ညင်သာစွာ ဘယ်လိုလမ်းခွဲမလဲ။

သမီးရည်းစားဘဝဆိုတာ တစ်ဘဝလုံးအတူလက်တွဲရင်ဆိုင်သွားနိုင်လောက်တဲ့ ရဲဘော်ရဲဘက်ကောင်းဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို စောင့်ကြည့်တဲ့အခြေအနေကာလ အပိုင်းအခြားတစ်ခုပါ။ ထိုကာလမှာ မဖြစ်နိုင်ဘူးလု့ိ ထင်ရင် လက်ထပ်တဲ့အဆင့်ထိမရောက်ဘဲ တစ်ဦးကိုတစ်ဦး ကောင်းမွန်စွာလမ်းခွဲလိုက်လို့ အဆင်ပြေနိုင်ပါတယ်။ (တစ်ယောက်ကို တစ်ယောက် ထိခိုက်စေတဲ့အဖြစ်အပျက်မျိုး မဖြစ်ခဲ့ကြရင်တော့ အကောင်းဆုံးပေါ့) ။


အဲဒါကြောင့် လမ်းခွဲတဲ့အခါ အဆင်အပြေဆုံးဖြစ်စေအောင် သတိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးချင်ပါတယ်။
၁) အချိန်ကို ရွေးပါ။
မနက်ခင်းအချိန်လိုမျိုး တက်ကြွမှုအပြည့်နဲ့လှုပ်ရှားရမယ့်အချိန်မျိုးမဖြစ်ပါစေနဲ့။ ထိုအချိန်မျိုးထက် ညနေ အိပ်စက်ခါနီးအချိန်လိုမျိုးရွေးချယ်တာပိုမှန်မယ်ထင်ပါတယ်။ ထိုအချိန်ဆို မကြာခင် အိပ်တော့မှာမို့ ဘယ်အကြောင်းအရာကိုမှ ဆက်တွေးဖြစ်တော့မယ်မထင်ပါဘူး။ ဒါမှမဟုတ်လည်း သင်တို့နှစ်ယောက်လုံး အားလပ်ရက်ဖြစ်ပြီး ညနေဘက်လိုအချိန်မျိုးပေါ့။

၂) တိုက်ရိုက်ဖြစ်ပါစေ၊ ရိုးသားပါစေ။
အရိုးသားဆုံးနဲ့ အမှန်ကန်ဆုံး မဖြစ်နိုင်တဲ့အကြောင်းကို ပြောပြပါ။ မပေါင်းစပ်နိုင်ရတဲ့အကြောင်းက ဘာကြောင့်ဆိုတာကို သူ့ကိုတိုက်ရိုက်ပြောပါ။ ဖုန်းဆက်တာမျိုး၊ စာပို့တာမျိုးပေါ့။

၃) အကြောင်းပြချက် ခိုင်မာစွာပေးပါ။
အရိုးသားဆုံး အကြောင်းပြချက်တစ်ခု ခိုင်မာစွာပေးပါ။ အဲလိုမဟုတ်ရင်တော့ လွမ်းစရာကြုံလာတိုင်းလဲ ဘာမှရေရေရာရာ အကြောင်းမရှိရင် “ငါ့ကိုများလွမ်းနေမလား….” ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြန်သတိရလွမ်းဆွတ်နေတတ်ပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ အဲလိုမဖြစ်ရအောင် အကြောင်းပြချက်တိတိကျကျပေးလိုက်တဲ့အခါ သူတို့ကိုယ်တိုင်လည်း လွမ်းစရာကြုံလာရင်တောင် စိတ်ပိုင်းဖြတ်နိုင်သွားပါတယ်။ အဲဒီ့အကြောင်းပြချက်က မဟုတ်ဘူးဆိုတာကို သက်သေပြမယ်ဆိုတဲ့စိတ်နဲ့လည်း လူတော်တော်များများက အကြောင်းပြချက်ခိုင်ခိုင်မာမာနဲ့ လမ်းခွဲခံလိုက်ရတဲ့အခါ တစ်ချို့ကလည်း ထိုအကြောင်းပြချက်ကို သူတို့ကိုယ်တိုင်ပြန်ပြင်ဆင်သွားနိုင်သလို၊ ပြန်ပြီးလည်း ကြိုးစားတတ်ကြပါတယ်။

၄) တစ်ဖက်သားကို ပုတ်ခတ်တဲ့ အကြောင်းပြချက်မျိုးမဖြစ်ပါစေနဲ့။
နင်တို့မိသားစုက အဆင့်အတန်းနိမ့်ကျတယ်…..ဆိုတာမျိုး၊
ငါတို့မိသားစုက အဆင့်အတန်းမြင့်တယ်ဆိုတာမျိုး၊ မတူမတန်လို့ဆိုတာမျိုး၊ နင့်ရုပ်ရည်ကြောင့်ဆိုတာမျိုး။ စသဖြင့် တဖက်သားကို ပုတ်ခတ်တဲ့ပုံစံ စကားမျိုးနဲ့ လမ်းမခွဲပါနဲ့။

၅) လူမြင်ကွင်းလိုနေရာမျိုးမှာ စကားပြောပါ။
လူမမြင်နိုင်တဲ့ နေရာမျိုးမှာ စကားပြောလို့ အဆင်မပြေသလို၊ လူတွေအများကြီး စည်ကားနေတဲ့နေရာမျိုးလည်း ပြောလို့အဆင်မပြေနိုင်ပါဘူး။ လူတွေလည်းရှိနေမယ်၊ အရမ်းလည်း လူစုလူဝေးများတဲ့နေရာမျိုးမဟုတ်တဲ့နေရာမျိုးမှာ ပြောသင့်ပါတယ်။

၆) တစ်ဖက်သားကို လေးစားမှုရှိရှိစကားပြောပါ။
လမ်းခွဲမယ်ဆိုပြီး ကြမ်းတမ်းစွာပြုမူလိုက်တာမျိုး၊ တစ်ဖက်သားကို နာကျင်အောင်လုပ်လိုက်တာမျိုး မလုပ်သင့်ပါဘူး။ လေးစားမှုရှိရှိနဲ့ ညင်သာစွာ ကိုယ်ဘာကြောင့်လမ်းခွဲရလဲဆိုတဲ့အကြောင်းကို သေချာပြောပြသင့်ပါတယ်။ ပြင်သင်တာအားလုံးပြင်ဆင်ပါ့မယ်….ဆိုပြီး နောက်တစ်ကြိမ် အခွင့်အရေးတောင်းတဲ့အခါ သင်က တကယ်စိတ်ပိုင်းဖြတ်ထားပြီးပြီဆိုတဲ့အကြောင်း ပြတ်သားစွာပြောပြပေးပါ။ အဓိကကတော့ နှစ်ယောက်လက်ထပ်ပြီး ဘဝတစ်ခုတည်ဆောက်တဲ့အခါ ပျော်ရွှင်ရမှာမဟုတ်တာက အဓိကအကြောင်းရင်းဖြစ်တဲ့အကြောင်းမျိုးပြောပြပါ။

၇) ကိုယ့်ဘက်က အမှားတွေရှိခဲ့တာမျိုးရှိရင် တောင်းပန်ပါ။
ရည်းစားသက်တမ်းတစ်လျှောက်လုံးမှာ ကိုယ့်ဘက်က အမှားအယွင်းရှိခဲ့ရင်
“ကိုယ့်အမှားတွေချည်းပဲမို့ ခွင့်လွှတ်ပေးပါ၊ ခုလို တစ်ဘဝလုံးလက်တွဲဖို့ မဖြစ်နိုင်လို့
လက်တွဲဖြုတ်ရပေမယ့် အခြားသင့်တော်တဲ့သူ၊ တစ်ဘဝလုံးလက်တွဲနိုင်တဲ့သူ၊ ကိုယ့်ထက် ပိုချစ်ပေးနိုင်မယ့်သူမျိုးကို ရှာတွေ့အုံးမှာပါ၊ ထိုသူမျိုးနဲ့လက်ထပ်ပြီး ဘဝကို ပျော်ရွှင်စွာဖြတ်သန်းပါ” ထိုစကားမျိုးနဲ့ ကောင်းမွန်စွာပြောပြီး လမ်းခွဲပါ။

အထက်က အချက်တွေက ညင်သာစွာလမ်းခွဲဖို့အတွက် အထောက်အကူဖြစ်မယ့်အချက်လေးတွေပါ။ သတိထားရမှာက မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျာ်းလေးပဲဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက် ပြန်တွေ့တဲ့အခါ မျက်နှာပူရမယ့် အလုပ်မျိုးမလုပ်မိဖို့ အရေးကြီးပါတယ်။ အထက်က ပြောခဲ့သလိုပါပဲ…….ချစ်သူရည်စားထားတယ်ဆိုတာ ကိုယ့်အတွက် တစ်ဘဝလုံးလက်ထပ်ပြီး ဘဝကို တိုက်ပွဲဝင်ဖို့အတွက် ရဲဘော်ရဲဘက်ကောင်းဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို အပြန်အလှန်လေ့လာကြာတဲ့ကာလအပိုင်းအခြားတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့် ယောကျာ်းလေးဖြစ်သူကလည်း မိန်းကလေးရှင်ဘက်က တစ်ဘဝလုံးနစ်နာမယ့် ကိစ္စမျိုးကို အခွင့်အရေးမယူသင့်သလို၊ မိန်းကလေးကလည်း လက်ထပ်ဖြစ်မလက်ထပ်ဖြစ်မသေချာသေးတဲ့အခြေအနေမျိုးမှာ ဘယ်အရာကိုမှ အယုံမလွယ်သင့်ပါဘူး။ အဲဒါမှသာ တစ်ယောက်နဲ့တစ်ယောက် ဘဝကိုလက်တွဲဖို့မဖြစ်နိုင်လို့ လမ်းခွဲရတဲ့အခါ စိတ်သန့်သန့်၊ ပြဿနာကင်းကင်းနဲ့ လမ်းခွဲနိုင်ကြမှာဖြစ်ပါတယ်ဆိုတာကို ပြောပြပေးရင်းနဲ့ ဒီဆောင်းပါးလေးကို မျှဝေပေးလိုက်ရပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။