သင့်ဘဝကိုထိန်းချုပ်မခံသင့်သောအရာများ

သင့်ဘဝကို အောက်ပါအချက်တွေရဲ့ထိန်းချုပ်မှုတွေ မခံသင့်ပါဘူး။ တကယ်လို့ သင့်ဘဝကို ပိုကောင်းလာဖို့ဆိုရင် ကောင်းတဲ့အချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ရမှာပါပဲ။ ဒါပေမယ့် ဒီအချက်တွေက သင့်ဘဝကို အဆိုးဘက်ကနေ ထိန်းချုပ်တဲ့အချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေရဲ့ထိန်းချုပ်မှုကိုခံလိုက်မယ်ဆိုရင် သင့်ဘဝအတွက်တိုးတက်မှုတွေတောင် ရပ်ဆိုင်းသွားနိုင်ပါတယ်။ အဲဒါကြောင့် သင့်ဘဝအတွက်ထိန်းချုပ်မခံသင့်သောအချက်များနှင့်ဘာကြောင့်ထိန်းချုပ်မခံသင့်တာလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။


၁) အတိတ်ကဖြစ်ရပ်များ
သင့်ဘဝရဲ့အတိတ်မှာ မှားခဲ့သမျှတွေကို ထိုင်တွေးပြီး နောင်တရမဆုံးဖြစ်နေတာက သင့်ဘဝကို ထိုဖြစ်ရပ်တွေရဲ့ထိန်းချုပ်မှုခံနေတာနဲ့တူတူပါပဲ။ လက်ရှိအချိန်လည်းကုန်၊ တိုးတက်မှုလည်းမရှိလာဘဲ မှားသမျှကိုပြန်တွေး၊ ပြန်ခံစားနေတာကြောင့် သင့်ခံစားချက်ကလည်း မကောင်းနိုင်ဘဲ အဆိုးမြင်တဲ့စိတ်ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် အတိတ်ကဖြစ်ရပ်တွေကို သင်ခန်းစာယူပါ။ ခုလက်ရှိအချိန်မှာ အကျိုးရှိအောင်အသုံးချပါ။ သင့်ဘဝပိုပြီးနေပျော်လာသလို၊ ပိုလည်းတိုးတက်လာပါလိမ့်မယ်။

၂) အခြားလူတွေရဲ့အမြင်များ
အခြားလူတွေရဲ့အမြင်တွေကို လိုက်ဂရုစိုက်နေခြင်းဟာ သင့်ကိုတောင်နေစရာမရှိဖြစ်ပါလိမ့်မယ်။ “ဒီလိုနေရင် အဆင်ပြေပါ့မလား။ ဒီလိုဆို သူတို့မကြိုက်ဘူးလားမသိဘူး၊ မျက်နှာကြီးက သုန်မှုန်နေတာပဲ။ ဒီလိုနေရင် မကောင်းဘူးလို့အပြောခံရအုံးမလား” စသည်ဖြင့် နေရာတိုင်းမှာ အခြားလူတွေရဲ့သင့်အပေါ်ထင်မြင်မှုကိုပဲလိုက်ခံစားနေရင် သင့်ကိုယ်သင်တောင်ပျောက်ဆုံးလာပါလိမ့်မယ်။ Seneca the Younger ပြောဖူးသလိုပေါ့ “အခြားသူတွေဘယ်လိုထင်သလဲဆိုတာထက် သင့်ကိုယ်သင်ဘယ်လိုထင်သလဲဆိုတာက ပိုအရေးကြီးပါတယ်"”ဆိုတဲ့စကားလိုပါပဲ။ သင်တကယ့်ကို မှန်ကန်ပြီး လူပီသတယ်၊ ကိုယ်ကျင့်တရားကောင်းမွန်မှန်ကန်တယ်၊ လုပ်သင့်လုပ်ထိုက်တာလုပ်နေတယ်ဆိုရင်ပဲ သင့်ကိုယ်သင်လေးစားနိုင်တယ်၊ သင်ကိုယ်သင်လိပ်ပြာလုံတယ်ဆိုရင်ပဲ လုံလောက်နေပါပြီ။ အဲဒီလိုမဟုတ်ဘဲ အချိန်တိုင်း သူများအမြင်ကို လိုက်ခံစားနေရင် သင့်ဘဝကို သင်နေတတ်သလိုနေဖို့အချိန်ရှိမှာမဟုတ်တော့ပါဘူး။

၃) ငွေကြေး
ငွေကြေးဆိုတာကလည်း သင်ထိန်းချုပ်နိုင်ရင် သင့်အတွက် အလုပ်လုပ်ပေးနိုင်မယ့် ကျွန်ကောင်းတစ်ယောက်ဖြစ်ပြီးတော့ သင်က သူ့ုကို သင့်ရဲ့ရုပ်ဝတ္ထုပစ္စည်းတွေအတွက် ဖြုန်းတီးမယ်ဆိုရင်တော့ သင်အလိုရှိတာ မကုန်ဆုံးနိုင်တဲ့အတွက် ငွေက လုံလောက်တယ်ဆိုတာရှိမှာမဟုတ်ပါဘူး။ အမြဲတမ်းလိုအပ်နေမှာဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့အလိုဆန္ဒနောက်လိုက်ရင်း သင့်ကိုငွေကပြန်ခိုင်းသွားပါလိမ့်မယ်။ အဲဒီ့အခါ သင့်ကို ငွေကြေးကထိန်းချုပ်ပြီး သင့်ရဲ့အလိုဆန္ဒအတွက်ကို သင့်ရဲ့အကျင့်သိက္ခာ၊ ကိုယ်ကျင့်တရားစတာတွေပါ ပေးဆပ်တဲ့အထိဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့်ငွေကြေးရဲ့ထိန်းချုပ်မှုကိုမခံရအောင် ကြိုးစားမှသာ သင့်ဘဝက အဆင်ပြေမှာပါ။

၄) မိမိယုံကြည်ချက်
သင့်ရဲ့ယုံကြည်ချက်ကို အစွန်းမရောက်စေဖို့သတိထားပါ။ သင့်ရဲ့ယုံကြည်ချက်ဆိုတာက သင့်ကိုယ်သင်အရမ်း proud ဖြစ်နေတာမျိုး၊ သင်သာအမှန်ဆုံးလို့ထင်ပြီး အခြားသူတွေမှားတယ်လို့ထင်နေတာမျိုး၊ သင်ယုံကြည်မှုသာအမှန်ဆုံးလို့အစွန်းရောက်နေတာမျိုးစသဖြင့်ပေါ့။ သင့်ရဲ့ယုံကြည်ချက်အစွန်းရောက်သွားတဲ့အခါ ထိုစိတ်က သင့်ကိုပဲဒုက္ခပေးတာပါ။ သင့်ကိုသင်မှန်တယ်လို့ ယုံကြည်မှုလွန်ကဲတဲ့အခါ သင့်အမှားတွေကို သင်လက်မခံနိုင်တော့ အမှားမပြင်နိုင်ပါဘူး။ သင့်ကိုယ်သင်အရမ်းတော်နေတယ်လို့ထင်တဲ့အခါ သင့်ထက်တော်တဲ့လူတွေဆီက မသင်ယူနိုင်တော့ပါဘူး။ အဲဒါကြောင့် သင့်ရဲ့ယုံကြည်ချက်က သင့်စိတ်ကို ဒုက္ခပေးနိုင်ပါတယ်။ အဲဒီ့လွန်ကဲတဲ့ယုံကြည်ချက်မျိုးက သင့်ကိုထိန်းချုပ်သွားတာဖြစ်ပါတယ်။ အဲဒါကြောင့် မိမိရဲ့ယုံကြည်ချက်လွန်ကဲမှုရဲ့ထိန်းချုပ်မှုကိုမခံသင့်ပါဘူး။

၅) relationships
ဒါလည်းအလားတူပါပဲ။ သင့်ရဲ့ချစ်သူ၊ အိမ်ထောင်ဖက် စတဲ့ relationships တွေနဲ့ပတ်သက်တဲ့ခံစားမှုကို သင့်ဘဝတစ်ခုလုံး လွှမ်းမိုးခံနေပြီး သင့်ဘဝရဲ့အရည်အချင်းတိုးတက်မှုအတွက် ဘာမှမလုပ်နိုင်တာ၊ သင့်စွမ်းရည်ကို မမြင့်တင်နိုင်တာ၊ ဘဝရဲ့ရည်မှန်းချက်တွေကို မမြင်တော့တာ၊ သင်မှန်းထားတာတွေကို ဆက်မလုပ်နိုင်တော့မျိုးတွေဖြစ်တဲ့အထိ အချစ်အလွမ်း relationships ရဲ့ခံစားချက်တွေရဲ့ ထိန်းချုပ်မှုကို မခံပါနဲ့လို့ ဆိုလိုတာပါ။ မချစ်ရဘူးလို့မပြောပါဘူး.…သင့်ဘဝတစ်ခုလုံး ရပ်ဆိုင်းသွားတဲ့အထိ၊ စုတ်ပြတ်သတ်သွားတဲ့အထိတော့ အလွန်အကျွံ့မဖြစ်ပါစေနဲ့လို့ပြောချင်တာဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။