သင့်အတွက်ပိုကောင်းလာမယ့် မနက်ဖြန်တွေရှိပါသေးတယ်။

အဲဒီလိုမျိုးတွေးခဲ့ဖူးလား…..။ တကယ်တမ်း အမှောင်ကျနေတယ်ဆိုတဲ့ ကံဆိုးတဲ့နေ့ရက်တွေ၊ အကြပ်အတည်းနဲ့ကြုံနေရတဲ့နေ့ရက်တွေမှာဆိုရင် အဲဒီ့လိုအတွေးမျိုး မတွေးဖြစ်ကြပါဘူး။ စိတ်ဆင်းရဲမှု၊ စိတ်ညစ်မှုတွေနဲ့ ကိုယ့်အာရုံတစ်ခုလုံးပိန်းမှောင်နေပြီး ဘာအတွက်မှ ပြန်ပြီး အဆင်ပြေလာမှာမဟုတ်ဘူးလို့သာ တွေးထင်တတ်ကြပြီး ပိုလို့ စိတ်ဆင်းရဲတတ်ကြပါတယ်။ လူရဲ့သဘောကိုက ကောင်းတဲ့အရာထက် ဆိုးတဲ့အရာတွေပေါ်မှာ ပိုပြီး အာရုံရောက် စိတ်ဝင်စားမှုရှိနေတတ်ကြတယ်လို့ ပြောတာဖတ်ဖူးပါတယ်။ တကယ်လည်း မှန်ပါတယ်နော်။


အဲဒါကြောင့်သာ ဆိုးဝါးတဲ့အခြေအနေအချို့ပေါ်မှာ စိတ်အခြေအနေ ခံနိုင်ရည်စွမ်းပေါ်မူတည်ပြီး ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံစည်တာမျိုးတွေ ဖြစ်လာကြတာပေါ့။
အဲဒီလို ဆိုးဝါးနေ့ရက်တွေမှာ တခြား အဆင်ပြေနိုင်လာမယ့်အကြောင်းတရားတွေကို မမြင်နိုင်တော့တာမို့ ဆိုးဝါးစိတ်ဓာတ်ကျစရာကောင်းတဲ့နေ့တွေကို အမှောင်ကျနေတဲ့နေ့ရက်တွေလို့ တင်စားကြတာဖြစ်မှာပါ။

အဲဒီလိုနေ့ရက်မျိုးတွေမှာ တွေးတတ်တာက “ငါတော့ အဆင်ပြေမှာမဟုတ်တော့ဘူး” “ငါ့ကို ကူညီဖေးမမယ့်သူဘယ်သူမှမရှိပါဘူး” “ငါ့ကိုဆို ဘယ်သူကမှတန်ဖိုးမထားကြဘူး” “င့ါအတွက် မျှော်လင့်ချက်ဆိုတာ မရှိနိုင်တော့ပါဘူး” “ငါဘယ်လိုမှ ပြန်အဆင်ပြေတော့မှာမဟုတ်ပါဘူး” စတဲ့အကြောင်းတရားတွေကဲ့သို့ အဆိုးမြင်တဲ့အကြောင်းတွေသာ တွေးမိတတ်ပါတယ်။
အဲဒါကြောင့် ဝမ်းနည်းနေတဲ့အချိန်၊ ဒေါသထွက်နေတဲ့အချိန်၊ ပျော်ရွှင်နေတဲ့အချိန်ကဲ့သို့ စိတ်ခံစားချက်ပြင်းထန်နေတဲ့အချိန်မျိုးမှာ ဆုံးဖြတ်ချက်မချမိပါစေနဲ့လို့ ပြောကြတာပါ။ အခုလို အခက်အခဲ၊ အကြပ်အတည်းနဲ့ ဆိုးရွားတဲ့အခြေအနေတွေကြုံနေတဲ့အခိုက်မှာလည်း “ ငါတော့ သေလိုက်တာပဲအေးပါတယ်” ဆိုတဲ့အတွေးမျိုးဝင်လာပြီး ချက်ချင်းဆုံးဖြတ်ချက် ချလိုက်တာမျိုးတွေကို မလုပ်မိစေဖို့ စိတ်ခံစားချက်ပြင်းထန်နေချိန်မှာ ဘာကိုမှ အလျင်စလိုမဆုံးဖြတ်လိုက်ပါနဲ့လို့ပြောတာပါ။
အဲဒီလို အမှောင်ကျနေတယ်လို့ခံစားနေရတဲ့ ဆိုးရွားနေ့ရက်တွေကို ရင်ဆိုင်ရချိန်မှာ လူတိုင်းလိုလိုဟာ သာမန်ပုထုဇဉ်ဖြစ်နေတဲ့အတွက်ကို ပင်ပန်းကြီးစွာခံစားနေတဲ့အခါ လက်လျှော့အရှုံးပေးချင်စိတ်တွေ ဖြစ်လာနိုင်တာပါပဲ။ ဒါဆိုရင် အဲဒီလိုနေ့ရက်တွေကို အရှုံးပေးလိုက်တော့မယ်လို့တွေးလိုက်မယ်ဆိုရင် ရောင်နီသာတဲ့နေ့သစ်ကို ရောက်နိုင်ပါအုံးမလား…..လှပတဲ့အလင်းရောင်ကို မြင်နိုင်ပါအုံးမလား…..။ လုံးဝပါပဲနော်။ အရှုံးပေးလိုက်တာနဲ့တစ်ပြိုင်နက် ကိုယ့်ဘဝဟာ ဆိုးဝါးတယ်ဆိုတဲ့အမှောင်ထုထဲမှာတင် အဆုံးသတ်သွားပါပြီ။

လူတိုင်းဟာ ဆင်းရဲပင်ပန်းခက်ခဲလွန်းတဲ့နေ့ရက်တွေမှာ အဆိုးတွေကြုံနေကြတာမို့ ကိုယ့်ရဲ့အတွေးနဲ့ခံစားချက်တွေအားလုံးဟာလည်း အဆိုးချည်းမြင်တဲ့ negative thinking ဘက်ကိုသာ အလေးသာနေတာကြောင့် မကောင်းတဲ့အတွေးချည်းတွေးနေမိမှာပါ။ အဲဒီ့လိုအခြေအနေမျိုးမှာ စိတ်ကိုတည်ငြိမ်အောင်ထားပြီး မျှော်လင့်ချက်လေးမွေးဖို့ လိုအပ်ပါတယ်။ အရှုံးပေးလိုက်တော့မယ်…..လို့တွေးတဲ့အချိန်ဟာ မျှော်လင့်ချက်ဆိုတဲ့ (hope) မရှိတော့လို့ပါပဲ။ “ဒီခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေပြီးရင် ငါ ဒီ့ထက်မက အဆင်ပြေသွားမှာ……” “ဒီဆိုးရွားတဲ့နေ့ရက်တွေက တခဏပဲ ဒါတွေကိုကျော်ဖြတ်နိုင်ရင် ငါဒီထက်ပိုကောင်းတဲ့နေရာတစ်ခုကိုရောက်သွားမှာ…” စသဖြင့် အလားတူအတွေးမျိုးတွေ မတွေးဖြစ်လို့ပါ။ တကယ်က “ဒီဆိုးရွားတဲ့နေ့ရက်တွေပြီးရင်……..”ဆိုတဲ့အတွေးလေး တွေးမိလိုက်တာနဲ့ကို ဖျတ်ခနဲ အလင်းရောင်မြင်လိုက်ရသလို မျှော်လင့်ချက်ကို ဆုပ်ကိုင်မိသွားမှာပါပဲ။

အဲဒါက အမှောင်ကျတဲ့နေ့ရက်တွေအတွက် အလင်းရောင်လေးတစ်ခုပါပဲ။ အဲဒီ့ မျှော်လင့်ချက်အလင်းရောင်လေးကိုသာ အရှုံးမပေးခင်တွေးကြည့်မိဖို့လိုပါတယ်။ အဲဒီလိုတွေးလိုက်မိတာနဲ့တပြိုင်နက် ချက်ချင်း ခွန်အားတွေဖြစ်လာပါလိမ့်မယ်။ “ဟုတ်တယ်….ဒီဆိုးရွားတဲ့နေ့ရက်တွေပြီးရင် ငါအဆင်ပြေလာမှာပေါ့။ အားတင်းထားမယ်” ဆိုတဲ့အတွေးမျိုး

“ဟုတ်တယ်…..ဒီအကြွေးတွေအားလုံးကို ဆပ်နိုင်ပြီးတဲ့တစ်နေ့ကျရင် ငါလွတ်လပ်သွားပြီပေါ့ ၊ စားချင်တာစားမယ်၊ လုပ်ချင်တာလုပ်မယ်၊ ပျော်စရာကြီး” ဆိုတဲ့အတွေးမျိုး၊

“စာတွေတစ်လုံးမှ မရသေးဘူး။ စာမေးပွဲကျတော့မယ်၊” ဆိုတဲ့အတွေးထက် “ ဒီစာတွေရအောင်ကျက်ပြီးလို့ စာမေးပွဲဖြေပြီးရင် ငါလွတ်လပ်ပြီ၊” ဆိုတဲ့အတွေးမျိုး
စတဲ့ မျှော်လင့်ချက်အလင်းရောင်ပါတဲ့ အလားတူအတွေးမျိုးတွေ တွေးလိုက်မယ်ဆိုရင် ဘယ်လောက်များ စိတ်ဓာတ်တက်ကြွလာမလဲ။ တကယ်တွေးကြည့်လိုက်ပါနော်။

တကယ်လို့များ……အခုရက်တွေထဲမှာ သင့်အတွက် အဆိုးဝါးဆုံးအခြေအနေတွေနဲ့ ကြုံလာရမယ်ဆိုရင် အခုဆောင်းပါးထဲကလို မျှော်လင့်ချက်အလင်းရောင်ပါတဲ့ အကောင်းဘက်ကမြင်တဲ့အတွေးမျိုးလေးတွေ တွေးကြည့်လိုက်ပါလို့ သတိပေးလိုက်ပါတယ်။
မနက်ဖြန်ဟာ လူတိုင်းအတွက် အသင့်ရှိနေပါတယ်။ သင်ဆုပ်ကိုင်တတ်ဖို့သာလိုတာပါ။ အဲဒါကြောင့် ဘယ်သူမှ သင့်ကိုအားမပေးလည်း “ငါ့အတွက် ဆိုးဝါးတဲ့အခိုက်အတန့်တွေဟာ ခဏတာပါ။ ပိုကောင်းလာမယ့် မနက်ဖြန်တွေ အများကြီးရှိပါသေးတယ်….” လို့များတွေးကြည့်ရင်း ခွန်အားယူလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။