သင့်ဘဝမှာ ထိန်းချုပ်နိုင်တဲ့အရာများ

ကျွန်တော်တို့ဘဝမှာ မထိန်းချုပ်နိုင်တဲ့အရာတွေရှိတယ်ဆိုတာကို ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် မထိန်းချုပ်နိုင်တဲ့အရာတွေကိုချည်းထိုင်တွေးနေခြင်းက အချိန်ကုန်စေသလို၊ စွမ်းရည်ကျဆင်းစေပြီး စိုးရိမ်သောကသာတိုးစေပါတယ်။ တခုမှအကျိုးမရှိနိုင်ပါဘူး။ အဲဒါကြောင့် မထိန်းချုပ်နိုင်တဲ့အရာတွေကို ဘုရားပေးတာလို့သာ သဘောထားပြီး ကိုယ်ထိန်းချုပ်နိုင်တာကိုသာ အာရုံစိုက်သင့်ပါတယ်။ ကိုယ်ထိန်းချုပ်နိုင်တာကို အာရုံစိုက်တဲ့အခါ ကိုယ့်စွမ်းရည်တွေပိုတိုးတက်လာသလို၊ ကိုယ့်ဘဝရဲ့အဆိုးတွေကိုလည်း ကျော်လွှားနိုင်စေပါတယ်။ အဲဒါကြောင့် သင့်ဘဝမှာ သင်ထိန်းချုပ်နိုင်တဲ့အရာတွေကိုဖော်ပြပေးလိုက်ပါတယ်။


၁)သင့်ပညာရေး
သင့်ပညာရေးကို သင်ကောင်းကောင်းထိန်းချုပ်နိုင်ပါတယ်။ ငယ်စဉ်မှာ ပညာကို မရရအောင် သင်ယူခြင်းက သင့်နောင်အနာဂတ်အတွက် အခြေခံကောင်းပါ။ ပညာဆိုတိုင်း မြန်မာပြည်က ဘွဲ့လက်မှတ်ရရုံလောက်ကိုပြောနေတာမဟုတ်သလို၊ နိုင်ငံခြားက တက္ကသိုလ်တွေက ဘွဲ့လက်မှတ်တွေကိုလည်းပြောချင်တာမဟုတ်ပါဘူး ရအောင်ယူနိုင်ရင်တောင် အကောင်းဆုံးပဲပေါ့။ မရနိုင်ရင်လည်း တွေးပူနေတာထက် ကိုယ့်အတွက်အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုကို ထူးချွန်လာသည်အထိ သင်ယူဖို့ပါ။ ပြင်ပက ဗဟုသုတတွေကို ကျောင်းတက်မှ သင်နိုင်တာသိနိုင်တာမဟုတ်ပါဘူး။ ပြင်ပဗဟုသုတ၊ ဒီနေ့ခေတ်နည်းပညာ၊ သတင်းစာတွေကို ဖုန်းတစ်လုံးထဲကနေတောင် သင်ယူနိုင်နေပါပြီ။ တကယ်သင်ယူရကောင်းမှန်းသိဖို့သာလိုပါတယ်။ ပညာနဲ့ဆိုင်ရာကိုဆည်းပူးစုဆောင်းထားခြင်းက သင့်အတွက် ငွေရှာလွယ်စေမယ့်ဘဏ်တိုက်ကြီးစုဆောင်းထားသလိုပါပဲ။

၂) သင့်အချိန်
သင့်မှာ အရင်းအနှီးမရှိလို့၊ သင့်မှာ မိဘဆင်းရဲလို့ ဆိုတာတွေထက် သင့်မှာ အချိန်ပေါပေါရပါတယ်။ လူတိုင်း ၂၄နာရီပိုင်ဆိုင်ပါတယ်။ သင့်အချိန်ကို ပုံမှန်အလုပ်တစ်ခုထက် ပိုလုပ်နိုင်အောင်စီမံတတ်ရင် သင်အပိုဝင်ငွေပိုရလာပါလိမ့်မယ်။ အဲဒီ့အချိန်ကို လိုသလို အသုံးချတတ်ခြင်းက သင်ထိန်းချုပ်နိုင်တဲ့အရာပါပဲ။ ကောင်းကောင်းအသုံးချတတ်ရင်ချတတ်သလို သင့်ဘဝတိုးတက်ဖို့အထောက်အကူပြုပါတယ်။

၃) သင့်ဝင်ငွေ
အချိန်လို သေချာစီမံတတ်ရင် ဝင်ငွေတိုးလာပါလိမ့်မယ်။ ဝင်ငွေတိုးလာရင် ပညာဉာဏ်ပြည့်ဝသူက ငွေကို ပြန်ခိုင်းနိုင်ပါလိမ့်မယ်။ အဲဒီ့အခါ သင့်မိဘ ဘယ်လောက်ဆင်းရဲတာ၊ သင့်အဆင့်အတန်းဘယ်လောက်နိမ့်တာတွေမလိုပါဘူး။ သင့်အားထုတ်မှုပေါ်နဲ့ သင်ခေါင်းသုံးနိုင်တဲ့ပေါ်သာမူတည်သွားတာပါ။ အဲဒါကြောင့် သင့်ဝင်ငွေတိုးမတိုးကို သင်ထိန်းချုပ်နိုင်ပါတယ်။

၄) သင့်စွမ်းရည်
အမြဲတစေ စွမ်းရည်တိုးတက်နေအောင် ကြိုးစားအားထုတ်ခြင်းက သင့်ရဲ့အရည်အချင်းတိုးတက်လာစေသလို၊ သင့်ပညာလည်းတိုးလာမယ်၊ ထိုပညာတိုးလာတဲ့အခါ သင့်ဝင်ငွေလည်းတိုးလာပါမယ်။ အဲဒါကြောင့် သင်အလကားရထားတဲ့သင့်စွမ်းရည်ကို ကောင်းကောင်းအသုံးချပါ။ သင်ထိန်းချုပ်နိုင်ပါတယ်။ သင်အစွမ်းကုန်လည်းအသုံးချနိုင်ပါတယ်။ အရိုးဆုံးပြောရရင်တော့ ဝင်ငွေတိုးချင်၊ ငွေဝင်ပေါက်များလာအောင်လုပ်ပါ၊ အလုပ်များများလုပ်ရင် ကိုယ့်စွမ်းရည်ပိုတိုးလာပါတယ်။ အလုပ်မလုပ်ဘဲ နေရင်တော့ ရှိထားတဲ့စွမ်းရည်လေးတောင် ပြန်ပြီပျောက်ကွယ်သွားနိုင်ပါတယ်။ အဲဒါကြောင့် သင့်စွမ်းရည်ကိုသင်ထိန်းချုပ်နိုင်ပါတယ်လို့ ပြောတာပါ။

၅) သင့်မိသားစုဘ၀
သင့်ငယ်ဘဝက မိသားစုဘဝက ဘယ်ဆိုးဝါးခဲ့တယ်ဆိုဆို၊ သင့်ရဲ့ကြီးပြင်းလာတဲ့ဘဝက ဘယ်လောက်ခက်ခဲခဲ့တယ်ဆိုဆို သင့်ကစတင်တည်ထောင်မယ့် မိသားစုဘဝကိုတော့ သင်အကောင်းဆုံးပြင်ဆင်ပြီးမှ တည်ထောင်နိုင်ပါတယ်။ သင့်ရွေးချယ်မှုပေါ်မူတည်ပြီး သင်ကိုယ်တိုင်ထိန်းချုပ်နိုင်ပါတယ်။ အဲဒါကြောင့် သင့်မိသားစုဘဝက ဘယ်လောက်ဆိုးကြောင်း တွေးပြီးဝမ်းမနည်းဘဲ ကိုယ့်တည်ထောင်မယ့်မိသားစုအလှည့်ကျ အကောင်းဆုံးဝင်ငွေဖြစ်အောင်၊ အသာယာဆုံးမိသားစုဘဝလေးဖြစ်အောင်၊ ထူးချွန်တဲ့သားသမီးတွေဖြစ်အောင်၊ အချင်းချင်းချစ်ခင်စည်းလုံးတဲ့မိသားစုတွေဖြစ်အောင် လုပ်ယူနိုင်ကြောင်းသတိရပါတယ်။ ကိုယ်ငယ်စဉ်ကမရခဲ့တဲ့ ပျော်ရွှင်မှုမျိုးကိုယ့်သားသမီးကိုပေးနိုင်အောင် ကြိုးစားနိုင်ကြောင်းသတိရပါ။ စတင်တည်ထောင်ကတည်းက သင့်မိသားစုဘဝကို သင်ကိုယ်တိုင်ထိန်းချုပ်နိုင်တယ်ဆိုတာ သတိရပါ။

၆)သင့်သဘောထား
သင့်သဘောထားကိုသင်ထိန်းချုပ်နိုင်ပါတယ်။ မယုံရင်သင်ထိန်းချုပ်ကြည့်ပါ သိသာလာပါလိမ့်မယ်။ အရမ်းအခက်အခဲဖြစ်နေလို့လက်မှိုင်ချနေတဲ့အချိန်မှာ စိတ်ညစ်ပြီး ငေးမှိုင်ချင်စိတ်ကို ထိန်းလို့ မရရအောင်ပြန်အကောင်းဆုံးကြိုးစားမယ်လို့တွေးပြီး ကြိုးစားကြည့်ဖို့ သင့်ကိုယ်သင်အားပေးနိုင်တယ်လေ။ အရမ်းကြပ်တည်းနေတဲ့အချိန်မှာ စိတ်ရှိတိုင်းမသုံးမဖြုန်းဘဲ ချွေတာသုံးစွဲပြီး အလုပ်ပိုလုပ်၊ ဝင်ငွေတိုးအောင်လုပ်ဖို့ သင်ကြိုးစားနိုင်တာ သင်ထိန်းချုပ်နိုင်တာပါပဲ။ သင်မကြိုးစားဘူးဆိုတာလည်း သင့်သဘောပဲလေ။ အဲဒါကြောင့် သင့်သဘောထားကို သင်ထိန်းချုပ်နိုင်ပါတယ်။ သင့်ဘဝပိုကောင်းလာဖို့က သင့်သဘောထားတွေကို ဘယ်လောက်အဆိုးကြုံကြုံ အစွမ်းကုန်ကြိုးစားမယ်ဆိုတဲ့သဘောထားအဖြစ် သင်ထိန်းချုပ်နိုင်ပါတယ်။
သင်ထိန်းချုပ်နိုင်တဲ့အရာတွေက သင်မထိန်းချုပ်နိုင်တဲ့အရာထက်တောင် ပိုများပါသေးတယ်။ သင်မထိန်းချုပ်နိုင်တာကိုသာ အာရုံထားနေခြင်းက သင်ထိန်းချုပ်နိုင်တာတွေအတွက် ကြိုးစားဖို့ အချိန်ပုပ်သွားစေပါတယ်။ အဲဒါကြောင့် သင်ထိန်းချုပ်နိုင်တာတွေကိုသာ များများအာရုံစိုက်ပြီး သင့်ဘဝကို ပိုတိုးတက်လာအောင်ကြိုးစားပါလို့တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။