သင့်ဘဝကိုပြောင်းလဲချင်ရင် သင့်အတွေးတွေကို ပြောင်းလဲပစ်ပါ။

“လူသားတွေရဲ့အကြီးမားဆုံးစွမ်းရည်က ကမ္ဘာကြီးကိုပြောင်းလဲဖို့မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်ပြောင်းလဲဖို့ပဲဖြစ်ပါတယ်” လို့ မဟတ္တမဂန္ဒီ ကပြောခဲ့ပါတယ်။ လူတိုင်းလိုလိုက ဘဝတွေတိုးတက်ချင်တယ်၊ ဘဝတွေပြောင်းလဲချင်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ်ပြောင်းလဲဖို့တော့ မတွေးတတ်ကြပါဘူး။ တကယ်တိုးတက်ချင်တဲ့အခါ လူတစ်ယောက်က ကိုယ့်ရဲ့မကောင်းတဲ့အကျင့်တွေကို ကောင်းတဲ့အကျင့်တွေဖြစ်လာအောင် ပြုပြင်ပြောင်းလဲရပါလိမ့်မယ်။ အဲဒါအပြင် ကိုယ့်ရဲ့အတွေးတွေကိုလည်း ပြောင်းလဲပစ်ဖို့ ကြိုးစားရပါတယ်။ ဘာမှမလုပ်ရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဘဝတိုးတက်ပြောင်းလဲချင်တာက အတွေးနဲ့ဘာဆိုင်လို့လို့ ထင်စရာရှိပါတယ်။


ဒါပေမယ့် တကယ်တော့ ကျွန်တော်တို့တွေက အပြုအမူအရင်မလုပ်မိခင်မှာ အတွေးက အရင်စတွေးတာဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ်တွေးလိုက်တဲ့အတွေးနဲ့ ကိုယ်ပြုမူမယ့်အပြုအမူက ဆက်စပ်နေပါတယ်။ ကိုယ်တွေးလိုက်တဲ့အတွေးက ကောင်းတဲ့အခါ ကိုယ့်ရဲ့အပြုအမူကလည်း ကောင်းမွန်တဲ့အပြုအမူဖြစ်လာပါတယ်။ အဲဒါကြောင့် ကိုယ်တွေးလိုက်တဲ့အတွေးက အရေးကြီးပါတယ်။
အဲဒါဆိုရင် သင့်အတွေးက သင့်ဘဝရဲ့တိုးတက်ပြောင်းလဲမှုနဲ့ ဘယ်လိုပတ်သက်မှုရှိနေသလဲ။ သင့်ဘဝအတွက် ကောင်းမွန်စေတဲ့အရာတွေ ဥပမာ။ သင်က သင်အရမ်းဖြစ်ချင်တဲ့ဒီဇီုင်နာသင်တန်းတက်မယ်ဆိုပါတော့။ “ဈေးကြီးလိုက်တာ….၊ တက်ချင်ပေမယ့် ဖြစ်နိုင်ပါ့မလား” လို့သင်ကတွေးနေတယ်ဆိုရင် သင့်ကိုယ်သင်ဇဝေဇဝါဖြစ်လာပါလိမ့်မယ်။ “ဈေးကြီးပါစေ…..မရရအောင် တက်မယ်။ ငါဖြစ်ချင်တာကို ဖြစ်အောင်လုပ်မယ်” လို့တွေးရင် သင်ဘာကိုမှ ဇဝေဇဝါဖြစ်နေတော့မှာ မဟုတ်ပါဘူး။ ဘယ်လောက်အခက်အခဲရှိပါစေ ….. မရရအောင်လုပ်မယ်ဆိုတဲ့စိတ်က သင်ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်နိုင်လာစေပါလိမ့်မယ်။

ခက်ခဲတဲ့အချိန်တိုင်းမှာ လူတိုင်းက ဆိုးဝါးတဲ့အတွေးတွေတော့ တွေးမိတတ်ကြတာပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ဘဝပိုကောင်းမွန်စေဖို့ဆိုတာက ကိုယ့်အတွေးကောင်းဖို့လိုတယ်ဆိုတာကို သိနားလည်ထားတဲ့အခါ ဆိုးဝါးတဲ့အတွေးတွေကို ထိန်းချုပ်နိုင်လာပါလိမ့်မယ်။ လူမှုဆက်ဆံရေးမှာလည်း ထိုကဲ့သို့ပါပဲ။ အခြားသူက “ငါကို အဆိုးထင်နေတယ်….”လို့ချည်းတွေးမိနေရင် ထိုလူကို ကိုယ်ကအမြင်ကြည်တော့မှာမဟုတ်ပါဘူး။ အဲဒီ့အခါ ထိုလူအပေါ်ဆက်ဆံတာလည်း ကောင်းစွာ ဆက်ဆံဖြစ်လာမှာမဟုတ်တော့ပါဘူး။ တခါတခါကျရင် ကိုယ်မမြင်နိုင်တဲ့တစ်ဖက်အခြမ်းကိုလည်း အကောင်းဘက်ကတွေးပေးလိုက်သင့်ပါတယ်။ “အော်…ငါက အဆိုးထင်နေပေမယ့် သူက အဲလိုဟုတ်ချင်မှ ဟုတ်မှာပါလေ” လို့တွေးပြီး မကောင်းမြင်တတ်တဲ့ကိုယ့်ရဲ့အတွေးတွေကို ထိန်းချုပ်လိုက်သင့်ပါတယ်။ အဲဒါကြောင့် သင့်ရဲ့အတွေးတွေကို ထိန်းချုပ်နိုင်ခြင်းက ကောင်းသောအကျိုးဆက်တွေသာ ဖြစ်လာနိုင်ပါတယ်။
ပတ်ဝန်းကျင်မှာ၊ လူမှုဆက်ဆံရေးမှာ၊ အလုပ်ခွင်မှာ၊ မိသားစုမှာ၊ သူငယ်ချင်းအပေါင်းအသင်းကြားမှာ၊ သင်ဖြစ်ချင်တဲ့ရည်မှန်းချက်မှာ စသဖြင့် အရာအားလုံးမှာ သင်စတွေးလိုက်တဲ့အတွေးက negative ဖြစ်နေတာနဲ့တင် သင့်စိတ်ထဲမှာလည်း negative အမြင်တွေချည်း ဖြစ်လာပါလိမ့်မယ်။ ဥပမာ။ အမေက သင့်မောင်နှမတစ်ယောက်ယောက်အတွက် အကျီ ၤအသစ်တစ်ထည်ဝယ်လာတယ်ဆိုပါစို့။ သင့်စိတ်ထဲမှာ “ဟွန်း….အမေကလည်း သူ့အတွက်ကျ ဝယ်လာတယ်။ ငါ့အတွက်ကျ ဘာမှလည်း မဝယ်ပေးဘူး။ အမေတို့က မကောင်းဘူး” ဆိုတဲ့အတွေးမျိုးတွေးမိတယ်ဆိုရင် သင့်အတွက်မကောင်းတော့ပါဘူး။ သင့်မိဘအပေါ် သင်ငြိုငြင်မယ်၊ သင့်စိတ်ထဲမှာ နာကျင်မယ်၊ သင့်စိတ်ထဲမှာ အမြင်မကြည်လင်တဲ့အတွက် သူ့တို့အပေါ်သင့်ပြုမူဆက်ဆံပုံတွေက အဆင်ပြေမှာမဟုတ်တော့ပါဘူး။

သင့်အလုပ်ခွင်က မိတ်ဆွေနဲ့ဆိုလည်း အလားတူပါပဲ။ သင့်မိတ်ဆွေအပေါ်မကောင်းမြင်နေတဲ့အခါ သင့်မိတ်ဆွေကို သင်ကောင်းစွာပြုမူဆက်ဆံမှာမဟုတ်တော့ပါဘူး။ အဲဒီ့အခါ သင့်လုပ်ငန်းတွေလည် းအဆင်ပြေချောမွေ့နိုင်မှာမဟုတ်ပါဘူး။
သင့်ဘဝရည်မှန်းချက်ကိုလည်း အတူတူပါပဲ။ သင့်ရည်မှန်းချက်ကို သင်ဘာပဲဖြစ်ဖြစ် ရောက်အောင်သွားနိုင်တယ်လို့ တွေးနေမိရင် သင်စတင်လုပ်ဆောင်ပါလိမ့်မယ်။ မလုပ်နိုင်ဘူးလို့တွေးရင် လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ သင့်ကိုသင် စည်းကမ်းသတ်မှတ်ရာမှာလည်း ဒီစည်းကမ်းတွေကို တကယ်လိုက်နာမယ်။ လုံးဝမဖောက်ဖျက်အောင်ကြိုးစားမယ်လို့တွေးတဲ့အခါ သင့်ကိုသင်သတ်မှတ်ထားတဲ့စည်းကမ်းတွေကို သင်တကယ်လိုက်နာနိုင်အောင် ကြိုးစားပါလိမ့်မယ်။ အဲဒီ့အခါ သင့်ကိုသင်ပိုပြီး လေးစားဖြစ်လာပါတယ်။ ပိုလည်း ယုံကြည်မှုတိုးလာပါတယ်။ ကိုယ့်ကိုကိုယ်သတ်မှတ်ထားတဲ့စည်းကမ်းကို လိုက်နာနိုင်ရင် သင်တဖြေးဖြေးတိုးတက်လာပါလိမ့်မယ်။ ကိုယ့်ရည်ကိုယ်သွေးတိုးတက်လာတဲ့အခါ ကိုယ့်ဘဝတိုးတက်မယ့်အရာတွေကိုသာ အာရုံပိုစိုက်နိုင်လာပါမယ်။ ကိုယ့်ဘဝတိုးတက်မယ့်အရာကို သေချာအာရုံစိုက်လိုက်နာနိုင်တဲ့အခါ သင့်ဘဝတဖြေးဖြေးတိုးတက်လာမှာပါပဲ။

အဲဒါကြောင့် ဘဝတိုးတက်ဖို့ သင့်အတွေးက အရေးကြီးပါတယ်။ ကောင်းသောအတွေးဖြစ်ရင် ကောင်းသောအပြုအမူဖြစ်လာမယ်၊ ကောင်းသောတိုးတက်မှုကိုသာ အာရုံစိုက်နိုင်မယ်။ ကိုယ့်ကိုကိုယ်သတ်မှတ်တဲ့စည်းကမ်းကို ကိုယ်တိုင်လိုက်နာနိုင်လာရင် ကိုယ့်ကိုကိုယ်အကောင်းမြင်စိတ်ဖြစ်မယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုတိုးလာမယ်။ ကိုယ့်ဘဝလည်း တဖြေးဖြေးတိုးတက်နိုင်လာပါတယ်။ အဲဒီ့အတွက် ကိုယ့်ရဲ့အတွေးတွေကို ဂရုစိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။