ကိုယ်မလိုချင်တဲ့အရာတွေ သူများကို ပေးမိနေပြီလား။ ကိုယ်ချင်းစာပါ။

တခါတလေကျရင် ကိုယ်တောင်မသိလိုက်ဘဲ ကိုယ် မကြိုက်တဲ့အရာတစ်ခုကို သူများကို ပေးမိတတ်ကြပါတယ်။ ကိုယ့်ကိုလာပြုမူရင် မကြိုက်မယ့်အပြုအမူမျိုးကို သူများကိုလုပ်မိတာမျိုး၊ ကိုယ်တောင်မကြိုက်တဲ့ပစ္စည်းတစ်ခုကို သူများကျ ပေးချင်တာမျိုးတွေပေါ့။ တမင်ရည်ရွယ်တာပြီးလုပ်တာမဟုတ်ဘဲ ဖြစ်သွားတာမျိုးဆိုရင်တော့ နောင်အခေါက်တွေကျ မလုပ်မိအောင် ဆင်ခြင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆုံးမသတိပေးသင့်ပါတယ်။ အဲဒါကို ကျောင်းသင်ခန်းစာတွေမှာ ထည့်မသင်တတ်ပေမယ့် လူသားတစ်ယောက်အနေနဲ့နားလည်ကိုနားလည်ရမယ့် ကျင့်ဝတ် ethic ပဲဖြစ်ပါတယ်။


ဥပမာ။ ကိုယ့်ကိုကျ အတူမတန်ဆက်ဆံတာမကြိုက်ဘူး သူများကိုကျ အဲဒီ့လိုဆက်ဆံလိုက်တာမျိုး၊ ကိုယ့်ကျ အသုံးမကျတဲ့လူလို ဆက်ဆံတာမကြိုက်ဘူး၊ သူများကျတော့ အသုံးမကျသလိုဆက်ဆံလိုက်တာမျိုး
ကိုယ်တောင်မကြိုက်နိုင်တဲ့ အရာတစ်ခုကို သူများကို ပစ်စလတ်ခတ်ပေးပစ်လိုက်တာမျိုးပေါ့၊
အဆိုးဆုံးကတော့...... ကိုယ်မကြိုက်တဲ့အရာဖြစ်ဖြစ်၊ အပြုအမူဖြစ်ဖြစ် ကိုယ်ချင်းမစာမနာ ပေးလိုက်ပြီး တဖက်လူက မကြိုက်တဲ့အပြုအမူမျိုးလုပ်ကာမှ စိတ်ဆိုးမာန်ဆိုး ပြန်တုံ့ပြန်တတ်ကြတာပါပဲ။

အဲဒီလိုလူမျိုးတွေနဲ့ ကြုံဖူးကြမယ်ထင်ပါတယ်နော်။ သူက ကိုယ့်ကိုကျတော့ ကိုယ်မကြိုက်တဲ့ အရိုင်းစိုင်းဆုံး အပြုအမူမျိုးနဲ့ဆက်ဆံတယ်။ ကိုယ်က အဲဒီ့အပြုအမူအတိုင်း တုံံပြန်လိုက်တဲ့အခါမှာတော့ ကိုယ်သာလျှင် လူဆိုးကြီးဖြစ်သွားတော့တာပါပဲ။
တခါတလေမှာ သူတို့ဆက်ဆံတဲ့အတိုင်း ကိုယ်က ပြန်ဆက်ဆံမိတဲ့အခါ ကိုယ့်ကိုကျ မုန်းသွားတတ်ပါတယ်။
တကယ်တော့ ကိုယ်ချင်းစာတရားဆိုတာ တဖက်သားကြုံချိန်မှာ ကိုယ်က ထပ်တူနားမလည်ပေးနိုင်ပါဘူး။ ကိုယ်တိုင် သူ့လိုအခြေအနေမျိုးကြုံလာမှသာ “ အော်....ဒီလိုပါလား“ ဆိုပြီး နားလည်လာနိုင်တာပါ။ အခုလို အားလုံး စိုးရိမ်ထိတ်လန့်နေကြတဲ့ အခြေအနေမျိုးမှာဆိုရင် ပိုပြီး ကိုယ်ချင်းစာတတ်ဖို့လိုပါတယ်။ Covid 19 Positive လူနာကို အပြစ်တင်ဝေဖန်တာမျိုးတွေ၊ လူနာမျက်နှာကို မဖုံးကွယ်ဘဲ တင်တာမျိုးတွေ၊ လူနာလာခေါ်တဲ့အခါ Live လွှင့်ပြတာမျိုးတွေ၊ အတင်း ဓာတ်ပုံရိုက်တာမျိုးတွေလုပ်ခြင်းဟာလည်း အလားတူပါပဲ။

အကယ်၍များ ကိုယ်သာ positive လူနာနေရာမှ ဖြစ်နေခဲ့ရင် ကြိုက်နိုင်ပ့ါမလားဆိုတဲ့ အတွေးလေး ပြန်တွေးကြည့်လိုက်ပါ။
အဲဒီလို သူ့နေရာမှာ ငါသာဆိုရင်.....ဆိုတဲ့အတွေးလေးက ကိုယ်ချင်းစာစိတ်ပါပဲ။ အချိန်မ‌ရွေး ကိုယ့်အလှည့်‌ရောက်လာနိုင်တာပါပဲ။ ဒီလို ကိစ္စမှမဟုတ်ပါဘူး......တခြားသော ကိစ္စတွေမှာ လူသားဆန်စွာ ကိုယ်ချင်းစာစိတ်လေးနဲ့ တွေးပေးသင့်တာတွေးပေးရမှာပါပဲ။
ကိုယ်ချင်းစာနာစိတ်မရှိတဲ့သူတွေဟာ သူတို့ကိုယ်တိုင်ကျ အချိုလိုချင်တတ်ကြပြီး သူများကျ အခါးမပေးသင့်တာ နားမလည်တဲ့သူတွေပါပဲ။ ကိုယ်တိုင်ကျတော့ သူတို့မလိုချင်တဲ့အခါး သူများကို ပေးချင်တယ်၊ သူတို့ကျ အခါးရမှာမလိုချင်ဘူးပေါ့။
အဲဒါကြောင့် အဲဒီ့လိုလူတွေနဲ့ကြုံလာရင် ဝေးဝေးရှောင်ပါ။ ကိုယ်တိုင်လည်း အဲဒီ့လိုလူမဖြစ်အောင်ကြိုးစားပါ။ လူတိုင်းသာ ကိုယ်ချင်းစာနာစိတ်လေးထားတတ်ကြမယ်ဆိုရင် ကမ္ဘာကြီးက ဒီ့ထက်ပိုလှလာမှ မလွဲပါဘူးနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။