သင့်ဘဝအတွက် သင့်ကိုယ်သင်သတ်မှတ်သင့်တဲ့စည်းမျဉ်းများ

ကိုယ့်ဘဝကို လက်ရှိအခြေအနေထက် ပိုပြီးတိုးတက်ချင်တယ်၊ ပိုပြီးကောင်းမွန်လာချင်တယ်၊ ပိုပြီးအေးချမ်းချင်တယ်ဆိုရင် သင့်ကိုယ်သင်ပြန်သုံးသပ်ဖို့လိုပါတယ်။ သင့်ကိုယ်သင်ပြန်သုံးသပ်တဲ့အခါ ကိုယ့်ရဲ့အားနည်းချက်၊ ကိုယ့်ရဲ့အမှား၊ ကိုယ့်ရဲ့အပြစ် စတာတွေကိုမြင်အောင်ကြည့်ခိုင်းတာပါ။ ကိုယ့်ရဲ့အမှားတွေကို ကိုယ်တိုင်ပြုပြင်မယ်၊ ကိုယ့်ရဲ့အပြစ်ကို နောက်ထပ်မကျူးလွန်မိအောင်ထိန်းမယ်၊ ကိုယ့်ရဲ့အားနည်းချက်ကနေ အားသာချက်ဖြစ်အောင်ဘယ်လိုလုပ်မလဲစတဲ့ အချက်တွေကိုမြင်လာပြီး ကိုယ်တိုင်ပြုပြင်သင့်တဲ့အချက်တွေကိုမြင်၊ ကိုယ်ကိုယ်ကိုယ်သတ်မှတ်ရမှာဖြစ်ပါတယ်။


၁) သင့်ကိုယ်သင်သာ ယှဉ်ပြိုင်ပါ။
ဒီနေ့ကသင်နဲ့ မနက်ဖြန်သင် ယှဉ်ပြိုင်ပါ။ ဒီနေ့ကသင်ထက် မနက်ဖြန်သင်က ပိုပြီး တိုးတက်လာပါစေ၊ စွမ်းရည်၊ စိတ်ဓာတ်၊ အကျင့်သိက္ခာ ၊ ပညာဗဟုသုတ စတဲ့စွမ်းရည်တွေတိုးတက်လာခြင်းရှိမရှိကိုယ့်ဟာကိုယ်ပြိုင်ပါ။ အဲဒ့ီစွမ်းရည်တွေကသာ သင့်ကိုပိုပြီးတိုးတက်တဲ့ဘဝရလာစေမှာဖြစ်ပါတယ်။

၂) မသုံးခင် စုဆောင်းပါ၊ ချွေတာပါ၊ ရင်းနှီးမြုပ်နှံပါ။
ဒါကလည်း ခုလိုကပ်ရောဆိုးတွေဖြစ်လာတဲ့အခါ ပိုပြီးသိသာလာစေပါတယ်။ အရင်က ငွေများများရှာနိုင်တုန်းက သုံးခဲ့တာ၊ ဖြုန်းခဲ့တာတွေကို ခုလိုကြပ်တည်းလာချိန်မှာ ပြန်မြင်ယောင်ကြည့်ပါ။ နှမြောတသသစိတ်တွေဖြစ်လာပါလိမ့်မယ်။ အဲဒီ့က ရတဲ့သင်ခန်းစာကို စွဲနေအောင်မှတ်ထားပါ။ နောင်တစ်ချိန် စီးပွားရေးအတွက် အားသွန်ခွန်စိုက်ပြန်လုပ်နိုင်တဲ့အချိန်မှာ မသုံးဖြုန်းခင် စုဆောင်းဖို့၊ ချွေတာသုံးဖို့၊ ရင်းနှီးမြုပ်နှံဖို့ သင်ခန်းစာရလာပါစေ။ အဲဒါက သင့်အတွက်ငွေကြေးနဲ့ပတ်သက်ပြီး တိုးတက်မယ့်စွမ်းရည်ပါပဲ။

၃) ကိုယ့်ဘဝအတွက်မကောင်းတဲ့သူကို ရှောင်ပါ။
အဆိပ်အတောက်လိုလူတွေ သင့်ကိုဖျက်ဆီးမယ့်လူတွေကို ဘဝထဲက ပြတ်သားစွာထုတ်ပစ်ရမှာပါပဲ။ အဲဒါက အကြွင်းမဲ့ပြတ်သားရမယ့် အရာပါ။ အဲဒီ့အချက်ကလည်း သင့်ကိုသင်တိုးတက်စေဖို့ ချမှတ်ရမယ့်စည်းကမ်းဖြစ်သင့်ပါတယ်။ မကောင်းတဲ့လူတွေနဲ့ပေါင်းသင်းခြင်းဟာ သင့်ရဲ့အချိန်၊ ငွေကြေး၊ စွမ်းရည် ၊ အလကားကုန်ဆုံးစေတာမို့ သင့်ဘဝကို ဆုတ်ယုတ်စေမှာပါ။ သင့်အတွက် သင့်ရည်မှန်းချက်ကိုပုံဖော်ပေးမယ့်သူ၊ သင့်ကိုအမှားထောက်ပြသွန်သင်မယ့်သူ၊ သင့်ကိုအားပေးတတ်သူတွေဟာ သင့်ဘဝတိုးတက်ဖို့ အကူအညီဖြစ်စေမယ့်သူတွေပါ။ အဲဒါကြောင့် ဒီစည်းကမ်းကိုလည်း သတ်မှတ်သင့်ပါတယ်။

၄) သင်လိုချင်တာတွေအတွက် မကြိုးစားရင် သင်ဘယ်တော့မှရနိုင်မှာမဟုတ်ပါဘူး။
အမှန်တရားတစ်ခုပါပဲ။ သင်လိုချင်တာတွေ၊ သင့်အိပ်မက်တွေအတွက် သင်ကိုယ်တိုင်က မကြိုးစားရင် အဲဒီ့ပန်းတိုင်တွေကို သင်ဘယ်တော့မှရနိုင်မှာမဟုတ်ပါဘူး။ ဘယ်တုန်းကမှ မမှားဖူးခဲ့တဲ့ နည်းလမ်းပါ။ သင့်မှာလည်း ကိုယ်ပိုင်စိတ်ကူးအိပ်မက်တွေရှိတယ်ဆိုရင် သင့်ရဲ့စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ခုပဲစတင်ဖို့ ဒီစကားကိုမမေ့လိုက်ပါနဲ့။ သင့်ကိုသင်သတ်မှတ်သင့်တဲ့စည်းကမ်းပါပဲနော်။ သင့်အိပ်မက်တွေအတွက် သင်ကိုယ်တိုင်ကြိုးစားမယ်ဆိုတဲ့စည်းကမ်းကိုသတ်မှတ်ပါ။ သင့်အိပ်မက်တွေအတွက် အခွင့်အရေးတွေကိုထိုင်စောင့်နေတာထက်စာရင်ပေါ့။

၅) ကျရှုံးမှုတွေဆိုတာ အစပါ၊ အဆုံးသတ်မဟုတ်သေးပါဘူး။ သင်ပြန်ကြိုးစားမယ်ဆိုရင်ပေါ့။
သင့်အိပ်မက်တွေကို ပုံဖော်တဲ့အခါ ကျရှုံးမှုကြုံမယ်၊ အခက်အခဲတွေကြုံမယ်၊ ပြဿနာတွေရင်ဆိုင်ရမယ် ၊ ဒါပေမယ့် ဇွဲမလျှော့ဘဲ ဆက်ကြိုးစားခြင်းက သင့်အတွက်အောင်မြင်နိုင်ခြင်းရဲ့လမ်းစပါ။ ကျရှုံးမှုတွေကြုံလာတဲ့အခါ သင်တွေးရမှာက ဒါက အစပဲရှိသေးတယ်ဆိုတာပါပဲ။ သင်သာထပ်ကြိုးစားမယ်ဆိုရင် သင့်အတွက် အဆုံးသတ်မဟုတ်သေးဘူးပေါ့။

၆) ကိုယ့်ရဲ့အလေ့အကျင့်တွေက ကိုယ့်ရဲ့အနာဂတ်ကိုသတ်မှတ်ပေးတာပါ။
သင့်ရဲ့ နေ့စဉ်နေထိုင်မှုအလေ့အကျင့်တွေက အကျင့်ကောင်းတွေဖြစ်ဖို့လိုပါတယ်။ အကျင့်ကောင်းတွေချည်းစုလာတဲ့အခါ သင့်ဘဝရဲ့အနာဂတ်ကိုပိုကောင်းဖို့ဖြစ်လာစေပါတယ်။ အဲဒါကြောင့် သင့်ရဲ့အလေ့အကျင့်တွေကိုကောင်းအောင်လေ့ကျင့်ပြုပြင်ယူပါ။ အဲဒါသည် သင့်ဘဝတိုးတက်ဖို့အတွက် သင့်ကိုယ်သင်သတ်မှတ်သင့်တဲ့စည်းကမ်းပဲဖြစ်ပါတယ်။
ဒီစည်းကမ်းတွေသတ်မှတ်ထားခြင်းက သင့်ကိုယ်သင်တိုးတက်ဖို့အထောက်အကူဖြစ်စေမှာပါ။ ကိုယ့်ကိုယ်ကိုယ်စည်းကမ်းသတ်မှတ်ခြင်းဆိုတာက သင့်ကိုသင်ထိန်းချုပ်နိုင်ခြင်းနဲ့အချိုးကျတာမို့ သင့်ကိုယ်သင်သာ ထိန်းချုပ်နိုင်မယ်ဆိုရင် သင့်ဘဝထဲက မကောင်းတဲ့အကျင့်၊ မကောင်းတဲ့လူ၊ မှားနေတဲ့အရာတွေအားလုံး တဖြည်းဖြည်းလျှော့ပါးလာမှာလို့တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။