သင့်ဘဝကိုပိုပြီးဟန်ချက်ညီအောင်ဖန်တီးနိုင်မယ့် အဆင့် ၄ဆင့်

ကျွန်တော်တို့အတွက် ခြေလှမ်းမှန်အောင်လှမ်းဖို့က အများကြီးတွေးတောနေစရာမလိုပါဘူး။ ငယ်စဉ်ကလေးဘဝတုန်းကတော့ ခြေလှမ်းကို ဟန်ချက်ညီအောင်လှမ်းဖို့ ကြိုးစားခဲ့ရပါတယ်။ အရွယ်ရောက်ပြီးတဲ့အခါမှာတော့ လဲကျမှာကို စိုးရိမ်စရာကိုမလိုတော့ပါဘူးနော်။ အလုပ်နဲ့မိသားစုဘဝကို ဟန်ချက်ညီအောင်လုပ်ရတာက ပြုတ်မကျအောင်ထိန်းပြီးလျှောက်ရတာနဲ့တူပါတယ်။ အာရုံစူးစိုက်ဖို့လိုသလို ၊ အထူးဂရုစိုက်ဖို့လိုပါတယ်။ ပျက်စီးလွယ်သလို၊ တခါတရံမှာ ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာကိုလည်း မေ့နေတတ်ကြပါတယ်။ အဲဒါကြောင့် သင့်အတွက်အရေးကြီးဆုံးက ဘာလဲဆိုတာကို ပြန်တွေးပါ။ အောက်မှာဖော်ပြထားတဲ့အချက်လေးချက်ကို လိုက်နာသင့်တာလိုက်နာ၊ ရှောင်ကျဉ်သင့်တာရှောင်ကျဉ်လိုက်ပါ။


၁) အောင်မြင်မှုကို အဓိပ္ပါယ်ပြန်သတ်မှတ်ပါ။
ကျွန်တော်သတ်မှတ်ထားတဲ့အောင်မြင်မှု့တော့ ချစ်ခင်ကြင်နာခြင်းနဲ့ ရိုသေလေးစားခြင်းပါပဲ။
ကျွန်တော့်ရဲ့အလုပ်စတင်တဲ့အချိန်မှာ ကျွန်တော်က စိန်ခေါ်မှုအသစ်တွေကို နှစ်သက်ပါတယ်။ အလုပ်တွေထဲမှာတင်ပျော်ရွှင်ပြီး အချိန်ပြည့်အလုပ်လုပ်မိနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်အရေးကြီးတဲ့အရာတွေကိုတော့ ကျွန်တော်မဆုံးရှုံးချင်ဘူးဆိုတာကို ကျွန်တော့်ကိုယ်ကျွန်တော်သိနေခဲ့တယ်။ အဲဒါကပဲ ကျွန်တော့်ဘဝအတွက်ဆုံးဖြတ်ချက်တစ်ခုဖြစ်လာခဲ့တယ်။ ကျွန်တော်သတ်မှတ်ထားတဲ့အောင်မြင်မှု့ကို ကျွန်တော်ကိုယ်တိုင်ပြန်သုံးသပ်ပြီး ပြန်သတ်မှတ်ရပါတယ်။ အောင်မြင်မှုတွေ၊ ပိုင်ဆိုင်မှုတွေအစား ကျွန်တော့်အတွက် ကျွန်တော့်ကိုချစ်ခင်တဲ့၊ ကျွန်တော်ကလည်းချစ်ရတဲ့ချစ်သူတွေ ကျွန်တော့်အနားမှာရှိခြင်းက ကျွန်တော့်အတွက် အရေးအကြီးဆုံးပဲလို့ အဖြေထွက်ခဲ့တယ်လေ။ ကျွန်တော့်အတွက်ကတော့ ကျွန်တော့်ကိုအမှန်တကယ်ချစ်ခင်တန်ဖိုးထားတဲ့သူတွေ ကျွန်တော့်အနားမှာ ဝန်းရံနေခြင်းက အောင်မြင်ခြင်းပါပဲ။
အဲဒီလိုပါပဲ။ သင်လည်း သင့်ကိုသင်ပြန်မေးသင့်ပါတယ်။ သင်သတ်မှတ်ထားတဲ့အောင်မြင်မှုဆိုတာက ဘာလဲ၊ မိသားစုလား၊ စိတ်ချမ်းသာခြင်းလား၊ သင်အလိုရှိရာတွေရနေခြင်းလား၊ သင်ချစ်တဲ့သူတွေနဲ့အတူတကွ ရှိနေနိုင်ခြင်းလားဆိုတာပေါ့။
၂) အဓိကကျတဲ့အရာကို ဆုံးဖြတ်ပါ။
အောင်မြင်ဆိုတာကို သင်သတ်မှတ်ပြီးတဲ့နောက်မှာတော့ အဓိကကျတဲ့အရာကို သင်တွေ့လာပါလိမ့်မယ်။
ဘဝကို ကစားနည်းတစ်ခုလို ပုံဖော်ကြည့်လိုက်မယ်ဆိုရင် လေထဲမှာ ဘောလုံး ၅ လုံးကို မြောက်တင်လိုက်တာနဲ့တူပါတယ်။ အလုပ်၊ မိသားစု၊ ကျန်းမာရေး၊ မိတ်ဆွေအပေါင်းအသင်းနဲ့ စိတ်ဓာတ်တို့ပဲဖြစ်ပါတယ်။ အလုပ်ကတော့ ရာဘာဘောလုံးပဲဖြစ်ပြီး သင်လွှတ်ချလိုက်တာနဲ့ ကန်ပြီး သင့်ထံကိုပြန်ရောက်လာနိုင်ပါတယ်။ ဒါပေမယ့် အခြားဘောလုံး၄လုံးကတော့ ဖန်ဘောလုံးနဲ့တူပါတယ်။ အဲဒီထဲက တစ်လုံးကို သင်လွှတ်ချလိုက်တာနဲ့ ကျိုးပဲ့မယ်၊ အက်ကွဲမယ်၊ ပျက်စီးသွားနိုင်ပါတယ်။ အဲဒါကြောင့် ဖန်ဘောလုံးနဲ့တူတဲ့ မိသားစု၊ ကျန်းမာရေး၊ မိတ်ဆွေအပေါင်းအသင်းနဲ့ စိတ်ဓာတ် စတဲ့ဘောလုံးတွေကို လွှတ်မချမိဖို့ သတိထားရပါလိမ့်မယ်။ မပျက်စီးနိုင်တဲ့ ရာဘာဘောလုံးကို လေထဲကနေ မြေပြင်ကို မကျစေဖို့ သတိထားနေမယ်ဆိုရင် အခြားသော ဘောလုံးတွေက ကျကွဲပျက်စီးသွားနိုင်ပါတယ်။
အောင်မြင်မှု့က ဘာလဲဆိုတာကို အဓိပါ္ပယ်သတ်မှတ်နိုင်တဲ့နောက်မှာတော့ သင့်အတွက်အရေးကြီးတာကို သင်ဆုံးဖြတ်နိုင်ပါပြီ။ သင့်အတွက်အရေးကြီးတာနဲ့ သင့်ဘဝကို ချိန်ညှိပါ။ သင့်အလုပ်တွေ၊ တာဝန်တွေနဲ့ မျှတအောင်လုပ်ပါ။ သင်ချစ်တဲ့သူတွေအတွက်အချိန်အရင်ပေးပါ။ အခြားသောကိစ္စတွေကို နောက်မှာထားလိုက်ပါ။
၃) အလုပ်နဲ့ဘဝမျှတစေဖို့ သတိရပါ။
အလုပ်နဲ့ဘဝကိုမျှတစေဖို့က အနည်းငယ်ညှိလိုက်ရင် ရပါပြီ။ အဓိကက ဘာလုပ်လုပ် အာရုံစိုက်ဖို့လိုတယ်ဆိုတာ သတိရပါ။ အလုပ်မှာ သေချာအာရုံစိုက်လိုက်တဲ့အခါ သင်ပိုပြီး အလုပ်တွေပြီးမြောက်နိုင်သလို၊ အလုပ်တွေအေးဆေးသက်သာဖြစ်နေတဲ့အခါ သင့်ဘဝအတွက် သင်ပိုပြီးအာရုံစိုက်နိုင်တာပါပဲ။ အလုပ်ခွင်မှာ အာရုံစိုက်မှ အလုပ်တွေ လွယ်ကူမြန်ဆန်စွာ ပြီးမြောက်မယ်။ အလုပ်ချိန်ပြင်ပက ဘဝအတွက်လည်း အချိန်ပေးနိုင်လာပါလိမ့်မယ်။
၄) သင့်အတွက် တခုခုကို ကြိုတွေးထားပါ။
Stephen Covey ရဲ့ The 7 Habits of Highly Effective People ဆိုတဲ့စာအုပ်ထဲမှာ “Begin with the end in mind.” ဆိုတဲ့စာသားလေးပါပါတယ်။ ဘယ်တော့မဆို အဆုံးသတ်ကစစဉ်းစားခိုင်းတာပါ။ ဘာပဲလုပ်လုပ် “ခုနေများ ငါသေသွားရင်…..” ဆိုတဲ့အတွေးမျိုးတွေးလိုက်မိတဲ့အခါ သင့်ရဲ့လုပ်စရာရှိတာတွေ၊ မှာစရာရှိတာတွေကို သင်အသည်းအသန်နဲ့လုပ်ထားမိတော့မယ်မဟုတ်လား။ သင့်ဘဝရဲ့အဆုံးသတ်မှာ သင်ဘာလုပ်ချင်သလဲဆိုတာကို သင်ကြိုတွေးထားဖို့လိုပါတယ်။ အဲဒါမှ အဲဒီ့အရာတွေအတွက် သင်အချိန်ပေးဖို့စဉ်းစားမယ်မဟုတ်လား။ သင့်ကျန်းမာရေးကို သင်ဂရုစိုက်လာမယ်၊ သင့်မိသားစုကို အရင်ထက်အချိန်ပေးလာမယ်၊ သင့်ချစ်သူ၊ ဇနီးမယားကို အရင်ထက်ပိုဂရုစိုက်မယ်၊ သင့်မိဘတွေကို သင်အလေးထားမယ် စသဖြင့် တခါတရံသင်မေ့နေတာတွေကို သင်လုပ်ဖြစ်လာမှာပါ။ ပြီးတော့ သင်မသေခင် သင့်အတွက်သင် ဂုဏ်ယူချင်တဲ့ကိစ္စမျိုးတွေကိုလည်း သင်လုပ်ဖို့အချိန်ပေးမိလာပါလိမ့်မယ်။
https://www.success.com/john-c-maxwell-4-steps-to-create-balance-in-your-life/ လင့်မှဘာသာပြန်ဖော်ပြထားပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။