ဝမ်းနည်းခြင်းတွေကိုဖယ်ရှားပစ်နိုင်မယ့်နည်းလမ်း ၅ချက်

ပျော်ရွှင်ချင်သလား၊ ဒါပေမယ့် မပျော်နိုင်လောက်အောင်စိတ်ညစ်စရာတွေထဲမှာ နစ်နေတယ်လို့ထင်သလား။ ကျွန်တော်တို့ဘဝမှာ တချို့သောအဖြစ်အပျက်တွေ ဖြစ်မလာဖို့ကို ကျွန်တော်တို့ကိုယ်တိုင် မထိန်းချုပ်နိုင်ပါဘူး။ ဖြစ်ပျက်လာတဲ့အခါမှသာ ကျွန်တော်တို့ရဲ့ခံစားချက်နဲ့ ကျွန်တော်တို့ရဲ့အတွေးတွေကိုသာ ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ခံစားချက်ကို ကျွန်တော်တို့ ကိုယ်တိုင်တောင် မထိန်းချုုပ်နိုင်ရင် ကျွန်တော်တို့ဘယ်တော့မှ ပျော်ရွှင်မှုကို အပြည့်အဝမရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဘဝဆိုတာက အမြဲစိတ်ဆင်းရဲ၊ စိတ်ညစ်စရာမျိုးက တခါမဟုတ် တခါတော့ ကြုံနေရမှာမို့လို့ပါ။ အဲဒါကြောင့် အဆိုးဆုံးအခြေအနေမှာတောင် အကောင်းဆုံးအခြေအနေတစ်ခုကိုရှာတွေ့နိုင်ဖို့က သင်က အဆိုးကိုချည်းအာရုံစိုက်ထားလို့မဖြစ်ပါဘူး။


ဝမ်းနည်းမှုဆိုတာ ရွေးချယ်မှုတစ်ခုပါပဲ။ ဝမ်းနည်းမှုဆိုတာက အကောင်အထည်ရှိတဲ့အရာမျိုးမဟုတ်ဘဲ သင်ကရွေးချယ်တဲ့အရာဖြစ်ပါတယ်။ အဲဒါကြောင့် ဝမ်းနည်းမှုကို မရွေးချယ်ဖို့ ကြိုးစားကြည့်ပါ။
၁) သင့်ရဲ့ဝမ်းနည်းမှုပုံစံကို ဆန်းစစ်ပါ။
ဝမ်းနည်းမှုက ပုံစံ ၃မျိုးခွဲနိုင်ပါတယ်။ ခဏတာဝမ်းနည်းမှု၊ ရေရှည်နာကျင်ဝမ်းနည်းမှု၊ စိတ်ဓာတ်ကျခြင်း တို့ဖြစ်ပါတယ်။
က) ခဏတာဝမ်းနည်းမှု
တစ်ရက်ကနေ တစ်ပတ်အတွင်းကြာနိုင်ပါတယ်။ တခါတရံ ဒီလိုဝမ်းနည်းရတာက အခြားသူတစ်ယောက်ယောက်ကြောင့် ဒါမှမဟုတ် အကြောင်းပြချက်တခုခုရှိနိုင်ပါတယ်။ ယေဘုယျအားဖြင့် ထိုဝမ်းနည်းမှုမျိုးခံစားနေရတဲ့အခါ အိပ်မပျော်တာ၊ ရုပ်ပိုင်းဆိုင်ရလှုပ်ရှားမှုနည်းတာ၊ စိတ်ဖိစီးမှုတွေများတာတွေနဲ့ ဆက်စပ်နေပါတယ်။ ထိုစိတ်ဖိစီးမှုနဲ့ သင့်ရဲ့ဝမ်းနည်းမှုကို ပြေပျောက်စေဖို့အတွက် အကောင်းဆုံးကတော့ ညဘက်ကိုအိပ်ရေး၀၀အိပ်ပါ၊ ကိုယ်လက်လှုပ်ရှားမှုတချို့လုပ်ပါ။ သင့်ရဲ့တစ်နေ့တာအချိန်ဇယားမှာ အနားယူသင့်တဲ့အချိန်ထားပါ။ ကျန်းမာရေးနဲ့ညီညွှတ်တာစားပါ။
ခ) ရေရှည်နာကျင်မှု
သင့်အစားထိုးမရတဲ့တစ်စုံတစ်ယောက်ဆုံးရှုံးသွားမှုမျိုးကဲ့သို့ နာကျင်ဝမ်းနည်းမှုမျိုးပါ။ ဒါမှမဟုတ် ကိုယ်နှစ်သက်ပျော်ရွှင်တဲ့အလုပ်ထွက်လိုက်ရတာ၊ အိမ်ထောင်ကွဲတာ၊ ငွေကြေးဆိုင်ရာအကြပ်အတည်းတွေ စသဖြင့်ပေါ့။ ထိုခံစားချက်တွေက သင့်ကို ပူဆွေးဝမ်းနည်းစေသလို၊ အကူအညီမဲ့သလို ခံစားရစေပါတယ်။ အဲဒီလိုအကူအညီမဲ့နေတယ်လို့ခံစားရခြင်းကပဲ သင့်ကိုပိုပြီးအချိန်ကြာမြင့်စွာဝမ်းနည်းစေတာပါပဲ။ လူတိုင်းက ဝမ်းနည်းမှု၊ နာကျင်မှု၊ ပူဆွေးမှုတွေကြုံရတဲ့အခါ အခြားလူဆီက အကူအညီမျှော်လင့်တတ်ကြပါတယ်။ အဲဒါကြောင့် အကူအညီမရှိဘူးလို့ခံစားရလေ ပိုဝမ်းနည်းလေပါပဲ။ ထိုစိတ်ကိုထိန်းချုပ်ဖို့က ကိုယ့်ကလွဲရင် ကိုယ့်ကိုကိုယ်ကူညီမယ့်သူမရှိဘူးဆိုတာပါပဲ။ ကိုယ့်စိတ်ကို ကိုယ်ပဲထိန်းချုပ်နိုင်တာမို့ ကိုယ်တိုင်ဝမ်းနည်းစိတ်ကို ထိန်းချုပ်ပါ။
(ဂ) စိတ်ဓာတ်ကျခြင်း
အထီးကျန်တယ်လို့ခံစားရမယ်၊ အကူအညီမဲ့တယ်လို့တွေးမယ်၊ မစားချင်မသောက်ချင်၊ မအိပ်ပျော်နိုင်ဖြစ်မယ် ထိုအတောအတွင်းမှာ စွမ်းအင်တွေကုန်ဆုံးသလိုခံစားလာရမယ် အဲဒါကနေမှတဆင့် စိတ်ဓာတ်ကျခြင်းဆိုတဲ့အဆင့်ကိုရောက်လာတော့တာပါပဲ။
၂) သင့်သတ်မှတ်ထားတဲ့ပျော်ရွှင်ခြင်းက ဘာလဲ။
ပျော်ရွှင်ခြင်းဆိုတာက ဝမ်းနည်းခြင်းကို ကုသပေးနိုင်တဲ့တခုတည်းသောအရာပါပဲ။ ပြောရတာတော့လွယ်ပါတယ်၊ တကယ်လုပ်ကြည့်မှ ခက်တာပါ။ ပျော်ရွှင်ဖို့ဆိုတာက ကျွန်တော်တို့နေ့စဉ်ဘဝမှာ ကျွန်တော်တို့ကို တကယ်ပျော်ရွှင်စေတဲ့အရာကိုလုပ်ကြည့်ခြင်းပါပဲ။ အပြင်ထွက်မယ်၊ သဘာဝပတ်ဝန်းကျင်ကိုလေ့လာခံစားမယ်၊ လမ်းလျှောက်မယ်၊ သူငယ်ချင်းတွေကို ရင်ဖွင့်လိုက်မယ်၊ ကိုယ်အရမ်းကြိုက်တဲ့စာအုပ်ကောင်းတစ်အုပ်ကို တိတ်ဆိတ်ငြိမ်သက်စွာဖတ်မယ် ၊ ကိုယ်အရမ်းကြိုက်တဲ့ရုပ်ရှင်ကို အေးဆေးထိုင်ကြည့်မယ် စသဖြင့် လုပ်ကြည့်ပါ။ ကျွန်တော်တို့ လုပ်ကြည်လို့ တကယ်ပျော်ရွှင်စေတဲ့အရာပေါ့ ၊ မူးယစ်ဆေးနဲ့ အရက်ဘီယာစွဲလမ်းခြင်းမျိုးမဟုတ်ဘဲ စိတ်ထဲကတကယ်ပျော်ရွှင်စေတဲ့အရာတွေကို ချရေးထားလိုက်ပါ။ တခုပြီးတခုလုပ်ကြည့်ပါ။
၃) ပျော်ရွှင်ဖို့ လေ့ကျင့်ကြည့်ပါ။
စိတ်ညစ်လေ လူတွေနဲ့ဝေးဝေးနေချင်လေပါပဲ။ ဒါပေမယ့် ပျော်ရွှင်ဖို့က သင့်စိတ်ကိုသင်တကယ်နားလည်ဖို့လည်းလိုပါတယ်။
ပျော်ရွှင်ဖို့အတွက် အရင်ဆုံး ကိုယ့်နေ့စဉ်ဘဝထဲက ကျေးဇူးတင်စရာကောင်းတာတွေရှာကြည့်ပါ။ သင့်အဆိုးတွေထဲကနေ ဒီထက်ဆိုးတဲ့အခြေအနေမျိုး မကြုံတာကိုပဲ ကျေးဇူးတင်ကြည့်ပါ။ အဆိုးတွေထဲက အကောင်းလို့ပြောလို့ရတာကို ရှာကြံတွေးကြည့်ပါ။ ကြုံလာသမျှ အခြေအနေကို လက်ခံပါ။ ကိုယ့်ကိုကိုယ်လည်း လက်ခံတတ်ပါစေ။ ကိုယ်ကြောင့်ဖြစ်လာတယ်ဆိုရင် နောက်မဖြစ်အောင် ကိုယ့်ကိုကိုယ်ထိန်းချုပ်ပါ။ သင်ခန်းစာယူသင့်တာယူပါ။ အခြားသူကြောင့်ဖြစ်တယ်ဆို လုံးဝမပတ်သက်သင့်တဲ့သူမျိုးကို ဆက်ဆံရေးပြတ်သားပါစေ။ အခြားသူတွေကို ကူညီကြည့်ပါ။ သင့်ခံစားရသက်သာပါလိမ့်မယ်။ အခြားသူကို ကူညီပေးလိုက်လို့ သင်ရလိုက်တာ ပီတီပါ။ ထိုပီတိက သင့်ကိုပျော်ရွှင်စေပါလိမ့်မယ်။
၄) ကိုယ့်ကိုကိုယ်ပိုကျန်းမာအောင်ဂရုစိုက်ပါ။
ပိုလှအောင်နေမယ်၊ ပိုပြီး သန့်ပြန့်လှပစွာ ဝတ်စားပြင်ဆင်မယ်၊ မနက်စောစောထပြီး စိတ်ပြေလက်ပျောက် လမ်းလျှောက်မယ် စသဖြင့် ကိုယ့်စိတ်ကို ပိုကောင်းတဲ့ခံစားချက်ဖြစ်လာဖို့ သင်ကိုယ်တိုင် သင့်ကိုယ်သင်ဂရုစိုက်မှရမှာပါ။ ဘယ်လိုနေရင် ကိုယ့်စိတ်ထဲ ခံစားချက်ပိုကောင်းတယ်လို့ ခံစားရသလဲ။ သင့်ကိုသင်ဆန်းစစ်ပြီး တကယ်လုပ်ဆောင်ပါ။ အိပ်ရာထဲခွေနေပြီး တစ်ယောက်တည်းတွေးနေတာက ပိုဆိုးစေပါတယ်နော်။ ကျန်းမာရေးနဲ့သင့်တော်ပြီး ကိုယ်လည်းတတ်နိုင်တဲ့ အစားအစာလေးတွေ စိတ်ပြေလက်ပျောက်ဝယ်စားမယ်၊ ဝယ်ဖြစ်ဖြစ် မဝယ်ဖြစ်ဖြစ် ကိုယ့်ကိုကိုယ်လှလှပပ ကျော့ကော့နေအောင် ပြင်ဆင်ပြီး ရှော့ပင်းစင်တာထဲ လျှောက်ကြည့်မယ်၊ ကိုယ့်ကိုကိုယ်လှပတယ်လို့ထင်ခြင်းကလည်း ပျော်ရွှင်ခြင်းတစ်မျိုးပါပဲ။ ကိုယ့်ကိုကိုယ်ပိုချစ်ဖို့ ကြိုးစားတဲ့အနေနဲ့ ဝမ်းမနည်းဘူးလို့ ပြောကြည့်ပါ။
၅) ပိုပြီးပျော်ရွှင်အောင်နေမယ်….လို့ ကိုယ့်ကိုကိုယ်ကတိပေးပါ။
ကိုယ်ဝမ်းနည်းစရာအတွေးတွေ ဝင်လာတိုင်း အိပ်မက်ကလန့်နိုးလာတဲ့လူလိုမျိုး ကိုယ့်ကိုကိုယ် သတိပေးပါ။ ဝမ်းနည်းစရာတွေ….မတွေးနဲ့….။ ဒီထက် ကိုယ့်ကိုကိုယ်ပိုချစ်မယ်။ ပိုပြီးပျော်ရွှင်စရာတွေပဲ တွေးမယ်။ ပိုပျော်အောင်နေမယ်….လို့ ကိုယ့်ကိုကိုယ် ကတိပေးပါ။ ကိုယ်တိုင်လေ့ကျင့်ယူပါ။
“အခြားသူတွေရဲ့ ပြီးပြည့်စုံမှုကိုပဲ လိုက်ကြည့်နေရင် သင့်ကိုသင်ဘယ်တော့မှ ပြီးပြည့်စုံတယ်လို့ထင်မှာမဟုတ်ဘူး။ သင့်ရဲ့ပျော်ရွှင်မှုက ငွေကြေးပေါ်မူတည်နေတယ်ဆိုရင် သင်ဘယ်တော့မှ ပျော်ရွှင်နိုင်မှာမဟုတ်ဘူး။ သင့်မှာရှိနေတာလေးတွေနဲ့သာ ပျော်အောင်နေတတ်ပါစေ။ သင့်မှာ ချို့တဲ့နေတာ ဘာမှမရှိဘူးလို့ သင့်ကိုသင်ထင်နေတဲ့အခါ ကမ္ဘာကြီးတစ်ခုလုံးပြည့်စုံနေသလို သင်ခံစားရပါလိမ့်မယ်။” လို့ တရုတ်အတွေးအခေါ်ပညာရှင် Lao Tzu ကပြောထားပါတယ်။ အမှန်ပါပဲနော်။ သင့်ကိုသင်မပြည့်စုံဘူးလို့ထင်နေသမျှတော့ သင်ဘယ်ပျော်နိုင်ပါ့မလဲ။ သင့်စိတ်ထဲ အရာအားလုံးပြည့်စုံနေပြီလို တွေးနေပြီဆိုရင် ဘယ်အရာမှတောင် မလိုအပ်တော့ဘူးလို့ သင်ထင်နေမှာပါပဲ။ အဲဒါကြောင့် သင့်စိတ်ကိုသာသင်ထိန်းချုပ်ဖို့ကြိုးစားကြည့်ပါ။ ပျော်ရွှင်ဖို့လေ့ကျင့် ပါ။ ကိုယ်မလုပ်နိုင်လို့ ဝမ်းနည်းနေတာတွေကို မေ့ပြစ်ပြီး ခုချိန်ထိ ကိုယ်လုပ်နိုင်တာလေးတွေကို ကျေးဇူးတင်လိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။