သင့်ဘဝကိုမပျော်ရွှင်စေရတဲ့အကြောင်းရင်းများ

လူဖြစ်ရကျိုးနပ်ဖို့က ကိုယ်ရှင်သန်နေတဲ့ဘဝကို အဓိပါ္ပယ်ရှိတယ်လို့ခံစားနေရဖို့လိုပါတယ်။ အဓိပါ္ပယ်ရှိတဲ့ဘဝဆိုတာကျပြန်တော့ ကိုယ်မျှော်လင့်ထားတာလေးတွေဖြစ်လာတာ၊ ကိုယ့်ရည်မှန်းချက်တွေအကောင်အထည်ဖော်နိုင်တာ၊ ကိုယ့်အပေါ်နားလည်တဲ့ချစ်သူ၊ အိမ်ထောင်ဖက်၊ မိသားစုရှိတာ၊ ကိုယ့်ရဲ့ဝါသနာကိုဖော်ထုတ်ခွင့်ရတာတွေအပြင် အခြားသူတွေအတွက် အကျိုးရှိတာတခုခုလုပ်ဆောင်ပေးနိုင်တာမျိုးပေါ့။ အဲဒီလိုမျိုး ရှင်သန်နေတဲ့ဘဝက အဓိပါ္ပယ်ရှိတယ်လို့ခံစားနေရရင် ဘဝမှာ နေပျော်နေပါတယ်။ ဘဝက ဘာမှအဓိပါ္ပယ်မရှိဘူးလို့ တွေးမိတဲ့အခါမှာတော့ ဘဝမှာရှင်သန်ရတာမပျော်ရွှင်နိုင်ပါဘူး။ အဲဒီလိုမပျော်ရွှင်တဲ့ဘဝပိုင်ဆိုင်နေရတယ်လို့ထင်ရင်တော့ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်သင့်ပါတယ်။


ကိုယ့်အတွက် မသင့်တော်တာတွေ၊ မဖြစ်သင့်တာတွေ၊ မလိုအပ်တာတွေလို့ထင်တာတွေကို ကိုယ့်ဘဝထဲကဖယ်ထုတ်ပစ်ဖို့လိုပါတယ်။ အဲဒါတွေက ဘယ်လိုအရာတွေဖြစ်မလဲ တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ရအောင်နော်

၁)သင့်ကိုဒုက္ခရောက်တဲ့လူတွေနဲ့ဝန်းရံထားခြင်း၊
လူတော်တော်များများရဲ့အကြောင်းရင်းကတော့ ဒုက္ခအမျိုးမျိုးပေးနေတတ်တဲ့ မိသားစု၊ ဆွေမျိုး ၊ ပတ်ဝန်းကျင်ကြောင့်ဖြစ်နေတတ်ပါတယ်။ တကယ်တမ်းစဉ်းစားကြည့်ရင် ပတ်ဝန်းကျင်ကလူတွေကြောင့် ကျွန်တော်တို့ ဒုက္ခရောက်နေရတာတွေလည်း ရှိပါတယ်။ ကိုယ့်အပေါ်လုံးဝမကောင်းတဲ့ ဆွေမျိုး၊ အသိုင်းအဝန်း၊ မောင်နှမတွေပေါ့လေ။ လူတိုင်းမှာ ဘဝပေးအခြေအနေချင်းမတူတာကြောင့် မိသားစုဆွေမျိုးဖြစ်နေတိုင်း ကိုယ့်အပေါ်ကောင်းချင်မှကောင်းမှာပါ။ အဲဒီလို ကိုယ့်အပေါ်ဒုက္ခပေးတတ်တဲ့လူတွေက ကိုယ့်ရဲ့မိသားစုလိုလူမျိုးတွေဖြစ်နေတယ်ဆိုရင် ပိုပြီးရုန်းထွက်ဖို့ခက်ခဲတတ်ပါတယ်။ ပိုပြီး ရုန်းထွက်ရခက်လေ ပိုပြီး ဘဝမှာမပျော်လေဖြစ်ရပြန်ပါတယ်။ အဖြေကတော့ ရှင်းပါတယ်။ ထိုကဲ့သို့ ကိုယ့်ကိုဒုက္ခအခါခါပေးတတ်တဲ့လူတွေကို စွန့်ခွာဖို့ပါပဲ။ သူတို့ဆိုးသလို၊ ဒုက္ခပေးသလို ပြန်မေပးပါနဲ့။ ပြန်မတုံ့ပြန်ပါနဲ့။ အဲဒီလိုမျိုး ကိုယ့်အပေါ်မကောင်းတဲ့လူတွေကို စွန့်ခွာပါ။ ကိုယ့်ရဲ့အရင်းနှီးဆုံးမိသားစုဖြစ်နေရင်တောင် အဝေးကနေ ပေးကမ်းထောက်ပံ့နိုင်သလောက်ထောက်ပံ့ပါ။ ကိုယ်ကောင်းအောင်နေပေးလိုက်ပါ။ ဒါပေမယ့် သူတို့နဲ့တော့ ခပ်ဝေးဝေးမှာသာနေပါ။ လူတိုင်းဟာ ကိုယ့်ဘဝကိုယ်ပျော်ရွှင်စွာရှင်သန်ဖို့တော့ လိုပါသေးတယ်လေ။

၂) အတိတ်ကိုပဲပြန်တွေးနေခြင်း
ဘယ်သူကြောင့် ဘယ်လိုခံစားခဲ့ရတယ်….။ ဘယ်သူတွေကတော့ ကိုယ့်အပေါ်ဘယ်လိုယုတ်မာခဲ့တယ်။ ဘယ်လိုအနိုင်ကျင့်ခဲ့တယ်၊ ဘယ်လိုမကောင်းခဲ့တယ်၊ စသဖြင့် အတိတ်မှာ ဘာပဲဖြစ်ဖြစ် အတိတ်မှာပဲထားခဲ့ပါ။ အတိတ်ကိုအတိတ်မှာမထားနိုင်ခြင်းဟာ ခုလက်ရှိအချိန်ထိ အတိတ်ကပူဆွေးမှု၊ နာကျင်ဝမ်းနည်းမှုတွေကိုပါ ရလာစေပါတယ်။ အဲဒါက သင်မပျော်ရွှင်ရတဲ့အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။

၃) အခြားသူများနဲ့ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်နေခြင်း
နောက်ထပ်အကြောင်းရင်းတခုကတော့ အခြားသူများနဲ့ကိုယ့်ကိုယ်ကိုယ်နှိုင်းယှဉ်နေတာပါပဲ။ သူကတော့ လစာဘယ်လောက်ရနေပြီတို့….သူ့မိသားစုကဘယ်လောက်ချစ်ခင်ကြတာတို့….သူက ဘယ်လေက်အောင်မြင်နေတာတို့ စတဲ့အတွေးမျိုးတွေက သင့်ကို စိတ်ညစ်စေပါတယ်။ လူတိုင်းမှာ သူ့အခက်အခဲနဲ့သူချည်းပါပဲ။ သူတို့ရဲ့ပျော်ရွှင်တဲ့ဘဝအစိတ်အပိုင်းကိုသာပြသချင်ကြတာလူတိုင်းပါပဲ။ သူတို့ရဲ့ dark side ကိုသင်မသိတာပါ။ ကိုယ့်ဘဝနဲ့ကိုယ် အဆင်ပြေပြီး ပျော်ရွှင်နေဖို့သာ အရေးကြီးတာပါ။ ကိုယ့်အသက်အရွယ်နဲ့ကိုယ် ရောက်သင့်တဲ့အခြေအနေတစ်ခု၊ ရသင့်တဲ့ဝင်ငွေပမာဏ၊ ပျော်ရွှင်တဲ့ဘဝတစ်ခုရဖို့သာ သင့်ကိုယ်သင်ပြုပြင်ပါ။ ဒီနေ့သင်က မနေ့ကသင်ထက် စွမ်းရည်ပိုသာနေမှ သင့်ဘဝမှာ သင်လိုချင်တာတွေကို သင်ဖန်တီးနိုင်မှာပါ။ ဒီနေ့သင်ထက် မနေ့ကသင်ထက်ပိုတော်နေဖို့နဲ့ ပိုပျော်ရွှင်နေဖို့အရေးကြီးတာပါ။

၄) ပိုင်ဆိုင်ထားပြီးသားတွေကိုမမြင်တတ်ခြင်း
လူတော်တော်များများက အခြားသူတွေပိုင်ဆိုင်ထားတာတွေကိုသာ မြင်ပြီး အားကျနေတတ်ပါတယ်။ ကိုယ့်မှာပိုင်ဆိုင်ထားတာတွေကိုတော့ မေ့နေတတ်ကြပါတယ်။ အခြားသူတွေ ကိုယ့်ထက်သာတဲ့အခြေအနေဆို ထပ်တူဝမ်းသာပေးလိုက်ပါ။ သင်ကထိုအခြေအနေမျိုးမပိုင်ဆိုင်ရလို့ ဝမ်းနည်းစရာမလိုပါဘူး။ သင့်မှာရော ဘာတွေပိုင်ဆိုင်ထားသလဲ၊ သင့်အခြေအနေနဲ့သင်အဆင်ပြေနေတာကို ဝမ်းသာပါ။ ကျေးဇူးတင်ပါ။ သင့်ထက်ဆိုးဝါးတဲ့အခြေအနေတွေအများကြီးရှိတာကို မမေ့ပါနဲ့နော်။

၅) အဆိုးမြင်စိတ်များခြင်း
များသောအားဖြင့် အဆိုးမြင်စိတ်များတဲ့သူတွေက ဘဝမှာမပျော်ကြတာများပါတယ်။ အခြားသူတွေရဲ့ ဆိုးကွက်ကိုပဲမြင်နေတဲ့အခါ စိတ်ဆင်းရဲ၊ စိတ်ညစ်၊ အားမလိုအားမရဖြစ်တတ်ပါတယ်။ အခြားသူရဲ့အကြောင်းတွေတာနဲ့တင် လက်ရှိအချိန်တွေပုပ်သွားပါတယ်။ ကိုယ့်အတွက်ကိုယ်လုပ်စရာရှိတာလုပ်ယူဖို့အချိန်ကုန်သွားပါတယ်။ ကိုယ့်အပေါ်ဖြစ်ပျက်လာသမျှနဲ့ပတ်သက်ပြီးတော့လည်း အဆိုးချည်းမြင်ပါတယ်။ အဲဒီ့အခါ စိတ်ဆင်းရဲရပြန်ပါတယ်။ အမှန်တော့ ကိုယ့်အပေါ်ကြုံလာတဲ့အဆိုးတွေထဲကနေ ကောင်းတာဘာရှိမလဲလို့တွေးပြီး ကောင်းကွက်ကိုမြင်လိုက်တဲ့အခါ စိတ်ပျော်သွားပါတယ်။ စိတ်ပျော်တဲ့အခါ ကိုယ်လုပ်နိုင်တဲ့အရာကိုမြင်လာပါတယ်။ လုပ်ယူနိုင်လာပါတယ်။ ပိုပြီးကောင်းတဲ့အခြေအနေဖြစ်လာစေပါတယ်။

၆) လူတိုင်းကျေနပ်အောင်ကြိုးစားနေခြင်း
နောက်တစ်ခုကတော့ ကိုယ်ဖြစ်ချင်တာကိုယ်လုပ်နေတာထက် အခြားသူဖြစ်စေချင်တာချည်းလိုက်လုပ်နေရတဲ့စိတ်ကလည်း မပျော်ရွှင်စေပါဘူး။ အခြားသူကျေနပ်အောင်နေရမယ်၊ အခြားသူခိုင်းတာပဲလုပ်နေပြီး ကိုယ်လုပ်ချင်တာမလုပ်ရဘူး၊ အခြားသူအတွက်ချည်းအချိန်ကုန်နေရတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်မြင်လာတဲ့အခါ ကိုယ့်ဆန္ဒတွေနောက်ပို့ထားရတယ်လို့ခံစားလာရပြီး နောက်ဆံတင်းနေတာမျိုးဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ်မကျေနပ်တော့ပါဘူး။ အဲဒါကလည်း သင့်ကိုမပျော်ရွှင်စေပါဘူး။

၇) ကိစ္စအသေးအဖွဲတွေအပေါ်အာရုံထားနေခြင်း
များသောအားဖြင့် ကိုယ့်လုပ်ချင်တာဖြစ်ချင်တာတွေကို (ရည်မှန်းချက်တွေ) ဖန်တီးရင်းအချိန်ကုန်နေရတဲ့လူတွေက သူတို့ရဲ့အာရုံမှာ သူတို့ဖြစ်ချင်နေတာတွေ ပုံဖော်နေတာနဲ့တင် အခြားသောကိစ္စအသေးအဖွဲတွေကို အာရုံမရောက်တော့ပါဘူး။ အဲဒီလိုမဟုတ်တဲ့လူတွေကတော့ အခြားသောကိစ္စအသေးအဖွဲတွေအပေါ်မှာတင် အာရုံရောက်နေပါတော့တယ်။ အဲဒီ့အခါ အမြင်မတော်တာတွေ့တဲ့အခါ ထိုကိစ္စအသေးအဖွဲမှာတင် စိတ်ရှုပ်စိတ်ညစ်ရပါတယ်။ သူတို့အာရုံက ပျံ့လွှင့်နေပါတယ်။ အဲဒါကြောင့် သူတို့ရည်မှန်းထားတာတွေလည်း အကောင်အထည်မဖော်နိုင်၊ အခြားသောကိစ္စအသေးအဖွဲလေးတွေနဲ့တင်အချိန်ကုန်၊ လူပမ်း၊ စိတ်ညစ်ရပါတယ်။ အဲဒါကြောင့် ကိုယ်ဖြစ်ချင်တာကို ကိုယ်ဖန်တီးဖု့ိ အာရုံထားပါ။ အခြားသောဘာမှမဟုတ်တဲ့ကိစ္စလောက်ကို ခေါင်းထဲမထည့်ပါနဲ့။ အထူးသဖြင့် ကိုယ်မထိန်းချုပ်နိုင်တဲ့ကိစ္စမျိုးတွေနဲ့ အာရုံနောက်မခံပါနဲ့။
အထက်ကအချက်တွေထဲမှာ သင်နဲ့တူနေတဲ့အချက်ဘယ်နှစ်ချက်လောက်ပါနေသလဲဆိုတာ ဆန်းစစ်ပြီး သင့်ကိုသင်ခုပဲပြုပြင်ဖို့ကြိုးစားလိုက်ပါတော့။ ဘဝဆိုတာ သင့်ကိုယ်သင်ရှာဖွေခြင်းမဟုတ်ပါဘူး။ သင့်ကိုသင်ဖန်တီးခြင်းဖြစ်ပါတယ်ဆိုတဲ့စကားလိုပါပဲ။ သင့်ဘဝပျော်ရွှင်ဖို့က သင့်ဘဝထဲထုတ်ပယ်သင့်တာထုတ်ပယ်ပြီး ကိုယလိုချင်တဲ့ဘဝဖြစ်အောင်ဖန်တီးနိုင်ပါတယ်လို့တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။