အချစ်ကို တုံ့ပြန်ခြင်းမခံရတဲ့အခါ……

လူတိုင်း အချစ်နဲ့ကင်းမယ်မထင်ပါဘူး။ အချစ်ကို မခံစားဖူးသူ ဘယ်သူမှရှိမယ်မထင်ပါဘူး။ ကိုယ်တိုင်က ချစ်ခင်နှစ်သက်ပြီး ကိုယ့်ကိုလည်းပြန်လည်ချစ်ခင်လာတဲ့အတွက် အိမ်ထောင်ဖက်အထိဖြစ်သွားတဲ့ချစ်သူမျိုးရှိသလို ကိုယ်က အသက်လောက်ချစ်ရပေမယ့် ကိုယ့်ကိုကျ ကိုယ်ချစ်ရတဲ့သူက လုံးဝကို ခါးခါးသီးသီးနဲ့ပြန်မချစ်နိုင်တဲ့သူမျိုးလည်း ကြုံဖူးမှာပါ။ စာဖတ်သူတစ်ချို့လည်း ထိုအခြေအနေမျိုးကို ကြုံဖူးမယ်ထင်ပါတယ်။ ကိုယ်ကချစ်ရတဲ့ချစ်သူက ကိုယ့်ကိုချစ်ခြင်းနဲ့ပြန်လည်တုံ့ပြန်တဲ့အခါ ထိုခံစားချက်က ဘာနဲ့မှမတူဘဲ ဝမ်းသာပျော်ရွှင်ရသလို၊ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို မတုံ့ပြန်ဘဲ ငြင်းပယ်လိုက်တဲ့အခါမှာလည်း ထိုခံစားချက်က ဘယ်လောက်များ သင့်ကို နာကျင်စေလိမ့်မလဲ။ ခံစားဖူးတဲ့သူတိုင်း သိမှာပါနော်။ ထိုအခြေအနေမျိုးကြုံရတဲ့အခါမှာ သင်ဆိုရင်ကော ဘယ်လိုမျိုး တုံ့ပြန်မလဲ။


သင့်ကိုမချစ်နိုင်တဲ့ချစ်သူကို ရက်စက်လေခြင်း….ဆိုပြီး ဒေါသတွေထွက်လို့မရပါဘူး။ လူတိုင်းက ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပဲလေ။ ဒါပေမယ့် သင်သိထားဖို့က ရွေးချယ်တဲ့အခါ ကိုယ်ရွေးချယ်လိုက်တဲ့ရွေးချယ်မှုက ကိုယ့်အတွက် ကောင်းတဲ့ရွေးချယ်မှုဖြစ်ဖို့လိုပါတယ်။ ကိုယ့်ရဲ့ရွေးချယ်မှုအမှန်အမှားပေါ်မူတည်ပြီး ကိုယ့်ရဲ့ဘဝပေါ်ကို သက်ရောက်မှာမို့လား။ အဲဒါကြောင့် ကိုယ့်ဘဝမှာ ကိုယ့်ရဲ့ရွေးချယ်မှုကအရေးကြီးပါတယ်။ ခုပြဿနာမှာလည်း ထိုကဲ့သို့ပါပဲ။
သင်က သင်ချစ်ရတဲ့သူ၊ သင့်ကိုမချစ်တဲ့အခါ သင်ဘယ်လိုရှေ့ဆက်သွားမလဲ…..၊ သင်နာကျင်ရမှာ အမှန်ပါပဲ။ နာကျင်ပါ…..ဒါပေမယ့် ပြန်လည်ရှေ့ဆက်ပါ။ သင်နာကျင်ရတဲ့အခါ နာကျင်မှုကိုအပြည့်အဝခံစားလိုက်ပါ။ ဒါပေမယ့် သင့်ဘဝတစ်ခုလုံး စုတ်ပြတ်သတ်သွားတဲ့အထိတော့ မဖြစ်ပါစေနဲ့။ ဒီတစ်ယောက်က ငြင်းလိုက်တဲ့အခါ သင့်အတွက် သင့်အချစ်ကိုလက်ခံမယ့်သူ ဒီလောကမှာ မရှိတော့တာမဟုတ်ပါဘူး။ သင့်ရဲ့အချစ်နဲ့ သူရဲ့အချစ်နဲ့ မအပ်စက်လို့ပါ။ သင့်အချစ်လိုပဲ သင့်ကိုပြန်ပြီးချစ်နိုင်တဲ့သူမျိုးနဲ့ သင်တွေ့လာရအုံးမှာပါ။ အဲဒီ့မတိုင်ခင်စပ်ကြားမှာတော့ သင့်ဘဝကို ဒီထက်ပိုပြီး တိုးတက်လှပအောင်ကြိုးစားနေဖို့လိုပါတယ်။ သင့်အချစ်ကို ငြင်းပယ်လိုက်တဲ့သူတစ်ယောက်အတွက်နဲ့တော့ သင့်ဘဝကြီးတစ်ခုလုံးကို ပူဆွေးခြင်းတွေနဲ့ပဲ ဖျက်ဆီးလိုက်ဖို့ မလိုပါဘူး။ လူတိုင်းမှာ လွတ်လပ်ခွင့်ရှိတဲ့အတွက် သင့်ရဲ့အချစ်ကို သူက ငြင်းခွင့်ရှိသလိုပဲ၊ သူငြင်းလိုက်တဲ့အတွက်နဲ့ သင့်ဘဝကြီးတစ်ခုလုံး ပျက်စီးလိုက်မယ်ဆို တန်ရဲ့လား။ အဲဒီ့တော့ နာကျင်ပါ ၊ ခံစားပါ၊ ဒါပေမယ့် သင့်ဘဝကို ပြန်လည်ရှေ့ဆက်ပါ။ လုပ်မြဲအလုပ်တွေပျက်လောက်တဲ့အထိ မနာကျင်၊ မခံစားပါနဲ့။ သင့်ဘဝရဲ့စွမ်းဆောင်ရည်တွေ ပျက်လောက်တဲ့အထိ မနာကျင်လိုက်ပါနဲ့။ သင့်ကို ချစ်ချင်းအားဖြင့်မတုံ့ပြန်တဲ့ လူတစ်ယောက်ကြောင့် သင့်မှာရှိပြီးသားစွမ်းရည်တွေပါ အကုန်ပျက်စီးနိုင်တဲ့အထိ ခံစားတယ်ဆိုတာ တကယ်တော့မှားပါတယ်။ နာကျင်မှုကို အပြည့်အဝခံစားလိုက်ပါ။ ပေါက်ကွဲမလား….ပေါက်ကွဲပစ်ပါ၊ ငိုမလား….ငိုချလိုက်ပါ။ ဒါပေမယ့် နာကျင်မယ့်အချိန်က အကန့်အသတ်ရှိပါစေ။ အချိန်မှီ ခံစားချက်တွေကို ပေါက်ကွဲပြီး အချိန်မှီ ကန့်သတ်လိုက်ပါ။ အချိန်အတိုင်းအတာတစ်ခုလောက်အထိ ပေါက်ကွဲပြီးတဲ့နောက် နာကျင်မှုကို ရင်ထဲမှာထည့်ထားလိုက်ပါတော့။ တိုက်ဆိုင်မှုရှိလာတိုင်း ပြန်ခံစားလို့ရပါတယ်၊ ဒါပေမယ့် လက်တွေ့ဘဝနေ့ရက်တွေထဲ ပြန်သွားပါနော်။
လူတိုင်းမှာ အရည်အချင်းနဲ့ပြည့်ဝပြီး သာယာလှပတဲ့ဘဝကို လူတိုင်းလိုချင်စိတ်ရှိကြတာ သင်သိမှာပါ။ အဲလိုပါပဲ။ သင့်ဘဝသာ ဒီထက် ပိုပြီး သာယာလှပနေမယ်၊ သင့်အရည်အချင်းတွေသာ ဒီထက် နှစ်ဆ၊ သုံးဆ တိုးတက်လာမယ်၊ သင့်ရဲ့ဝင်ငွေဟာလည်း သူများထက်ကို သာနေအောင် အမြဲကြိုးစားမယ်(အရည်အချင်းကိုအသုံးပြုပြီး သမာအာဇီဝနဲ့ကြိုးစားပြီး ဝင်ငွေကောင်းလာတာမျိုးကိုပြောတာပါ) ထိုအခြေအနေမျိုး (အသည်းကွဲနေတုန်းကအခြေအနေမျိုးထက် ပိုပြီးမြင့်တဲ့အခြေအနေတစ်ခု) ကို သင်ရောက်တဲ့အခါ ထိုအခြေအနေနဲ့ကိုက်တဲ့သူကို သင်ထပ်ရှာလို့တွေ့နိုင်ပါတယ်။ သင့်ကိုငြင်းခဲ့တဲ့ချစ်သူကိုလည်း သင်ခုလိုအခြေအနေမျိုးနဲ့ ပြန်လည်ဆုံတွေ့ရမယ်ဆိုရင် လိပ်ပြာသန့်စွာ ခေါင်းမော့၊ ရင်ကော့လို့ လက်မထောင်ပြီး သင်ပြုံးရွှင်စွာ နှုတ်ဆက်နိုင်ပါလိမ့်မယ်။
သင့်ဘဝလည်း အချိန်တစ်ခုမှာ ပိုပြီးမြင့်တဲ့အဆင့်အတန်းနဲ့ ဘဝတစ်ခုကို သင်ပိုင်ဆိုင်ရပါလိမ့်မယ်။ တကယ်တော့ ဆိုးသောအခြေအနေတစ်ခုကနေ ကောင်းသောအခြေအနေတစ်ခုရောက်အောင် ဆွဲထုတ်ပြီး ကြိုးစားနိုင်ပါတယ်။ ဘယ်အခြေအနေမှာမဆို အဆိုးကြုံနေလို့ အဆိုးထဲမှာပဲ တဝဲ၀ဲလည်နေရင်တော့ အဆိုးကနေ လွတ်မြောက်မှာမဟုတ်ပါဘူး။ လွတ်မြောက်အောင် ကိုယ်တိုင်ကြိုးစားယူမှရမှာပါ။ အဲဒါကြောင့် အချစ်ကို တုံ့ပြန်ခြင်းမခံရတဲ့အခါ….နာကျင်ပါ၊ ခံစားပါ၊ ဒါပေမယ့် အချိန်တန် သင့်ဘဝကို ပြန်လည်ရှေ့ဆက်ပါနော်။
အားလုံးပဲ ပြန်လည်ရှေ့ဆက်ပြီး ဘဝကို တည်ဆောက်နိုင်ကြပါစေ။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။