သင့်ချစ်သူက သင့်အပေါ်အချစ်လျော့နေပြီမှန်း သိသာစေတဲ့လက္ခဏာများ

တခါတလေကျတော့ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့ချစ်သူကို တကယ်ချစ်တာမှန်ပေမယ့် ထိုချစ်သူက ကိုယ်နဲ့ရေရှည်လက်တွဲလို့အဆင်ပြေနိုင်မယ့်သူမျိုးဟုတ်မဟုတ် ဆိုတာ တခါပြန်စဉ်းစားတွေးတောရပါသေးတယ်။ ချစ်သူအဖြစ်ကနေ အပြန်အလှန်လေ့လာသုံးသပ်ကြည့်ပြီး အရာအားလုံးအဆင်ပြေနေပါတယ်ဆိုတဲ့လူမျိုးဆိုရင်တောင် တကယ်တမ်းလက်တွေ့ဘဝကို အတူရင်ဆိုင်ကြတဲ့အခါမှာ ပြဿနာတွေကြုံရတတ်ပါသေးတယ်။ အဲဒါကြောင့် ချစ်သူဘဝမှာတင် ကိုယ်က လေ့လာသုံးသပ်ကြည့်သင့်ပါတယ်။ ထိုအဆင့်မှာ လေ့လာသုံးသပ်ကြည့်ပြီး ကိုယ့်အတွက် ဘဝတစ်ခုလုံးလက်တွဲလို့အဆင်မပြေနိုင်ဘူးထင်မြင်ယူဆတဲ့အခါ လက်တွဲဖြုတ်လိုက်တာက နှစ်ဦးနှစ်ဖက်လုံးနစ်နာမှုနည်းပါတယ်။ အပြစ်မရှိဘဲ ကြားကနေ အခြားသူတွေထိခိုက်နစ်နာမယ့်ဘေးကနေလည်း ဝေးစေပါတယ်။ အဲဒါကြောင့် သင်တို့ဆက်ဆံရေးကြားမှာ ဘယ်လိုလက္ခဏာမျိုး၊ ဒါမှမဟုတ် ဘယ်လိုအပြုအမူမျိုးပြနေပြီလဲဆိုတာကို သင်လေ့လာကြည့်လိုက်တာနဲ့တင် သင်လက်တွဲဖြုတ်သင့်မဖြုတ်သင့်စဉ်းစားမိစေမယ့် အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။


၁) သင့်ကို အာရုံမရှိတော့တာမျိုး
ချစ်စခင်စမှာတော့ သင်ဘာလုပ်လုပ်ချစ်စရာကောင်းနေတာမျိုး၊ သင်လုပ်သမျှ အရမ်းကို attention ရနိုင်ပါတယ်။ ဒါပေမယ့် ချစ်သူသက်အနည်းငယ်ကြာလာတဲ့အခါမျိုးမှာတော့ ကြုံတွေ့နေကျအပြုအမူမျိုးက ရိုးလာနိုင်ပါတယ်။ ဒါက ထုံးစံပါပဲ။ ဒါပေမယ့် ဘယ်လောက်ရိုးရိုး တကယ်တမ်းအာရုံစိုက်ပြီး အပြန်အလှန်အလေးထားရမယ့်ကိစ္စမျိုးမှာတော့ သတိလက်လွတ်မဖြစ်သင့်ပါဘူး။ အဲလိုမဟုတ်ဘဲ သင်လုပ်တဲ့အရာ၊ သင့်ရဲ့အပြော ဒါမှမဟုတ် သင်မှာထားတာမျိုးတွေ၊ သင်မှတ်မိစေချင်တဲ့အရာ ၊ မှတ်မိသင့်တဲ့အရာမျိုးတွေမှာ သိပ်အာရုံမရှိတော့တာတော့ မဖြစ်သင့်ပါဘူး။ သင်ပြောနေတဲ့စကားကို လက်လွတ်စပယ်နားထောင်ပြီး သင့်ကို ပြီးစလွယ်ပြန်ပြောတတ်တာမျိုးက သင့်ကိုအာရုံမရှိတော့မှန်းသိသာစေတဲ့လက္ခဏာတခုပါပဲ။

၂) သင့်ကို ဂရုစိုက်မှုလျှော့လာတာမျိုး
ချစ်စခင်စမှာ သည်းသည်းလှုပ်ဂရုစိုက်တတ်ကြပေမယ့် ချစ်သူသက်တမ်းကြာလာလေလေ ဂရုစိုက်မှုလျှော့လာတတ်ပါတယ်။ သင်နေမကောင်းတာမျိုး ၊ သင်တခုခုအဆင်မပြေဖြစ်တာမျိုးတွေမှာ သင်က သူ့ကိုအရေးတယူ ရင်ဖွင့်ထားပေမယ့်လည်း သူပုံစံက အင်း….အဲ……နဲ့ မတတ်သာတဲ့ပုံစံမျိုးနဲ့ ပြန်ပြောတတ်တာမျိုး၊ ဂရုစိုက်ဖို့ သတိမေ့နေတာမျိုးတောင်ဖြစ်တတ်ပါတယ်။ သတိတရနဲ့ ထမင်းစားချိန်မှာ ထမင်းစားကောင်းရဲ့လား……လို့ ုဖုန်းဆက်မေးတာ၊ မက်ဆေ့ပို့တာမျိုးတောင် မလုပ်တော့ဘူဆိုရင်တော့ သင့်အပေါ်ဂရုစိုက်မှုလျှော့လာတာသိသာနေပါပြီ။

၃) သင်နဲ့ပတ်သက်ရင် မေ့လွယ်တာမျိုး
သင်ကတော့ အရေးတကြီးနဲ့ မှာထားလိုက်ပေမယ့် သူကတော့ သင်မှာထားသမျှကို မေ့လျှော့တာများလာတာမျိုးဖြစ်တတ်ပါတယ်။ သင့်ကိုအချိန်တိုင်းအတွေးထဲရှိနေစရာမလိုပေမယ့် သင့်အရေးတကြီးမှာထားတာမျိုးကိုတော့ အမြဲလို alarm ဖြစ်နေသင့်ပါတယ်။ အဲဒါက သင့်ကိုအလေးထားတာကို ဖောြ်ပနေတာမျိုးပါ။ အဲဒီလိုမျိုးမဟုတ်ဘဲ သင့်အတွက်အရေးတကြီးဖြစ်နေပေမယ့် သူ့အတွက်က အလေးထားမှတ်ထားစရာမဖြစ်ဘဲ မေ့လွယ်လာတာက သင်တို့ကြားကဆက်ဆံရေးမှေးမှိန်လာပြီဖြစ်ကြောင်း ပြသနေတာလည်းဖြစ်နိုင်ပါတယ်။

၄) သင့်ကိုအချိန်မပေးချင်တော့တာမျိုး
ချစ်သူသဘာ၀ စကားများများပြောချင်ကြတာ ထုံးစံပါ။ ဒါပေမယ့် သင့်ချစ်သူက သင်ရောက်တတ်ရာရာစကားပြောတော့မယ်ဆိုရင် စကားလမ်းကြောင်းလွှဲပစ်လိုက်တာမျိုး၊ ဒါမှမဟုတ် စကားစကိုဖြတ်ချပစ်လိုက်ပြီး အခြားအလုပ်တစ်ခုခုကို ဆက်လုပ်နေတာမျိုးနဲ့ သင့်ကိုအချိန်မပေးချင်တဲ့ပုံစံမျိုးကလည်း သင့်ကိုစိတ်ကုန်နေမှန်းသိသာစေတဲ့လက္ခဏာဖြစ်ပါတယ်။

၅) သင်နဲ့ပတ်သက်ပြီးစိတ်မရှည်တော့တာမျိုး
သင်က အရင်လို နုနုရွရွလေးတွေ ခံစားချင်ပေမယ့် သင့်အပေါ်မှာ သူက စိတ်မရှည်တဲ့အပြုအမူမျိုး ပြနေတတ်ပါတယ်။ တခုခုဆိုရင် “ အေးကွာ….အေး…..အေး…..ဒါပဲ” ဆိုပြီး ပြီးစလွယ်နဲ့သင့်စကားကိုဖြတ်ချပစ်တာ၊ သင်က စကားတွေစီကာပတ်ကုံးပြောနေပေမယ့် သူက စိတ်မရှည်တဲ့ပုံစံနဲ့ အတင်းကို စကားစဖြတ်တာမျိုးဆိုရင်လည်း သင့်အပေါ် စိတ်မရှည်တော့တာသိသာစေပါတယ်

၆) ရှေ့ရေးတိုင်ပင်တဲ့အခါ စိတ်အားမထက်သန်တာမျိုး
ချစ်သူဘဝမှာ လက်ထပ်ဖို့တိုင်ပင်တာမျိုး၊ လက်ထပ်ပြီးရင် ဘယ်လိုမိသားစုဖြစ်ချင်တာမျိုး ဒါမှမဟုတ် လက်ထပ်ဖို့ကို ဘယ်လိုအစီအစဉ်လုပ်မလဲဆိုတာမျိုးတွေ မပြောတာ၊ ထိုကဲ့သို့အစီအစဉ်မျိုးကို စကားစမိရင် စကားလမ်းကြောင်းလွှဲတာ၊ အချိန်ရွေ့တာမျိုးတွေက သင့်ကို သူလက်ထပ်ချင်စိတ်မရှိဘူးဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။ သင်နဲ့ဘဝတစ်ခုလုံးလက်ထပ်ချင်တဲ့သူကတော့ သင်တောင်စပြီးတိုင်ပင်စရာမလိုဘဲ သူ့အစီအစဉ်တွေ သင့်ကိုချပြပြီး ရှေ့ရေးအတွေးနဲ့တင် တက်ကြွနေမှာဖြစ်ပါတယ်။

အထက်ကဖော်ပြထားတဲ့အချက်တွေက ယေဘုယျအားဖြင့်သိနိုင်တဲ့အချက်တွေဖြစ်ပါတယ်နော်။ သင့်ချစ်သူမှာ အထက်က အချက်တွေအားလုံးနီးပါးတွေ့နေရတယ်ဆိုရင်တော့ သင့်တစ်ဘဝလုံးထိုချစ်သူနဲ့လက်တွဲဖို့ကို သေချာအောင်ပြန်စဉ်းစားသင့်နေပါပြီနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။