မေ့ပစ်တတ်ဖို့သင်ယူပါ။

မေ့ပစ်တတ်ခြင်းကလည်း ပညာတစ်ခုဆိုရင် မမှားပါဘူးနော်။ လွယ်လွယ်မေ့ပစ်တတ်တဲ့သူထဲမှာ သင်ကောပါရဲ့လား။ ဘာလို့များ လွယ်လွယ်လေးနဲ့မေ့ပစ်ခိုင်းရတာပါလဲ။ ဘဝမှာ ကိုယ့်ကြောင့်အခြားသူထိခိုက်သွားတာမျိုးကိုတော့ သတိမထားမိတတ်ပေမယ့် အခြားသူကြောင့်ကိုယ်ထိခို်ကခဲ့ရတာမျိုးဆိုရင်တော့ လွယ်လွယ်မမေ့ပစ်တတ်ကြပါဘူး။ သတိရတဲ့အခါတိုင်း ဘယ်သူက ဘယ်လိုမျိုး ယုတ်မာတာ၊ ဘယ်သူက ဘယ်လိုမျိုး အနိုင်ကျင့်ခဲ့တာ၊ ဘယ်သူက ဘယ်လိုဆိုပြီး ပြန်ပြောတတ်ကြပါသေးတယ်။ တကယ်တော့ အဲဒီလိုပြန်ပြောမိတဲ့အခါတိုင်း၊ ပြန်သတိရမိတဲ့အခါတိုင်း ပြန်ပြီး နာကျင်ခံစားရတာ ကိုယ်တိုင်ပါ။


ပျော်ရွှင်နေတဲ့သူတွေရဲ့ အကျင့်တွေထဲမှာ များများခွင့်လွှတ်ပြီး မြန်မြန်မေ့ပစ်တတ်တဲ့အကျင့်ပါပါတယ်တဲ့။ တကယ်လည်း လက်ခံသင့်တဲ့အချက်ပါပဲ။ ကျွန်တော်တို့တွေရဲ့ဘဝမှာ အခါခါ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ ဖိစီးမှုတွေကို ခံစားကြရမှာပါပဲ။ လူတွေက ပတ်ဝန်းကျင်နဲ့နေုထိုင်ကြတဲ့အခါ ပတ်ဝန်းကျင်က လူတွေကြောင့်ပဲ ကျွန်တော်တို့ ခံစားကြရပြန်ပါတယ်။ တသီးတခြားထဲ နေထိုင်လို့မဖြစ်နိုင်တာကြောင့် လူတွေထဲမှာ နေထိုင်ရင်းနဲ့ပဲ လူအမျိုးမျိုးကြောင့် ခံစားချက်အမျိုးမျိုးခံစားကြရမှာပါပဲ။ အဲဒီ့အခါမှာ ခံစားချက်တွေကို နေရာတကျထားတတ်ဖို့လည်း လိုလှပါတယ်။ ဘဝဆိုတာက အမြဲလိုမွန်းကြပ်မှုကိုပဲ ခံစားရင်း အမြဲကြေကွဲဝမ်းနည်းနေမလား၊ ဝမ်းနည်းမှုတွေကြားထဲက အမြဲလိုလို ပျော်စရာတွေရှာရင်း ဖွေရင်းနဲ့ အမြဲတမ်း ပျော်နိုင်အောင် ကြိုးစားမလား ဆိုတာက သင့်ရဲ့ရွေးချယ်မှုပါပဲနော်။

လူ့ဘဝဆိုတာ ရခဲလှပါတယ်။ ရခဲလှတဲ့လူ့ဘဝကို စိတ်ဆင်းရဲစွာတွေချည်းတွေးပြီး နေထိုင်ဖို့က နှမြောစရာကောင်းပါတယ်။ မွေးလာကတည်းက ငိုပြီး အမေ့ဝမ်းထဲက ထွက်လာခဲ့သူတွေမို့ အနည်းနဲ့အများတော့ ဘဝတစ်လျှောက်မှာ ဝမ်းနည်းစရာခံစားကြရမှာချည်းပါ။ အဲဒါကို နောက်ထပ်သော မရှောင်လွှဲနိုင်တဲ့အကြောင်းအမျိုးမျိုးနဲ့ ကြုံရမယ့် အခက်အခဲတွေ၊ နာကျင်ဝမ်းနည်းမှုတွေကို ထပ်ပြီး ရင်ဘတ်ထဲထည့် ခံစားနေအုံးမှာလား။ ဘဝမှာ ရှင်သန်ရကျိုးမနပ်ဘဲနေမှာပေါ့။

အဲဒါကြောင့် နာကျင်မှုတွေ၊ နာကျည်းမှုတွေကို လွယ်လွယ်မေ့ပစ်ဖို့ ကြိုးစားကြည့်ပါ။ မေ့ပစ်လို့မရဘူးဆိုရင် ကိုယ့်ကိုကိုယ်ပြန်တွေးပါ။ “ဒီနာကျင်မှုတွေကို ဒီထက်ပိုပြီးခံစားနေတာ ငါ့အတွက် တန်ရဲ့လား…..” လို့ ကိုယ့်ကိုကိုယ်မေးကြည့်လိုက်ပါ။ သင့်ကို နာကျင်မှုတွေပေးခဲ့တဲ့သူတွေက သတိတောင်ရတော့မယ်မထင်ပါဘူးနော်။ သင်ကသာ ပြန်တွေးတိုင်း တနုံနုံနဲ့ နာကျင်ခံစားနေတာပါ။ များများခွင့်လွှတ်ပေးခြင်းက အခြားသူက ပေးလာတဲ့ ဝန်ထုပ်ဝန်ပိုးကို သင်လက်မခံဘဲ လွှတ်ချလိုက်တာနဲ့တူပါတယ်။ ခွင့်လွှတ်တတ်သွားတဲ့အခါ အရင်ဆုံး သင်မနာကျင်တော့ပါဘူး။ သင်ပေါ့ပါးသွားသလို၊ သင်အေးချမ်းလာပါတယ်။ ပြီးရင် ဘာမှမဖြစ်ခဲ့သလို မေ့ပစ်လိုက်ပါ။ သင့်ကို ထိခိုက်နာကျင်စေခဲ့တဲ့သူကို ပြုံးပြနိုင်ဖို့ သင့်ကိုသင်သတိပေးပါ။ တခါလောက် ပြုံးပြနိုင်သွားရင် နောက်ထပ်အခါပေါင်းများစွာ ပြုံးပြနိုင်သွားပါလိမ့်မယ်။ သူ့ကို မပြုံးပြနိုင်ရအောင် သင်က နာကျင်အောင်လုပ်ခဲ့တာမှမဟုတ်တာ။ အပြစ်ရှိသူက သူပါ။ သင်က မေ့ပစ်နိုင်တာနဲ့ သင်နိုင်သွားပါပြီ။ ခွင့်လွှတ်နိုင်တာနဲ့ သင်အေးချမ်းသွားပါပြီ။ သင်ပြုံးပြနိုင်သွားတာနဲ့ သူရှုံးသွားတာကို သင်အပြုံးမြင်တိုင် သူခံစားရပါလိမ့်မယ်။

အဲဒါကြောင့် ကျွန်တော်တို့ဘဝမှာ နာကျင်ခြင်း၊ နာကျည်းခြင်းတွေပေးခဲ့သူတွေကို များများခွင့်လွှတ်ပေးလိုက်ပါ။ ပြီးရင် ဘာမှမဖြစ်ခဲ့သလို မေ့ပစ်လိုက်ပါ။ ပြီးရင် ပြုံးပြနိုင်အောင် ကြိုးစားလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။