ကျရှုံးမှုတွေကနေ ပြန်လည်ရှေ့ဆက်နိုင်ဖို့ နည်းလမ်း (၅) ချက်

ကျရှုံးမှုဆိုတာ လူတိုင်းလိုလိုကြုံဖူးကြမယ့်အရာပါပဲ။ ကျရှုံးမှုကို ရင်မဆိုင်ခဲ့ဖူးသူရှိမယ်မထင်ပါဘူးနော်။ ကျရှုံးမှုတွေကနေ သင်ခန်းစာယူပြီး ပြန်လည်အောင်မြင်အောင်ကြိုးစားတဲ့သူနဲ့ လုံးဝပြန်မကြိုးစားတဲ့သူသာ ကွဲပြားသွားတာဖြစ်မှာပါ။ ကျရှုံးမှုတွေကြုံရတိုင်း ပြန်ပြီးရှေ့ဆက်ကြိုးစားမှသာ ပြန်လည်အောင်မြင်နိုင်တာပါ။ အောင်မြင်မှုကိုလိုလားသူတိုင်း ကျရှုံးမှုအခါခါရင်ဆိုင်ရမှာပါပဲ။ အဲဒါကြောင့် ကျရှုံးမှုတွေဟာ အောင်မြင်သူတွေအတွက်တော့ စာမေးပွဲစစ်တဲ့သဘောပါပဲ။ ကျရှုံးမှုတွေကနေ ပြန်လည်ရှေ့ဆက်နိုင်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) ကိုယ့်ခံစားချက်တွေကို လက်ခံပါ။
ကျရှုံးမှုနဲ့ကြုံရတဲ့အခါ ဘယ်သူမဆို စိတ်ခံစားချက်တစ်မျိုးမျိုးတော့ဖြစ်မိမှာပါပဲ။ ဝမ်းနည်းမယ်၊ အားငယ်မယ်၊ စိတ်ဓာတ်ကျမယ်ဆိုတဲ့ခံစားချက်တွေတော့ဖြစ်လာမှာပါ။ အဲဒီ့ခံစားချက်တွေဖြစ်ပေါ်တယ်ဆိုတာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ ကိုယ့်ရဲ့ခံစားချက်ကို နားလည်လက်ခံပါ။ “ အော်…ဒီလိုကြုံမှတော့ ဒီလောက်တော့ခံစားရမှာပေါ့။ ဒါပုံမှန်ပါပဲ။ တသသပြန်တွေးပြီး အမြဲခံစားနေလို့တော့ ဘာမှပြန်ပြီး ဖြစ်လာတော့မှာမဟုတ်ဘူး။ နောက်တစ်ကြိမ်အဲဒီလိုမဖြစ်အောင်ကြိုးစားဖို့ သတိထားမှ” ဆိုတဲ့စိတ်မျိုးမွေးမှဖြစ်မှာပါ။ အဲဒါကြောင့် ခံစားချက်ကို လက်ခံပါ။ နားလည်ပါ။ ဒီခံစားချက်ပြေပျောက်နိုင်ဖို့ဘာလုပ်သင့်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်နားလည်ဖို့လိုပါတယ်။

၂) သင်ပြန်ပြီးကြိုးစားမယ်ဆိုရင် သင်တကယ်မကျရှုံးသေးပါဘူး။
အထက်ကပြောသလိုပါပဲ။ ကျရှုံးမှုဆိုတာက ကိုယ်ပြန်ပြီးကြိုးစားသရွေ့ ပြန်အောင်မြင်နိုင်ပါတယ်။ မကြိုးစားတော့ဘူးဆိုမှ တကယ်ရှုံးသွားတာပါ။ အဲဒါကြောင့် ပြန်ကြိုးစားမယ်ဆိုရင် တကယ်မကျရှုံးဘူးဆိုတာကို အာရုံထဲထည့်ပါ။ ထိုင်ပြီး ဆွေးငေးနေရုံနဲ့လည်း ပြန်မအောင်မြင်နိုင်သလို ပြန်ပြီးကြိုးစားချင်စိတ်ရှိမယ်ဆိုရင် ပြန်အနိုင်ရနိုင်ပါသေးတယ်။

၃) ကိုယ့်စိတ်ကိုပြန်လည်ဆောက်တည်ပြီး လက်ရှိဖြစ်ရပ်ကနေသင်ခန်းစာယူပါ။
အဲဒီ့အတွက် ကိုယ့်ရဲ့ပြိုလဲချင်နေတဲ့စိတ်ကို တည်ငြိမ်အောင်ပြန်လည်တည်ဆောက်ဖို့ ကြိုးစားပါ။ အဓိကကတော့ ကိုယ့်စိတ်ကို နားလည်ဖို့လိုတာပါ။ ကိုယ့်စိတ်ကို ပြန်လည်တည်ငြိမ်စေတာက ဘာလဲ၊ ဘယ်အရာကိုပြန်ပြီး အာရုံစိုက်ပြီး ဘာတွေဆက်လက်သင်ယူမလဲ၊ လက်ရှိဖြစ်ရပ်ကနေ ပြန်သုံးသပ်ပြီး ကိုယ့်ရဲ့အားနည်းချက်ကဘာလဲသိအောင်ကြိုးစားပါ။ ကိုယ့်ရဲ့အားသာချက်ကဘာလဲသိအောင်လုပ်ပါ။ အားနည်းချက်ကို ပြန်လည်ပြုပြင်ယူပြီး သင်ခန်းစာကို မှတ်သားပါ။ ကိုယ့်ရဲ့အားငယ်နေတဲ့စိတ်ကို ပြန်လည်တည်ဆောက်တဲ့နေရာမှာ “ဒီနေ့ဖြစ်ရပ်မှာ တကယ်လို့များ အရှုံးပေးလိုက်ပြီး လုံးဝပြန်မကြိုးစားတော့ဘူးဆိုရင် ဘယ်တော့မှ ပြန်ပြီး အနိုင်မရနိုင်တော့ဘူး။ တကယ်ပဲ အရှုံးသမားဘဝကို လက်ခံနိုင်ရဲ့လား။ တကယ်ပဲ အရှုံးသမားဘဝနဲ့ ကိုယ့်ကိုယ်ကိုယ်မြင်ကြည့်ပါ။ နောင်အနာဂတ်မှာ ကိုယ့်ရဲ့ပုံစံဟာ အရှုံးသမားတစ်ယောက်ဖြစ်နေမယ်ဆိုရင် ဖြစ်ချင်ရဲ့လား” အဲဒီလိုအတွေးမျိုးတွေးကြည့်ပါ။ ကိုယ့်ကိုယ်ကိုယ်အရှုံးသမားအဖြစ်ပြန်မြင်ယောင်ကြည့်လိုက်ရင် ကိုယ့်စိတ်ထဲထိတ်လန့်သွားပါလိမ့်မယ်။ တကယ်တော့ ကိုယ်လိုချင်တာအရှုံးသမားမဟုတ်ဘူးလေ။ အောင်နိုင်သူမဟုတ်လား။ အောင်နိုင်သူကိုလိုချင်ရင် ပြန်ကြိုးစားမှဖြစ်မှာပေါ့လို့ ကိုယ့်ကိုယ်ကိုယ်အားပေးပါ။

၄) အခြားသူတွေရဲ့ကျရှုံးမှုတွေဆီကတဆင့် အောင်မြင်အောင်ပြန်လည်ကြိုးစားနိုင်ခဲ့တာတွေကို
သင့်ကိုသင် ပြန်သတိပေးပါ။
ဒီကျရှုံးမှုကနေ ကိုယ်ဘယ်လိုပြန်အနိုင်ရအောင်လုပ်နိုင်မလဲဆိုတဲ့ သင်ခန်းစာကိုရအောင်ယူဖို့အရေးကြီးသလို၊ ကိုယ့်စိတ်ကိုပြန်လည်တည်ငြိမ်အောင်ကြိုးစားတဲ့အခါမှာ အခြားသော ကျရှုံးဖူးသူတွေထံကနေ သင်ယူဖို့လည်းလိုပါတယ်။ အခြားလူတွေက အလားတူအခြေအနေမျိုးမှာ ဘယ်လိုပြန်လည်ကြိုးစားခဲ့သလဲ။ ကိုယ့်ထက်ဆိုးဝါးတဲ့အခြေအနေမျိုးကြုံဖူးသူတောင်ရှိရင်ရှိအုံးမှာပါ။ မြင်အောင်ကြည့်ပြီး ပညာရအောင်ယူပါ။

၅) သင်ခန်းစာယူပြီး စနစ်တကျအစီအစဉ်ဆွဲကာ ရှေ့ဆက်သွားပါ။
အဓိကက လက်ရှိကျရှုံးမှုကနေ သင်ခန်းစာယူပါ။ နောက်ထပ် ဆက်လှမ်းမယ့်ခြေလှမ်းမှာ အလားတူအမှားမျိုးမဖြစ်ဖို့ ကြိုးစားပါ။ အရင်က အားနည်းခဲ့တာကို နားလည်အောင်သုံးသပ်ပြီး အရင်ကထက် ပိုသာတဲ့အစီအစဉ်မျိုး ဆွဲပါ။ ရှေ့ဆက်ကြိုးစားကြည့်ပါ။
နောင်မဝေးတော့တဲ့အနာဂတ်မှာ ဘယ်နေရာမှာမှ မအောင်မြင်တဲ့ အရှုံးသမားတစ်ယောက်ဟာ ကိုယ်ဖြစ်နေချင်ရဲ့လား။ အရှုံးသမားအဖြစ် ကိုယ့်ကိုယ်ကိုယ်ပြန်မြင်ယောင်ကြည့်လိုက်ပါ။ အင်မတန်ကြောက်စရာကောင်းတာကို တွေးမိပါလိမ့်မယ်။ အဲဒီလို အရှုံးသမားဘဝကို ကြောက်တယ်ဆိုရင် အခုလက်ရှိရင်ဆိုင်နေရတဲ့ ကျရှုံးမှုကို အရှုံးမပေးလိုက်ပါနဲ့။ ခုကျရှုံးမှုတွေကနေ သင်ခန်းစာယူပြီး ရှေ့ဆက်ကြိုးစားမယ်လို့ ဆုံးဖြတ်ပါ။ မဝေးတော့တဲ့အနာဂတ်မှာ လူအများကြားမှာ ဝင့်ကြွားအောင်မြင်လက်မထောင်နေတဲ့သင်….ဖြစ်အောင် ပြန်လည်ကြိုးစားလိုက်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော် ။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။