သင့်ဘဝတိုးတက်ဖို့ သင့်ကိုသင်ဝန်းရံသင့်တဲ့လူ ၅မျိုး

လူတိုင်းရဲ့ဘဝမှာ ကိုယ့်အပေါ် အဆိပ်အတောက်ဖြစ်စေတဲ့သူမျိုးတွေရော၊ ကိုယ့်အပေါ်ကောင်းတဲ့သူမျိုးတွေရော ၊ ကိုယ်အဆင်ပြေနေတာကို လိုလားသူတွေရော၊ မလိုလားသူတွေရော စသဖြင့် ကြုံဖူးကြမှာပါ။ တော်တော်များများကတော့ ကိုယ့်အတွက်အဆိပ်အတောက်ဖြစ်စေတဲ့သူတွေကို ကိုယ်တိုင်က ရှောင်ရှားတာအကောင်းဆုံးပါပဲ။ ဘာလို့လဲဆိုတော့ သင့်ဘ၀ ဒီထက်ပိုအဆင်ပြေအောင်မြင်တိုးတက်လာစေဖို့ သင်အနားမှာရှိနေတဲ့လူတွေက သင့်ကို တဖက်တလမ်းကနေ အထောက်အကူဖြစ်စေတာကြောင့်ပဲဖြစ်ပါတယ်။ Motivational speaker ဖြစ်တဲ့ Jim Rohn ကပြောဖူးပါတယ်။ “ကျွန်တော်တို့နဲ့ အချိန်အများဆုံးကုန်ဆုံးတဲ့လူ၅ယောက်ရဲ့ ပျမ်းမျှစရိုက်လက္ခဏာတွေ ကျွန်တော်တို့ထံမှာ ရှိနေတတ်ပါတယ်” တဲ့။ အမှန်ပါပဲ…..သင့်ပတ်ဝန်းကျင်မှာ မကောင်းမြင်စိတ်ရှိတဲ့လူတွေနဲ့ ဝန်းရံပါများလာရင် သင်လည်း မကြာခင် မကောင်းမြင်တတ်တဲ့စိတ်လေးကိန်းအောင်လာပါလိမ့်မယ်။ အားလုံးကို အဆိုးဘက်မြင်ပြီး စိတ်ညစ်လာပါလိမ့်မယ်။ အဲဒါဆိုရင် ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကောင်းမွန်တဲ့သူတွေနဲ့သာ ဝန်းရံခြင်းက ပိုမကောင်းဘူးလား။ ဟုတ်ပြီ ….အဲဒါဆိုရင် ဘယ်လိုလူတွေနဲ့ ဝန်းရံသင့်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။


၁) တက်ကြွတဲ့သူ
အမြဲတစေ ပျင်းရိလေးကန်တဲ့သူတွေနဲ့သာ ပေါင်းနေရင် သင့်ရဲ့တက်ကြွပြီးသားစိတ်ဓာတ်တွေတောင် တဖြေးဖြေး တိုက်စားခံလာရပါလိမ့်မယ်။ တခုခုကို ဆုံးဖြတ်ချက်ချလိုက်တိုင်း ဖြစ်အောင်လုပ်ချင်စိတ်၊ အကောင်အထည်ဖော်ချင်စိတ်နဲ့ အားကြိုးမာန်တက် တက်ကြွစွာ ပုံဖော်မယ့်သူမျိုးတွေနဲ့ သင့်ကိုယ်သင်ဝန်းရံကြည့်လိုက်ပါ။ သင်ပါ စိတ်ဓာတ်တွေ တက်ကြွဖြတ်လတ်လာမှာပါ။ ဘယ်အလုပ်မဆို စတင်ဖို့ဆုံးဖြတ်လိုက်တာနဲ့ သင်တို့အတူ တက်ကြွစွာလုပ်ကိုင်ချင်တဲ့စိတ်ရှိတော့ အလုပ်တွင်သလို၊ သင့်ဘဝလည်း တိုးတက်စေတဲ့သူတစ်မျိုးဖြစ်မှာပါ။

၂) မှန်ကန်တဲ့သူ
အမှန်တရားကို လေးစားပြီး မှန်ရာကိုသာ လုပ်ချင်စိတ်ရှိတဲ့သူက ရှားပါတယ်။ ဒါပေမယ့် ထိုရှားတဲ့သူတွေထဲမှာ သင်ပါနေရင် ဂုဏ်ယူစရာပါပဲ။ အမှန်တရားတန်ဖိုးထားတတ်တဲ့သူကလည်း အမှန်တရားတန်ဖိုးထားတတ်တဲ့ လူမျိုးဝန်းရံမှ ပိုအဆင်ပြေနိုင်ပါတယ်။ ထိုသူမျိုးက သင်မှားနေတာတွေ့ရင်တောင် အမှန်ကိုထောက်ပြပေးမယ့်သူမျိုး၊ သင့်ကို အမှားမလုပ်မိအောင် တားဆီးပေးမယ့်သူမျိုးဖြစ်ပါတယ်။ အမှန်တရားကို တကယ်လက်ကိုင်ထားတဲ့သူမျိုးကြောင့် သင့်ဘဝလည်း ဒီထက်ပိုတိုးတက်လာနိုင်ပါတယ်။

၃) အကောင်းမြင်တတ်တဲ့သူ
အကောင်းမြင်တတ်တဲ့သူကတော့ ဘဝမှာမရှိမဖြစ်လိုအပ်ပါတယ်။ အကောင်းမြင်တတ်တဲ့သူနဲ့ဝန်းရံထားတဲ့အခါ သင်ကိုယ်တိုင်လည်း အကောင်းမြင်စိတ်တိုးစေပါတယ်။ တချို့သင်တောင် မမြင်မိတဲ့အချက်လေးတွေကိုလည်း သူက မြင်ပြီး သင့်ကိုတောင် အကောင်းမြင်ဖို့ လမ်းပြတတ်မှာပါ။ အဲဒီ့အတွက် သင့်ဘဝမှာ ဘယ်လောက်အခက်ကြုံကြုံ အကောင်းဘက်ကကြည့်ပြီး ပြန်လည်ကြိုးစားတတ်လာမှာပါ။

၄) စံပြုထိုက်တဲ့သူ
ကိုယ်ကျင့်တရားကောင်းတဲ့သူ၊ ရိုးသားတဲ့သူ၊ မှန်ရာကိုသာ လုပ်တတ်သူ စသဖြင့် သူတိုယ်တိုင်လည်း ဘဝကို မှန်ကန်စွာလျှောက်လှမ်းနေပြီး ရသင့်ရထိုက်တဲ့နေရာလေးတစ်ခုမှာ အောင်မြင်နေတဲ့သူမျိုးပေါ့။ ထိုသူမျိုးဆီက ဘဝနဲ့ပတ်သက်ပြီး သင်နမူနာယူသင့်တာတွေ၊ သင်ခန်းစာယူသင့်တာတွေ၊ အောင်မြင်အောင်ဘယ်လိုကြိုးစားခဲ့ရသလဲဆိုတာတွေပေါ့ သင့်အတွက် အကုန်လုံးက အံ့အားသင့်စရာဖြစ်နေမှာပါ။ အဲဒါအပြင် ယူတတ်ရင် သင့်အတွက်တောင် တိုးတက်မှုအတွက် အထောက်အကူဖြစ်စေမှာပါ။

၅) ခွန်အားဖြစ်စေတဲ့သူ
လူရဲ့သဘောကိုက ကိုယ့်လုပ်မယ့်အလုပ်ကိုပဲဖြြစ်ဖစ်၊ ကိုယ့်ကိုကိုယ်ထောက်ခံကြတာပဲဖြစ်ဖြစ် နှစ်သက်တတ်ကြပါတယ်။ အဲလိုပါပဲ။ ကိုယ့်ကို အမြဲလို အားပေးတတ်တဲ့သူ၊ စိတ်ဓာတ်ကျနေရင် အားပေးတဲ့သူ၊ သူ့ကြည့်လိုက်တာနဲ့တင် ကိုယ့်အတွက် ခွန်အားဖြစ်စေတဲ့သူမျိုးကို သင့်အနားမှာ ဝန်းရံထားတာ သင့်အတွက် ကောင်းတဲ့ကိစ္စပါ။ သင့်ကိုအားတက်စေသလို၊ စိတ်ဓာတ်ကျ ၊ အားငယ်နေချိန်မှာ ခွန်အားဖြစ်စေမှာပါ။ သူ့ကြည့်လိုက်ရင်လည်း အမြဲလိုခွန်အားအပြည့်နဲ့ ရုန်းကန်လှုပ်ရှား၊ ကြိုးစားပမ်းစားဖြစ်နေတဲ့သူကြောင့် သင်စိတ်ဓာတ်တွေလည်း ပိုပြီး ခွန်အားဖြစ်စေမှာပါ။ သင်လုပ်မယ့်အလုပ်၊ သင်သွားမယ့်လမ်းကြောင်းကိုလည်း သူက အားပေးမှာဖြစ်ပါတယ်။
အထက်ကဖော်ပြထားတဲ့လူတွေက သင့်ဘဝတိုးတက်ဖို့အတွက် သင့်ကိုအမျိုးမျိုးတွန်းအားပေးမယ့်သူတွေဖြစ်ပါတယ်။ ထိုသူတွေရဲ့ အကျင့်စရိုက်တွေကလည်း သင့်ထံကူးစက်နေရင်တောင် သင့်အတွက် အကောင်းချည်းပါပဲနော်။ အဲလိုလူတွေက သင့်ဘဝကို အမြဲတိုးတက်နေစေဖို့ အထောက်အကူဖြစ်စေတဲ့သူတွေပဲဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။