ဖိအားတွေအောက်မှာ စိတ်ရှည်အောင်ဘယ်လိုလေ့ကျင့်ကြမလဲ။

ဖိအားတွေအများကြီးကြုံရတဲ့အခါ သင့်မှာစိတ်ဖိစီးမှုတွေ၊ ဒေါသတွေ၊ စိတ်မရှည်ခြင်းတွေတန်းစီဖြစ်လာနိုင်ပါတယ်။ အချို့သော စိတ်မရှည်တတ်တဲ့လူတချို့တော့မြင်ဖူးပါတယ်။ အထိခိုက်မခံတာ၊ စိတ်ရှု့ပ်ထွေးတာ မျိုးတွေဖြစ်တတ်တဲ့လူမျိုးပါ။ ထိုကဲ့သို့လူမျိုးတွေက ဆုံးဖြတ်ချက်ချရာမှာ အားနည်းတတ်ပါတယ်။ ခပ်မြန်မြန်ဆုံးဖြတ်၊ ခပ်မြန်မြန်စိတ်လိုက်မာန်ပါလုပ်တတ်သူတွေလည်းဖြစ်ပါတယ်။ လူအချို့ကတော့ ထိုကဲ့သို့ စိတ်မရှည်တဲ့လူမျိုးကို ရှောင်တတ်ကြပါတယ်။ ထိုလူတွေရဲ့ဆိုးဝါးတဲ့အမူအကျင့်တွေက သူတို့သာမက အခြားသူတွေကိုပါ ထိခိုက်စေနိုင်တာကြောင့်ပါပဲ။ အလုပ်ခွင်မှာဆိုလည်း ထိုကဲ့သို့လူမျိုးကို ခေါင်းဆောင်ရာထူး၊ ဦးစီးဦးဆောင်ရာထူးမျိုးကို မခန့်အပ်တတ်ကြပါဘူး။ မိသားစုတွင်းမှာလည်း ဆက်ဆံရေးထိခိုက်တတ်သလို၊ လူမှုဆက်ဆံရေးမှာလည်း ထိခိုက်စေပါတယ်။ စိတ်ရှည်တဲ့သူတွေက ပိုပြီးအကောင်းမြင်တတ်တဲ့သူတွေဖြစ်ပြီး သင့်ရဲ့ အလုပ်ပြီးမြောက်နိုင်စွမ်းတိုးစေသလို၊ သူငယ်ချင်းအပေါင်းအသင်းကြားမှာ၊ မိသားစုတွင်းမှာ ပိုအဆင်ပြေစေပါတယ်။ အဲဒါကြောင့် ဖိအားတွေကြုံလို့ဖြစ်ဖြစ်၊ တခုခုကြောင့် စိတ်မရှည်သလိုမျိုးခံစားရတော့မယ်ဆိုရင် အောက်ပါနည်းလမ်းလေးတွေကို တခုချင်း လိုက်နာကြည့်လိုက်ပါနော်။


၁) အသက်ရှုသွင်း၊ ရှုထုတ်ပါ။
အသက်ကို ဖြည်းဖြည်းချင်း ရှုသွင်းရှုထုတ်လုပ်ကြည့်ပါ။ ဒါမှမဟုတ် တစ်မှ တစ်ဆယ်ထိ စိတ်ထဲက ရေရွတ်ကြည့်ပါ။ အဲဒါက သင့်ရဲ့နှလုံးခုန်နှုန်းကို နှေးသွားစေပါတယ်။ သင့်ခန္ဓာကိုယ်ကိုပြေလျော့စေပါတယ်။ သင့်ရဲ့စိတ်ခံစားမှုကို ခုလက်ရှိအခြေအနေကနေ လွတ်မြောက်စေပါတယ်။ သင်က အရမ်းကို စိတ်မရှည်သလိုခံစားနေရရင် နံပါတ်တွေရွတ်တဲ့အခါ တစ်မှာ တစ်ဆယ်ထိမကဘဲ သင့်စိတ်အာရုံတည်ငြိမ်သည်အထိ စိတ်ထဲကနေ ရွတ်နေသင့်ပါတယ်။

၂) သင့်ခန္ဓာကိုယ်ကို ပြေလျော့ပါစေ။
စိတ်မရှည်တဲ့အခါ သင့်ရဲ့ကြွက်သားတွေ တင်းမာလာစေပါတယ်။ သင့်ခန္ဓာကိုယ်ကို ပြေလျော့စေခြင်းက သင့်ရဲ့စိတ်ကို အာရုံပြောင်းသွားစေပါတယ်။ သင့်ခြေချောင်းလေးတွေကို လှုပ်ကစားတာ၊ သင့်ရဲ့ခေါင်းကို ဘယ်ညာလှည့်တာ၊ သင့်ရဲ့ကြွက်သားတွေကို ပြေလျော့အောင် လှုပ်ရှားလိုက်တာမျိုး လုပ်ပေးပါ။

၃) သင့်စိတ်ခံစားချက်ကို စီမံထိန်းချုပ်ပါ။
သင့်စိတ်ခံစားချက်ကို ထိန်းချုပ်ကြည့်ပါ။ သင့်ရဲ့တုံ့ပြန်မှုက ဘယ်လိုဖြစ်မလဲဆိုတာက သင့်ရဲ့ရွေးချယ်မှုပါ။ အဲဒါကြောင့် သင်စိတ်ရှည်ဖို့ ရွေးချယ်နိုင်ပါတယ်။ သင့်ကိုသင်သတိပေးလိုက်ပါ။

၄) သင့်ရဲ့စကားကိုသတိထားပြီးမှ ပြောပါ။
သင့်စိတ်ထဲ စိတ်မရှည်သလိုခံစားရပြီဆိုတာနဲ့ သင့်ရဲ့စကားကို စိတ်ရှိတိုင်းမပြောလိုက်ဘဲ အကောင်းဆုံးဖြစ်အောင် စဉ်းစားပြီးပြောပါ။ အေးဆေးပြောနိုင်အောင် ကြိုးစားပါ။ သင့်အပြုအမူကိုလည်း နှေးကွေးစွာ ပြန်လည်တုံ့ပြန်ပါ။

၅) နားထောင်ပေးဖို့နဲ့ ကိုယ်ချင်းစာစိတ်ထားဖို့ အလေ့အကျင့်လုပ်ကြည့်ပါ။
တဖက်လူဘာပြောမလဲ၊ ဘယ်လိုခံစားနေရတာလဲဆိုတဲ့ခံစားချက်ကို ဦးစားပေးလိုက်ရင် သင့်စိတ်မရှည်တာ လျော့သွားတတ်ပါတယ်။ အခြားသူဘက်ကို အာရုံပိုပေးလိုက်ပါ။ သူတို့ဘာပြောသလဲဆိုတာကို စိတ်ရှည်ရှည်နားထောင်ပေးလိုက်ပါ။

၆) သင့်ကိုသင်စကားပြောပါ။
သင့်ကိုသင်စကားပြန်ပြောပါ။ စိတ်ရှည်ရှည်ထားဖို့၊ အကောင်းဆုံးဘယ်လိုတုံ့ပြန်နိုင်မလဲဆိုတာမျိုးပေါ့။ စိတ်မရှည်ခြင်းက ဒေါသဘက်ကို ကူးပြောင်းပြီး ဒေါသအလျှောက်တုံ့ပြန်တတ်ပါတယ်။ အဲဒါကြောင့် စိတ်အေးအေးထားတတ်အောင် သင့်ကိုသင်သတိပေးပါ။
မှတ်ထားရမှာက လူတော်တော်များများက သဘာဝအရ စိတ်ရှည်တတ်ကြပေမယ့် ကျွန်တော်တို့ စိတ်ရှည်ခြင်းကို အလေ့အကျင့်တစ်ခုလို ကျင့်ယူဖို့လိုအပ်ပါတယ်။ စိတ်ရှည်တဲ့သူက ပိုပြီး အခြားသူတွေထက် အောင်မြင်ဖို့ ပိုနီးစပ်ပါတယ်။ စိတ်ဖိစီးမှုဒဏ်ကိုလည်း ခံရခြင်း နည်းပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။