သင့်ဘဝမှာ သင်လိုအပ်တဲ့လူ ၃မျိုး

သင့်ရဲ့ဘဝတစ်လျှောက်မှာ လူအမျိုးမျိုး၊ စိတ်အထွေထွေကြုံရမှာပါ။ သင့်ကိုဆွဲချနိုင်တဲ့သူ၊ သင့်ကိုမြင့်တင်ပေးမယ့်သူ၊ သင့်ကို ဖျက်ဆီးမယ့်သူ၊ သင့်ကို ပိုပြီးတိုးတက်စေမယ့်သူ စသဖြင့် မျိုးစုံသင်ကြုံတွေ့ရမှာပါ။ ဒါပေမယ့် အဲဒီထဲကမှ သင့်ရဲ့ပုဂ္ဂိိုလ်ရေးဆိုင်ရာဘဝနဲ့ သင့်ရဲ့အလုပ်ခွင်ထဲကဘဝတွေအတွက် သင်လိုအပ်တဲ့လူ၃မျိုး ၃စားရှိပါတယ်။ ထိုသူတွေရှိခြင်းက သင့်အတွက် ပိုကောင်းမွန်တဲ့ဘဝရဲ့အဓိပ္ပါယ်ဖြစ်လာစေနိုင်ပါတယ်။


၁) သင့်ကိုလိုအပ်နေတဲ့သူမျိုး
သင့်ကိုလိုအပ်နေတဲ့သူမျိုးက သင့်ကို ရည်မှန်းချက်တွေဖြစ်ပေါ်လာစေပါတယ်။ ဥပမာ၊ သင့်ကိုအရမ်းချစ်တဲ့ချစ်သူ ဒါမှမဟုတ် သင့်ရဲ့အိမ်ထောင်ဖက်ဇနီး ဆိုပါတော့…..။ သူနဲ့အတူနေဖို့ အိမ်တစ်လုံးဝယ်နိုင်အောင် သင်ကြိုးစားမယ်၊ ပုံမှန်ဝင်ငွေတစ်ခုဖြစ်လာအောင် သင်အလုပ်ရှာမယ်၊ ကားပိုင်ရအောင် ကားတစ်စီးဝယ်နိုင်အောင် ပိုက်ဆံစုမယ်။ စသဖြင့် သင့်ချစ်သူက သင့်ကိုလိုအပ်နေတဲ့အတွက် သင့်မှာ သူနဲ့ပတ်သက်ပြီး ရည်မှန်းချက်တွေတစ်ခုပြီးတစ်ခုသတ်မှတ်တတ်လာပါလိမ့်မယ်။ ဖြစ်မြောက်အောင်လည်း ကြိုးစားလာပါလိမ့်မယ်။ အဲလိုလူမျိုးကြောင့် သင့်ဘဝမှာ ကျားကုတ်ကျားခဲကြိုးစားတတ်လာမယ်။ သင်ခန်းစာယူတတ်လာမယ်၊ သင်ပိုပြီး ရင့်ကျက်လာဖို့ ထိုသူတွေက ကူညီပေးမှာပါ။

၂) သင့်ကို စိတ်ခွန်အားပေးနိုင်တဲ့သူမျိုး
သင့်ရှေ့မှာတင် ကျရှုံးမှုကို ကြံ့ကြံ့ခံပြီး အခါခါ လဲပြိုကျတဲ့သူ၊ ဒါပေမယ့် ပြန်ထနိုင်အောင်ကြိုးစားခဲ့တဲ့သူတွေပေါ့။ ထိုသူတွေရဲ့ ဘဝခရီးလမ်းကြမ်းတမ်းပုံက သင့်ဘဝထက် ဆယ်ဆမက ဆိုးဝါးနေတဲ့အခါ သင့်ဘဝကိုသင် ကျေးဇူးတင်တတ်လာပါလိမ့်မယ်။ သင့်ဘဝမှာ ရထားသမျှကို တန်ဖိုးထားရကောင်းမှန်းသိလာပါလိမ့်မယ်။ သင့်ထက် အဆပေါင်းများစွာဆိုးဝါးတဲ့ဘဝကို ပိုင်ဆိုင်ထားတဲ့သူတွေက သူတို့ဘဝကို နောက်ဆုံးမှာ အောင်မြင်အောင်ကြိုးစားနိုင်တာကို သင်တွေ့တဲ့အခါ သူတို့ဘဝလောက်တောင် မဆိုးဝါးသေးဘဲ ဘာကြောင့်မအောင်မြင်ရမှာလဲဆိုတဲ့စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာပါလိမ့်မယ်။ အဲဒါကြောင့် ထိုသူမျိုးက သင့်ကိုစိတ်ဓာတ်ခွန်အားပေးတဲ့သူမျိုးတွေကို သင်လိုအပ်ပါတယ်။

၃) သင်ကလည်း နှစ်သက်ပြီး သင့်ကိုလည်း ပြန်နှစ်သက်တဲ့လူမျိုး
တတိယမြောက်လူအမျိုးအစားက ပထမလူနှစ်မျိုးထက် ပိုပြီးအရေးကြီးပါတယ်။ သင့်ကို ချစ်ခြင်းမေတ္တာအားဖြင့်နှစ်သက်တာမျိုးထက် သင့်ကိုချစ်ခင်ပြီးသင့်ကို အမြဲကောင်းတဲ့အရာတွေကိုသာဖြစ်စေချင်တဲ့လူမျိုးကိုပြောတာပါ။ ပြောရရင် သင့်ရဲ့တိုးတက်ကြီးပွားခြင်းကို အမြဲရစေချင်တဲ့သူမျိုးပေါ့။ သူငယ်ချင်းကောင်း၊ လုပ်ဖော်ကိုင်ဖက်ကောင်းမျိုးဖြစ်ပါတယ်။ သင့်ဝမ်းနည်းနေရင် ပျော်ရွှင်စေမယ့်သူမျိုး၊ သင့်ရဲတိုးတက်ကြီးပွားခြင်းကို သင်နဲ့ထပ်တူပျော်ရွှင်မယ့်သူမျိုးဖြစ်ပါတယ်။ ထိုသူမျိုးက သင့်ဘဝမှာ ပူဆွေးမှု၊ နာကျင်မှု၊ ဝမ်းနည်းကြေကွဲမှုတွေကို ပြေလျော့စေမယ့်သူမျိုးဖြစ်ပါတယ်။

ထိုသူမျိုးတွေ သင့်ဘဝထဲမှာရှိထားပြီးသားဆိုရင်တော့ အထူးတလည်ကို တန်ဖိုးထားသင့်တဲ့သူမျိုးတွေပဲဖြစ်ပါတယ်နော်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။