရထားတဲ့အခြေအနေနဲ့ ကိုယ်တိုင်ဆုပ်ကိုင်ထားနိုင်တာက ထိုအခြေအနေအတိုင်း အကောင်းဆုံးကြိုးစားမယ်ဆိုတာပါပဲ။ တကယ်သာဖြစ်ချင်စိတ်ရှိရင် မဖြစ်နိုင်ဘူးဆိုတဲ့စကားတွေထက် ဖြစ်အောင်လုပ်နိုင်မယ့်နည်းလမ်းကိုသာ ရှာတတ်ပါတယ်။ “တကယ်ဖြစ်ချင်ရင် ဘယ်လိုဖြစ်အောင်လုပ်မလဲသာစဉ်းစားပါ”
သင့်စိတ်ထဲ တကယ်ဖြစ်ချင်စိတ်ရှိရင် ခုလက်ရှိ သင့်လက်ထဲမှာ ရှိနေတာလေးနဲ့စတင်ဖို့ပါပဲ။ Forrest Gump ဇာတ်ကားလေးကို ဘယ်အချိန်ကြည့်ကြည့်မရိုးနိုင်အောင် ခွန်အားရစေပါတယ်။ Forrest Gump ဆိုတဲ့လူငယ်လေးက ဘဝကပေးသလောက် ခြေထောက်လည်းမသန်၊ ဦးနှောက်လည်းသိပ်မကောင်းဘူးလို့ သတ်မှတ်ကြပေမယ့် ထိုဘဝပေးအခြေအနေတွေထဲမှာပဲ ကိုယ်လုပ်နိုင်တာကို ထပ်ခါထပ်ခါလုပ်ရင်းနဲ့ ခြေထောက်မသန်တဲ့ကောင်လေးကနေ အပြေးမြန်တဲ့ကောင်လေးဖြစ်လာသလို အချမ်းသာဆုံးသူဌေးကြီးဖြစ်သွားခဲ့တာပါပဲ။ တကယ့်လက်တွေ့ဘဝမှာ ကျွန်တော်တို့ဟာ ငွေပုံထဲထိုင်နေတဲ့ မီလျှံနာကြီးတွေဖြစ်မှ အောင်မြင်တာမဟုတ်ပါဘူး။ သင်လက်ရှိအခြေအနေကနေ ရအောင်ကြိုးစားရင်ဆိုင်ပြီး လက်ရှိအခြေအနေထက် ပိုသာတဲ့နေရာတစ်ခုကို ရောက်အောင်ကြိုးစားခြင်းကလည်း အောင်မြင်ခြင်းပါပဲ။ မစုပုံချစ်လို လူအားလုံးက လုပ်နိုင်မှာမဟုတ်ဘူးလို့ အကြမ်းဖြင်းသတ်မှတ်တဲ့အရာမျိုးတွေကို ရအောင်လုပ်ပြနိုင်ခြင်းဟာလည်း ဘဝကပေးတဲ့အခက်အခဲကြားကနေ အောင်မြင်အောင် အကောင်းဆုံးကြိုးစားခြင်းပါပဲ။ ဖြိုးမြတ်အောင်လို နယ်ဘက်ကနေလာပြီး နိုင်ငံကျော်အဆိုတော်ဖြစ်လာအောင် အကောင်းဆုံးကြိုးစားခဲ့ခြင်းဟာလည်း အောင်မြင်ခြင်းပါပဲ။ ဥပမာ မိဘကဆင်းရဲလို့၊ အဝေးသင်တက်ရင်း သာမန်ဘွဲ့လေးပဲရတယ်ဆိုတာ ဘဝရဲ့အခြေအနေပါ။ ထိုအခြေအနေကနေမှ ကိုယ့်ဟာကိုယ် တတ်နိုင်တဲ့ပညာဒါနသင်တန်းလေးတက်မယ်၊ သေချာကျွမ်းကျင်အောင်လေ့လာလိုက်စားမယ်၊ ဘာသာစကားသင်တန်းတက်မယ် သေချာကျွမ်းကျင်အောင်သင်ယူမယ်ဆိုတာ ကိုယ်လုပ်နိုင်တဲ့အရာတွေပါ။ ကိုယ်တိုင်လုပ်နိုင်တဲ့အရာတွေပေါ်မှာ သေချာအာရုံစိုက်ကျွမ်းကျင်အောင်လေ့ကျင့်နိုင်တဲ့အခါ နည်းပညာကျွမ်းကျင်လာမယ်၊ ဘာသာစကားကျွမ်းကျင်လာမယ်ဆိုရင်လည်။ သာမန်ဘွဲ့ရတစ်ယောက်ဖြစ်ပေမယ့် သာမန်ဘွဲ့ရချင်းတူပေမယ့် လစာချင်းက တချင်မှတူတော့မှာပါ။ အဲဒါက ဘဝကပေးသလောက်နဲ့ ကိုယ်တိုင်အကောင်းဆုံးကြိုးစားခြင်းရဲ့ရလဒ်ပဲပေါ့။ အဲဒါသည်လည်း အောင်မြင်ခြင်းပဲပေါ့။ အဲဒီလိုမဟုတ်ဘဲ “ဆင်းရဲတဲ့မိဘက မွေးလာတာကြောင့် ဘယ်ဈေးကြီးတဲ့ နာမည်ကြီးသင်တန်းကိုမှမတက်နိုင်ဘူးဆိုပြီး အပြစ်တင်နေလို့တော့ ဘယ်အဆင့်ကိုမှရောက်လာမှာမဟုတ်ပါဘူး။

အဲဒါကြောင့် ဘဝက ပေးတဲ့အခြေအနေအတိုင်းကို လက်ခံပါ။ လက်ခံထားတဲ့အခြေအနေကနေမှတဆင့် ကိုယ်ဖြစ်ချင်တဲ့လမ်းကြောင်းကိုသွားဖို့ ဘာလုပ်သင့်သလဲဆိုတာ၊ ဘယ်လိုမျိုးသွားရင်ဖြစ်နိုင်မလဲဆိုတာကို တွေးပါ။ ဘဝက ပေးတဲ့အခြေအနေချင်း တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက် “သူတော့ဘယ်လောက်အောင်မြင်နေပြီ၊ ငါတော့ မအောင်မြင်သေးဘူးရယ်” လို့တော့ နှိုင်းယှဉ်လို့မရပါဘူး။ ယုန်နဲ့လိပ်က အပြေးမြန်နှုန်းချင်းမတူသလိုပေါ့။ ဒါပေမယ့် ယုန်လို အားသာချက်ရှိတယ်ဆိုပြီး အေးဆေးအိပ်နေရင်လည်း ဘယ်ပန်းတိုင်ကိုမှရောက်မှာမဟုတ်ပါဘူး။ လိပ်လိုမျိုး အားသာချက်ဘယ်နေရာမှာမှ မရှိပါဘူးဆိုပြီး ထိုင်စိတ်ညစ်နေရင်လည်း ဘယ်နေရာမှာမှ အောင်မြင်နိုင်မှာမဟုတ်ပါဘူး။ အဓိကက ကိုယ်ဟာ ယုန်ဖြစ်နေလည်း ယုန်ဘဝကိုလက်ခံပြီး အစွမ်းကုန်ကြိုးစားရမယ်၊ လိပ်ဖြစ်နေလည်း လိပ်လိုအစွမ်းကုန်ကြိုးစားရမှာပါပဲ။ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ဘဝကပေးထားတဲ့အခြေအနေအတိုင်း မဆုတ်မနစ် အကောင်းဆုံးကြိုးစားဖို့သာလိုပါတယ်။ သတိထားရမှာက ကိုယ့်ဘဝကိုအရှိအတိုင်းလက်မခံဘဲ ရေသာခို၊ အမြန်နည်းနဲ့ အကူအညီအထောက်အပံ့ယူပြီး အောင်မြင်အောင်ကြိုးစားခြင်းဟာလည်း ခပ်မြန်မြန်အောင်မြင်နိုင်တယ်လို့ထင်စရာရှိပေမယ့် တကယ်တမ်းအရေးကြုံလာတဲ့အခါမှာဖြစ်ဖြစ် ပြိုလဲတဲ့အခါမှာဖြစ်ဖြစ် ကိုယ်ပိုင်ကြိုးစားအားထုတ်မှုမရှိတဲ့အခါ ဘာကိုမှပြန်လည်မတည်ဆောက်နိုင်ပါဘူး။

ကိုယ့်ဘဝအခြေအနေနဲ့ကိုယ် အောက်သက်ကျေအောင် နဖူးကချွေး ခြေမကျအောင် ကြိုးစားသူကတော့ သူ့ရဲ့ပင်ကိုယ်စွမ်းရည်ကို အစွမ်းကုန်ထုတ်သုံးထားသူဖြစ်တာကြောင့် ဘယ်လိုအခြေအနေဖြစ်ဖြစ် ရှင်သန်နိုင်ပါတယ်။ အဲဒါကြောင့် ဘဝက ပေးတဲ့အခြေအနေပေါ်မှာ ကိုယ်တိုင်အစွမ်းကုန်အကောင်းဆုံးဖြစ်အောင်သာကြိုးစားပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။