သင်ဘယ်တော့မှ စိတ်မကောင်းမဖြစ်သင့်တဲ့အရာများ

ဘဝမှာ သင်ဘယ်တော့မှတောင်းပန်စရာမလိုတဲ့အရာတွေရှိပါတယ်။ အဲဒီ့အရာတွေက သင့်ကလွဲပြီး အခြားလူတစ်ယောက်ယောက်ကိုထိခိုက်စေလိုတဲ့စိတ်နဲ့ ပြုလုပ်မိတာမျိုးမဟုတ်ဘဲ ဒီတိုင်းဖြစ်တည်လာတဲ့အချို့အရာတွေအတွက် တောင်းပန်ဖို့မလိုအပ်ပါဘူး။ အခြားသူတွေကို သင်ဘယ်တော့မှ မတောင်းပန်သင့်တဲ့အရာအချို့ကိုဖော်ပြပေးလိုက်ပါတယ်။


၁) တစ်ယောက်ယောက်ကို ချစ်မိသွားခြင်း
တစ်စုံတစ်ယောက်ကို ချစ်မိသွားခြင်းက သင့်ရဲ့နှလုံးသားကနေ အလိုအလျောက်ဖြစ်တည်လာတာမျိုးမို့ သင်တမင်လုပ်ယူလို့မရပါဘူး။ ဒါပေမယ့် လွတ်လပ်သောသူအချင်းချင်း ချစ်မိခြင်းကကိစ္စမရှိပေမယ့် မလွတ်လပ်သူကို ချစ်မိတာမျိုးဆိုရင်တော့ သင့်စိတ်ကိုသင့်ရဲ့အသိဉာဏ်နဲ့ ပြင်ဆင်ဖို့ကြိုးစားသင့်ပါတယ်။ သင့်ရဲ့နှလုံးသားကို သင့်အသိဉာဏ်လေးနဲ့ထိန်းဖို့တော့လိုတာပေါ့။ ဒါပေမယ့် သင့်ရဲ့ချစ်မိသွားခြင်းက အစွန်းမရောက်မချင်း ဘယ်သူ့ကိုမှသင်တောင်းပန်စရာမလိုပါဘူး။

၂) “No” ဟုငြင်းပယ်ခြင်း
အမြဲပြောဖူးပါတယ်၊ ကိုယ်တကယ်မတတ်နိုင်တဲ့ကိစ္စ၊ ကိုယ့်အတွက်နောက်ဆံတင်းနေရမယ့်ကိစ္စမျိုးတွေမှာ ငြင်းပယ်သင့်တာငြင်းပယ်ရမှာပါပဲ။ အဲဒါကို အားနာလို့ဖြစ်ဖြစ်၊ မငြင်းသင့်ဘူးထင်နေတာဖြစ်ဖြစ်၊ တခုခုကြောင့် တုံ့ဆိုင်းနေတာက သင့်ကိုသင် ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ သင်ပဲနောက်ဆံငင်နေရမှာဖြစ်သလို၊ သင့်ရဲ့စိတ်လည်းချမ်းသာရမှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ်တကယ်မတတ်နိုင်တဲ့ကိစ္စမျိုးကို ပွင့်ပွင့်လင်းလင်းနဲ့ ငြင်းပယ်လိုက်တာအကောင်းဆုံးပါပဲ။

၃) ကိုယ့်အိပ်မက်တွေကိုပုံဖော်ခြင်း
ကိုယ်ဖြစ်ချင်တဲ့အိပ်မက်တွေကို ကိုယ်တိုင်ပုံဖော်နိုင်ဖို့ကြိုးစားခြင်းအတွက် ဘယ်သူ့ကိုမှတောင်းပန်နေစရာမလိုပါဘူး။ အခြားသူကိုမထိခိုက်စေရင် ပြီးတာပါပဲ။ ကိုယ့်အိပ်မက်ကိုပုံဖော်တယ်ဆိုရာမှာ အခြားလူတစ်ယောက်ယောက်ကိုချနင်းပြီးမှ ကိုယ့်အိပ်မက်ကိုပုံဖော်တယ်လို့တော့ မဖြစ်သင့်ပါဘူး။ ကိုယ်ရည်မှန်းထားတဲ့အရာလေးတွေကို ကိုယ့်ခွန်ကိုယ်အားနဲ့ ကိုယ်တတ်အားသလောက်ကြိုးစားခြင်းက ဘယ်သူ့ကိုမှတောင်းပန်နေစရာမလိုတော့ပါဘူး။

၄) “Me Time” သတ်မှတ်ခြင်း
ကိုယ့်အတွက်ကိုယ်အချိန်ပေးခြင်းက ကိုယ့်ကိုယ်ကိုယ်လေးစားခြင်းတစ်မျိုးပါ။ ကိုယ်ရှေ့ဆက်လုပ်သင့်တဲ့အရာတွေကိုလည်း ကိုယ့်အတွက်တစ်နေ့တာ Me time သတ်မှတ်ထားမှသာ စိတ်ဖိစီးမှုတွေပြေလျော့ပြီး ခေါင်းအေးအေးနဲ့စဉ်းစားနိုင်မှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေပြေလျော့စေပြီး ကိုယ့်စိတ်ကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ အဲဒါကြောင့် ကိုယ့်အတွက်ကိုယ်အချိန်သတ်မှတ်ပေးခြင်းကို မဖြစ်မနေလုပ်သင့်ပါတယ်။ အဲဒီ့အတွက်လည်း ဘယ်သူ့ကိုမှမတောင်းပန်သင့်ပါဘူး။

၅) ကိုယ့်ရဲ့ဦးစားပေးသင့်တဲ့အရာတွေကို အလေးထားခြင်း
ကိုယ့်အတွက်ဦးစားပေးအဖြစ်သတ်မှတ်ထားတဲ့အရာ၊ ဒါမှမဟုတ် ဦးစားပေးသင့်တဲ့လူ စတဲ့အရာတွေက လူတိုင်းမှာ သတ်မှတ်ထားကြမှာပါပဲ။ အခြားလူတစ်ယောက်ကို ငဲ့ကွက်ပြီး ကိုယ့်ဦးစားပေးအရာကို ဖယ်ကျဉ်လိုက်ခြင်း၊ ဖယ်ထားလိုက်ခြင်းကသာ အပြစ်မကင်းသလိုခံစားရမှာဖြစ်ပါတယ်။ ကိုယ့်အတွက်ကိုယ် ဦးစားပေးအနေနဲ့ သတ်မှတ်ထားတဲ့အရာအတွက် ဘယ်သူ့ကိုမှ တောင်းပန်စရာမလိုပါဘူး။ အထူးသဖြင့် အခုလိုကာလမျိုးမှာ ကိုယ့်အိမ်ထဲ ဘေးအိမ်ကသူစိမ်းကို အိမ်လည်ခွင့်မပြုတာမျိုး၊ အပြင်ကလာတဲ့သူစိမ်းတစ်ယောက်ကို ကိုယ့်ကလေးငယ်ကို အခုလိုကာလမျိုးမှာ မနမ်းပါနဲ့လို့ ပြောတာမျိုးက အားနာရမယ့်ကိစ္စမဟုတ်ဘဲ ကိုယ့်ရဲ့ဦးစားပေးရမယ့်အရာကို ဦးစားပေးခြင်းသာဖြစ်ပါတယ်နော်။

၆) ကိုယ့်ဘဝအတွက်မကောင်းတဲ့လူတွေကို ဖယ်ထုတ်ခြင်း
နောက်ထပ်လုံး၀ မတောင်းပန်သင့်တဲ့ကိစ္စကတော့ ကိုယ့်ရဲ့ဘဝအတွက် လုံးဝမကောင်းတဲ့လူမျိုးကို ကိုယ့်ဘဝထဲက ဖယ်ထုတ်လိုက်ခြင်းဟာလည်း တောင်းပန်ရမယ့်ကိစ္စမဟုတ်ပါဘူး။ ဘာအတွက်မှ ထောက်ထားစရာမလိုသလို၊ ဘာအတွက်မှာ ဘယ်သူ့ကိုမှ အားနာရမယ့်ကိစ္စမျိုးမဟုတ်ပါဘူး။ ပြတ်သားရမယ့်အရာဖြစ်ပါတယ်။ အဲဒီလို ကိုယ့်ဘဝကို အဆိပ်ခတ်မယ့်လူမျိုးကို အကြောင်းတခုခုကြောင့်များ ငဲ့ညှာနေခဲ့ရင် အချိန်တန် ကိုယ်ပဲ ထိုလူ့အဆိပ်ရဲ့ဒဏ်ကို ခံရမှာဖြစ်ပါတယ်။ ဘယ်သူကမှ ကိုယ့်ကိုယ်စားခံပေးမှာမဟုတ်သလို၊ ဘယ်သူကမှလည်း ကိုယ့်ကိုယ်လာကယ်တင်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ကိုယ့်အတွက် လုံးဝမကောင်းတဲ့လူမျိုးကို ကိုယ့်ဘဝထဲက ပြတ်သားစွာဖယ်ထုတ်ပစ်ခြင်းက ဘယ်သူ့ကိုမှ တောင်းပန်စရာမလိုပါဘူး။

၇) သင့်ဘဝရဲ့မပြည့်စုံခြင်း
သင့်ဘဝရဲ့မပြည့်စုံခြင်းဟာ သင့်ရဲ့အပြစ်မဟုတ်သလို၊ သင့်မိဘမျိုးရိုးရဲ့အပြစ်လည်းမဟုတ်ပါဘူး။ သင့်ရဲ့မွေးဖွားလာတဲ့ဘဝအဆင့်အတန်း၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ပြည့်စုံခြင်း၊ မပြည့်စုံခြင်းတွေအားလုံးဟာ သင့်အပြစ်မဟုတ်တဲ့အတွက် သင့်ရဲ့မပြည့်စုံခြင်းတွေအတွက် ဘယ်သူ့ကိုမှ မတောင်းပန်သင့်ပါဘူး။ အလုပ်သည်ကံ၊ ကံသည်အလုပ်ဆိုတဲ့စကားအတိုင်း အလုပ်ကြိုးစားခြင်းကသာ သင့်ရဲ့မပြည့်စုံခြင်းတွေကို ကုစားနိုင်တာမို့ သင့်ကြိုးစားမှုပေါ်မှာသာ မူတည်နေတာပါပဲ။ အဲဒီ့အချက်ကိုနားလည်ပြီဆိုရင် သင့်ဘဝရဲ့အချိန်တိုင်းမှာ သင့်ကြိုးစားမှုနဲ့ သင့်ရဲ့ပြည့်စုံခြင်းဟာ တစ်ထပ်တည်းဖြစ်လာနိုင်ပါတယ်။ (အမြဲတမ်းမတင်းတိမ်နိုင်ရင်တော့ ဘယ်တော့မှ ပြည့်စုံနိုင်မှာမဟုတ်ဘူးပေါ့) အဲဒါကြောင့် သင့်ဘဝရဲ့မပြည့်စုံခြင်းဟာ သင့်အပြစ်မဟုတ်တဲ့အတွက် ဘယ်သူ့ကိုမှ တောင်းပန်ဖို့မလိုပါဘူးနော်။

၈) အမှန်တရားကိုလက်ကိုင်ထားခြင်း
အမှန်တရားဟာ ဘယ်တော့မှမပြောင်းလဲနိုင်ပါဘူး။ လူတွေဘယ်လောက်ပဲ အမှားတွေလုပ်လုပ် အမှားဟာအမှန်မဖြစ်လာပါဘူး၊ အမှန်တရားဟာ အမှန်တရားပါပဲ။ မှန်တာပြောရင်ရွာပြင်ရောက်တယ်လို့ပြောကြသလိုမျိုးပါပဲ အမှန်တရားကိုလက်ကိုင်ထားတဲ့အခါ ကိုယ်မှန်ရာကိုလုပ်၊ မှန်ရာကိုပြောခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိသလို ခံစားစရာမလိုပါဘူး။ အဲဒါကြောင့် အမှန်တရားကိုလက်ကိုင်ထားခြင်းကြောင့် ဘယ်သူ့ကိုမှတောင်းပန်ဖို့မလိုအပ်ပါဘူး။ ဘယ်သူ့ကိုမှ အားနာဖို့လည်းမလိုအပ်ပါဘူး။ လုပ်သင့်လုပ်ထိုက်တာ၊ ပြောသင့်ပြောထိုက်တာကို ပြောခြင်းကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ လူဆိုးတွေများလာခြင်းဟာ လူကောင်းတွေနှုတ်ဆိတ်နေခြင်းကြောင့်ဆိုတဲ့စကားက အမှန်ပါ။ ဒါပေမယ့်ဘယ်လိုပဲဖြစ်ဖြစ် အမှန်တရားကိုသာ ဆုပ်ကိုင်ထားခြင်းကြောင့် ဘယ်သူ့ကိုမှ တောင်းပန်စရာမလိုအပ်ပါဘူးနော်။
အထက်ကအချက်တွေအတွက်နဲ့ တပါးသူကိုအားနာခြင်း၊ အပြစ်မကင်းသလိုခံစားရခြင်း၊ စိတ်မကောင်းဖြစ်ခြင်းတွေဖြစ်လာရင် ကိုယ်ကမှန်ကန်တာကိုပြုလုပ်ခြင်းသာဖြစ်ပြီး ကိုယ့်အပြစ်မဟုတ်ဘူးဆိုတာကို သတိရလိုက်ပါ။ အဲဒါကြောင့် ဘယ်လိုမှ အပြစ်မကင်းသလိုမခံစားပါနဲ့နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။