သင့်ဘဝမှာ ကြုံလာသမျှ အခက်အခဲတွေကိုကျော်လွှားနိုင်ဖို့ တည်ဆောက်သင့်သော စိတ်ထားများ

ဘဝမှာ အမြဲတမ်း မှန်ကင်းတလှည့်ထင်းတစ်လှည့်ဆိုသလိုမျိုး ကောင်းတလှည့်ဆိုးတလှည့်တော့ကြုံရမှာချည်းပါပဲ။ အကောင်းတွေချည်းဖြစ်လာဖို့မျှော်လင့်လို့မရသလို အဆိုးတွေချည်းလည်းကြုံရမှာမဟုတ်ပါဘူး။ အကောင်းချည်းကြုံနေလို့လည်း အဆိုးအတွက်ကြိုတင်ပြင်ဆင်မှုမရှိလို့လည်း မဖြစ်ပြန်ပါဘူး။ အဲဒါကြောင့် ဘဝမှာ ကြုံလာသမျှ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားသင့်တဲ့စိတ်ထားတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့
စိတ်ဓာတ်ကြံ့ခိုင်ခြင်းက လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်ပါတယ် ။နေမကောင်းခြင်းက ဆေးကုရင် ပျောက်နိုင်ပေမယ့ စိတ်နေမကောင်းတာကတော့ စိတ်နဲ့ပဲကုမှရတာမျိုးပါ။ အဲဒါကြောင့် စိတ်ဓာတ်ကြံ့ခိုင်မှုရှိခြင်းက အခက်အခဲအားလုံးကိုကျော်လွှားနိုင်ခြင်းရဲ့ အခြေခံအကြောင်းအရာပဲဖြစ်ပါတယ်။ အဲဒီ့အတွက် စိတ်ဓာတ်ကြံ့ခိုင်အောင် ဘယ်လိုကျင့်ကြံ့နေထိုင်မလဲဆိုတာမျိုးတွေသိအောင်ကြိုးစားရင်း နေထိုင်ကျင့်ကြံသင့်ပါတယ်။

၂) ကိုယ့်ကိုယ်ကိုယ်အားကိုးဖို့
ဘဝရဲ့ပြဿနာတိုင်း၊ အခက်အခဲတိုင်း၊ အကြပ်အတည်းကြုံတိုင်းမှာ ကိုယ့်ရဲ့အားကိုးရာ မိဘ၊ အဖိုးအဖွား၊ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့အကူအညီကိုရဖို့ ထိုင်မျှော်နေတာထက် ကိုယ့်ကိုယ်ကိုယ်သာအားကိုးပြီးဖြေရှင်းရမယ်ဆိုတဲ့စိတ်ထားရှိဖို့လိုအပ်ပါတယ်။ အခက်အခဲမှန်သမျှကို ဖြေရှင်းနိုင်ဖို့အတွက် အဲဒီ့ိစိတ်က အင်မတန်အရေးကြီးတာပါ။ ကိုယ့်အခက်အခဲပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက် ကိုယ်တတ်နိုင်တဲ့နည်းလမ်းနဲ့ အတတ်နိုင်ဆုံးကြိုးစားကြည့်တာက ပြဿာနာရဲ့ တစ်ဝက်နီးပါးဖြေရှင်းနိုင်ဖို့အခွင့်အလမ်းပါပဲ။ အဲဒီလိုမဟုတ်ဘဲ ဘယ်သူကတော့ ကူညီမှာပါ၊ ဘယ်ဝါကတော့ လုပ်ပေးနိုင်ကောင်းပါတယ်ဆိုတဲ့စိတ်နဲ့ ကိုယ်တိုင်ဘာမှမလုပ်ဘဲ ထိုင်မျှော်လင့်နေခြင်းဟာ သင့်ပြဿနာတွေပြေလည်မှာမဟုတ်ပါဘူး။ အဓိကက သင့်ကိုယ်သင်အားကိုးပြီး ဖြေရှင်းမယ်ဆိုတဲ့စိတ်ရှိခြင်းဟာ ပြဿနာကို အောင်နိုင်မယ့်လမ်းစပဲဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ အဲဒါကြောင့် အခက်အခဲ အကြပ်အတည်းကြုံတိုင်း “ဘယ်သူလာကူပါ့မလဲ” လို့တွေးမယ့်အစား “ငါဘယ်လိုဖြေရှင်းမလဲ” ဆိုတဲ့စိတ်သာတွေးပါ။

၃) အမှားတွေကနေ သင်ခန်းစာယူတတ်ဖို့
ဒီအချက်ကလည်း အရေးကြီးပါတယ်။ ဘာလို့ဆို လူတိုင်းဟာ အမှားနဲ့မကင်းကြပါဘူး။ အဲဒီ့အတွက် အမှားတွေထဲကနေ ဘယ်လိုမှန်အောင် သင်ခန်းစာယူပြီးရှေ့ဆက်မလဲလို့တွေးဖို့က အခက်အခဲတိုင်းကို ကျော်လွှားသွားနိုင်စေဖို့ အတွေ့အကြုံရစေပါတယ်။ အဲဒါကြောင့် အမှားကြုံမှာမကြောက်ပါနဲ့၊ အမှားတွေထဲကနေ နောက်တစ်ခါမမှားဖို့ သင်ခန်းစာယူတတ်ရင် တစ်ခါမှားတိုင်း တစ်ခါ အခက်အခဲဖြေရှင်းနိုင်ဖို့ သင်ခန်းစာရတာပါပဲ။

၄) ကိုယ်ထိန်းချုပ်နိုင်တဲ့ကိစ္စတွေမှာသာ အာရုံစိုက်ခြင်း
လူဆိုတာ တစ်ဦးတည်းရှင်သန်နိုင်တဲ့သတ္တဝါမဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မိတ်ဆွေ၊ ကိုယ်မိဘ၊ ကိုယ့်ပတ်သက်ရာပတ်သက်ကြောင်း စတာတွေရှိခြင်းကပဲ ကိုယ့်ကို အမျိုးမျိုးအာရုံနှောက်စရာတွေပေးတတ်ပါသေးတယ်။ ဒါပေမယ့် ကိုယ်အာရုံနှောက်ရတဲ့ကိစ္စတွေမှာ ကိုယ်ထိန်းချုပ်နိုင်တဲ့ကိစ္စတွေလား၊ ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေလားဆိုတာ ခွဲခြားနားလည်ရင် အခက်အခဲတွေကိုဖြေရှင်းဖို့ လွယ်သွားပါပြီ။ လူတော်တော်များများက ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေမှာ အာရုံများနေကြပြီး စိတ်ဖိစီးမှုများတတ်ကြပါတယ်။ ဥပမာ။ သင့်မိဘရဲ့ မှားယွင်းနေတဲ့အကျင့်တွေကို သင်မြင်နေရင်တောင် သင်မပြုပြင်ပေးနိုင်ပါဘူး။ ဒါက အပြစ်ပြောချင်တာမဟုတ်ပါဘူး၊ သင်မထိန်းချုပ်နိုင်တဲ့ကိစ္စဆိုတာကိုပြောချင်တာပါ။ ဥပမာ။ သင့်မိဘက ဆင်းရဲတဲ့မိဘဖြစ်နေတယ်ဆိုပါတော့ ဒါက သင်ထိန်းချုပ်နိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ သင်က ဘယ်လိုမိဘမျိုးဆီမှာမှ မွေးလာမယ်ရယ်လို့ သင်ရွေးချယ်ခွင့်မှမရှိနိုင်တာလေ။ အဲဒါတွေက သင်မထိန်းချုပ်နိုင်တဲ့ကိစ္စတွေပါ။ အဲဒီလို သင်မထိန်းချုပ်နိုင်တာကို အာရုံမထားဘဲ သင်ဘာလုပ်နိုင်သလဲဆိုတာကိုအာရုံထားရမှာပါ။ ဥပမာ။ သင့်မိဘက ဆင်းရဲတဲ့မိဘကဖြစ်နေရင် သင့်အလှည့်ကျရင် မီလျှံနာကြီးမဖြစ်နိုင်ပေမယ့် အလယ်အလတ်စားနိုင်သောက်နိုင်တဲ့အဆင့်ဖြစ်အောင် သင်မကြိုးစားနိုင်ဘူးလား။
အခုအချိန်နဲ့ယှဉ်ပြရရင် "ဘယ်သူတွေကဘာမလုပ်ဘူး၊ မကာကွယ်ဘူး၊ မပြင်ဆင်ဘူး၊ မလိုက်နာဘူး" လို့ပြောနေမယ့်အစား သင်ကိုယ်တိုင်လိုက်နာနိုင်တာလိုက်နာပါ၊ ပြင်ဆင်နိုင်တာပြင်ဆင်ပါ၊ ကာကွယ်နိုင်တာကာကွယ်ပါ အဲဒါက ပိုစိတ်ချရပါတယ်။
အဲဒါကြောင့် သင်ထိန်းချုပ်နိုင်တဲ့ကိစ္စပေါ်မှာသာ အာရုံစိုက်ပါ။ သင်မထိန်းချုပ်နိုင်တဲ့ကိစ္စအပေါ် အာရုံမများပါနဲ့။ အချိန်ကုန်တယ်၊ စိတ်ပင်ပန်းပါတယ်။

၅) အဆိုးဆုံးကိုမျှော်လင့်ပြီး အကောင်းဆုံးဖြစ်အောင်ကြိုးစားဖို့
ဒါကတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို အကောင်းချည်းဖြစ်လာမှာတွေးပြီး ပျော်နေလို့မရဘူးဆိုတာကို ကြိုတင်လက်ခံထားဖို့ပါ။ အကောင်းကြုံနေချိန်မှာလည်း အဆိုးဖြစ်လာရင် ကျော်လွှားနိုင်ဖို့ ပြင်ဆင်ထားဖို့မမေ့သင့်ပါဘူး။ အဆိုးဖြစ်နေချိန်မှာလည်း အကောင်းကိုမျှော်လင့်ပြီးအားတင်းနိုင်ဖို့ စိတ်မွေးရမှာဖြစ်ပါတယ်။ အဲဒါမှ အခြေအနေတွေ အပြောင်းအလဲတွေရဲ့ဒဏ်ကို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ အဲဒီလိုစိတ်မမွေးထားရင်တော့ ရုတ်တရက် ပြောင်းလဲတဲ့ဒဏ်ကို အံ့သြတကြီးနဲ့ ယူကြုံးမရဖြစ်သွားနိုင်ပါတယ်။
အထက်ကဖော်ပြထားတဲ့စိတ်ထားမျိုးတွေက သင့်မှာကိန်းအောင်နေအောင် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ ထိုစိတ်ထားတွေသင့်မှာ အမြစ်တွယ်နေအောင် မွေးမြူထားနိုင်ရင် ဘဝမှာ ဘယ်လိုအခက်အခဲလာလာ သင်အောင်မြင်အောင်ကျော်ဖြတ်နိုင်ပြီးတော့ သင့်ဘဝဘယ်လောက်လဲပြိုကျပါစေ ပြန်လည်တည်ဆောက်ထူထောင်နိုင်မှာပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။