သင့်ဘဝရဲ့နေ့သစ်တိုင်းမှာတွေးသင့်တဲ့အရာများ

သင့်မနက်ခင်းနိုးထလာတိုင်းမှာ သင့်ဘဝရဲ့နေ့သစ်တစ်ရက်တိုးလာသလို၊ သင့်ဘဝအတွက် ပိုကောင်းတဲ့နေ့ရက်တွေဖြစ်လာဖို့ သင်ကြိုးစားဖို့အခွင့်အရေးပါပဲ။ သင့်ဘဝရဲ့နေ့သစ်တွေတိုင်းမှာ သင်တွေးသင့်တဲ့အရာတွေက သင့်ကိုယ်သင်အားပေးတဲ့အတွေးတွေဖြစ်ဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ်အားပေးတာထက် ဘယ်သူမှ ပိုပြီးအားမပေးနိုင်ပါဘူး။ အဓိကက ကိုယ့်ရဲ့စိတ်ကို ကိုယ်တိုင်အားပေးခြင်းထက် ဘယ်သူကမှ ပိုပြီး အားပေးကူညီလို့မရနိုင်ပါဘူး။ အဲဒါကြောင့် သင့်ဘဝရဲ့နေ့သစ်တိုင်းမှာ သင့်ကိုယ်သင်အားပေးနိုင်မယ့် စကားတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ကျရှုံးတဲ့အခါ ပြန်ကြိုးစားပါ။
ကျရှုံးမှုဆိုတာက အဆုံးသတ်မဟုတ်ပါဘူး။ ထပ်မကြိုးစားတော့ဘဲ အဆုံးသတ်လိုက်တာမှ ကျရှုံးစေနိုင်တာပါ။ ကျရှုံးမှုကြုံတိုင်း သင်ခန်းစာယူပြီး အနိုင်ရဖို့ ထပ်ကြိုးစားပါ။ အဲဒါကသာ သင်ပြန်ပြီးအောင်မြင်နိုင်စေမယ့် အဓိက အချက်ဖြစ်ပါတယ်။ အဲဒါကြောင့် ကျရှုံးမှုကြုံတိုင်း ပြန်ကြိုးစားပါလို့ သင့်ကိုယ်သင်အားပေးလိုက်ပါ။

၂) ပျော်ရွှင်မှုဆိုတာ ရွေးချယ်လို့ရပါတယ်။
ပျော်ရွှင်မှုဆိုတာက သင့်ရွေးချယ်မှုပေါ်မူတည်တာပါ။ သင်က ပျော်ရွှင်ခြင်းကိုပဲရွေးမယ်ဆို သင်ပျော်ရမှာပေါ့၊ သင်က မပျော်ရွှင်ခြင်းကိုပဲ ရွေးမယ်ဆိုရင် သင်ပဲမပျော်ရွှင်ဘူးဖြစ်မှာပါ။ ပြောချင်တာက သင့်ကိုပျော်ရွှင်စေတဲ့အရာ၊ သင့်ကိုပျော်ရွှင်စေတဲ့လူတွေနဲ့သာ သင့်ကိုသင်ဝန်းရံပါ။ သင့်ဘဝမှာ သင်လုပ်ချင်တာလေးတွေ (တကယ်လည်း မှန်ကန်ပြီး တကယ်လုပ်သင့်တဲ့အရာတွေကို) လုပ်ရင်း နေပျော်အောင် သင်ရွေးချယ်နိုင်ပါတယ်။ သင့်အနားမှာ သင့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေတဲ့လူတွေကိုသာ သင်ထားပြီး ထိုလူတွေကြားထဲကနေမရုန်းထွက်မချင်း သင်ပဲ စိတ်ညစ်ရမယ်ဆိုတာမမေ့ပါနဲ့။ အဲဒါကြောင့် ပျော်ရွှင်မှု့ဆိုတာ သင့်ရွေးချယ်မှုလို့ပြောရတာပါပဲ။

၃) အတွေ့အကြုံတွေဆိုတာ ငွေနဲ့မဝယ်ယူနိုင်ပါဘူး။
ဘဝက သင့်ကိုအဆိုးတွေပေးလာတဲ့အခါ အချည်းနှီးမဖြစ်ပါဘူး။ အတွေ့အကြုံရလာတာပေါ့။ ဘဝက သင့်ကိုအကောင်းတွေချည်းပေးလာတဲ့အခါလည်း အချည်းနှီးမဖြစ်ပါဘူး။ သင့်အတွက် happy memory ပဲပေါ့။ အဲဒီ့အရာ ၂ခုလုံးက သင့်အတွက်ငွေနဲ့ပေးဝယ်လို့မရပါဘူး။ ငွေထက်ပိုတန်ဖိုးရှိစွာ သင်ရတာလို့မှတ်ထားပြီး အတွေ့အကြုံတွေကနေ သင်ခန်းစာယူပါ။

၄) အသိပညာဆိုတာ သင့်နဲ့အမြဲအတူရှိနေမယ့် ဘဏ္ဍာပါ။
အသိဉာဏ်ပညာဆိုတာ သင့်ဦးနှောက်ထဲမှာ အမြဲရှိနေနိုင်ပါတယ်။ ဘယ်သူကမှ လာခိုးယူလို့မရနိုင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာပစ္စည်းတွေ ဘယ်လောက်ပေါများချမ်းသာနေပါစေ၊ အချိန်တန် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ပျက်စီးနိုင်ပါတယ်။ ဒါပေမယ့် သင့်ဦးနှောက်ထဲက အသိဉာဏ်ပညာကတော့ သင့်ဉာဏ်ပညာအလိုက် စည်းစိမ်ဥစ္စာကို သင်ကိုယ်တိုင်အချိန်မရွေးပြန်လည်ရှာဖွေနိုင်ပါတယ်။ အဲဒါကြောင့် အသိပညာကိုသာ တိုးပွားပါစေ၊ သင့်အတွက် တစ်သက်လုံး ဘယ်သူကမှမဖျက်ဆီးနိုင်တဲ့ဘဏ္ဍပါပဲ။

၅) မနက်ဖြန်ဆိုတာနောက်ထပ်ကံကောင်းလာမယ့်နေ့ဖြစ်နိုင်ပါတယ်။
ဒီနေ့ကံဆိုးနေတယ်ဆိုရင်တောင် ဒီနေ့တစ်ရက်ပဲကံဆိုးတာပါ၊ သင့်ဘဝတစ်ခုလုံးကံဆိုးတာမဖြစ်နိုင်ပါဘူး။ မနက်ဖြန်မှာ သင်ကံကောင်းနိုင်ပါသေးတယ်။ မနက်ဖြန်သင်ကံကောင်းဖို့အတွက်က သင့်ပေါ်မှာမူတည်တယ်ဆိုတာ မမေ့ပါနဲ့နော်။ ကံကောင်းအောင် ကြိုးစားမလား၊ ကံဆိုးတာကိုပဲ အပြစ်ထိုင်တင်နေမလားဆိုတာ သင့်အပေါ်မှာ မူတည်ပါတယ်။ အဲဒီ့တော့ သင့်ကိုယ်သင်အားပေးပြီး မနက်ဖြန်ကံကောင်းဖို့ ဒီနေ့ကတည်းက ကြိုးစားလိုက်ပါ။

သင့်ဘဝမှာ စိတ်ဓာတ်ကျ၊ အားငယ်နေချိန်တိုင်း ပြန်တွေးကြည်ပါ။ သင့်ဦးနှောက်ထဲမှာ ရှိသင့်တဲ့အသိဉာဏ်ပညာရှိနေသရွေ့ သင့်အတွက် ပစ္စည်းဥစ္စာမရှားပါးသလို၊ သင့်အတွက် မနက်ဖြန်ဆိုတာရှိနေသရွေ့ သင်ပြန်ပြီး ထူမတ်နိုင်ဖို့ ကံကောင်းနေသေးတယ်ဆိုတာ သင်မမေ့ဖို ဒီစာသားလေးတွေကို မှတ်ထားလိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။