သင်ကသာ စိန်ကောင်းတစ်ပွင့်ဖြစ်ခဲ့ရင် ဘယ်သူကမှ သင့်ကိုတန်ဖိုးမဲ့အောင်မလုပ်နိုင်ပါဘူး။
သင်ကသာစိန်ကောင်းတစ်ပွင့်ဖြစ်နေခဲ့ရင် သင့်ကို ဘယ်သူက လာပြီး သင့်တန်ဖိုးမရှိပါဘူးလို့ ပြောလို့ရပါ့မလဲ။ အချိန်တန် ကိုယ့်တန်ဖိုးက ပေါ်လာမှာပါပဲ။ များသောအားဖြင့် လူငယ်အချို့ပြောတာကြားဖူးလို့ပါ။ ကိုယ့်ကိုဘယ်သူတွေက ဘယ်လိုပြောတယ်၊ စိတ်ဓာတ်ကျတယ်၊ “ကိုယ့်စီနီယာအချို့က ကိုယ့်ကိုနေရာမပေးဘူး” ကိုယ့်ရဲ့အဖွဲ့အစည်းမှာ ကိုယ်က နေရာမရဘူးလို့။ ကိုယ့်ကို အသုံးမကျတဲ့လူတစ်ယောက်လို ဆက်ဆံခံရတယ်တို့ ဆိုတာ အတော်များများကြားဖူးခဲ့သလို ကိုယ်တိုင်လည်း အဲဒီလိုလူမျိုးတွေနဲ့ ကြုံဖူးခဲ့ပါတယ်။
ကိုယ်တကယ်ပဲ အသုံးမကျလို့များလား……
ကိုယ်ကပဲ အသုံးမဝင်တာလား…..
ကိုယ့်ရဲ့အသုံးကျမှုကို ဖော်ပြချင်ပေမယ့်လည်း ဖော်ပြဖို့ အခွင့်မသာတဲ့အခါ ကိုယ်က ပိုပြီး ဒေါသထွက်ရသလို ခံရခက်တတ်ပါတယ်။ အဲဒီလို လူမျိုးတွေနဲ့ နေရာတိုင်းလိုလိုမှာ တွေ့ကြုံရမှာပါပဲ။ အဲဒီ့အခါမှာ သူတို့ရဲ့လုပ်ရပ်တွေ၊ အနှောင့်အယှက်တွေကို ကိုယ့်စိတ်ထဲ ၊ ဦးနှောက်ထဲထည့်ပြီး လိုက်ခံစားနေမိတဲ့အခါ ကိုယ်ပဲ စိတ်အာရုံတွေနှောက်ကျိပြီး စိတ်ဒုက္ခရောက်ရတတ်ပါတယ်။ အဲဒီ့အခါ တကယ်အရေးကြီးတဲ့ကိစ္စတွေကို အာရုံမစိုက်နိုင်တော့ပါဘူး။ စိတ်ဓာတ်လည်းကျလာတတ်ပါတယ်။ အဲဒီ့လိုဖြစ်လာတဲ့အခါမှာ အခြားအာရုံတွေအကုန်လုံးကို မတွေးဘူးလို့ ကိုယ့်ကိုယ်ကိုယ်သတိပေးသင့်ပါတယ်။ ကိုယ်တွေးရမှာတစ်ခုထဲပါပဲ။ “ကိုယ်သာ အဲဒီလိုလူတွေထက် အဆပေါင်းများစွာ သာနေမယ်ဆိုရင် တစ်နေရာမှာမဟုတ်တစ်နေရာမှာတော့ ကိုယ့်တန်းဖိုးကို သိတဲ့လူရှိလာမှာပါပဲ” လို့ပါ။ တကယ်လို့များ ကိုယ်တိုင်က စိန်ကောင်းတစ်ပွင့်ဖြစ်နေခဲ့ရင် ဘယ်လောက်ပဲ ကိုယ့်တန်ဖိုးကို ဖုံးထားပါစေ။ အချိန်တစ်ခုမှာတော့ ကိုယ့်တန်ဖိုးကို သိတဲ့လူနဲ့တွေ့လာမှာပါပဲ။ ကိုယ့်ရဲ့တန်ဖိုးသာ စစ်မှန်ပါစေ၊ ဘယ်သူကမှ ကိုယ့်ကို တန်ဖိုးကျအောင် မလုပ်နိုင်ပါဘူး။ ငယ်ငယ်ကတည်းကနေ ဆိုလို့ကောင်းလို့ ဆိုရင် အမြဲမှတ်မိနေတဲ့ ကဗျာလေးရှိပါတယ်။ “ မြရွှေဂူ ပတ္တမြားကိုလှ ဝက်များက ငြူစူစွာ ရွံ့လူးက တိုက်နဲ။ ပွတ်လေလေဂူရွှေမှာအရောင်ထွက်တယ် ရှေးကထက်ကဲ” ဆိုတဲ့ကဗျာလေးကို ကိုယ့်ကိုတန်ဖိုးကျအောင်လုပ်ချင်တဲ့လူတွေနဲ့တွေ့တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ကြားအောင် ပြန်ဆိုမိတာ အခါခါပါပဲ။
အဲဒီ့ကဗျာလေးရဲ့အနက်အဓိပါ္ပယ်ကို နားလည်အောင်ပြန်ပြီး ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးတဲ့သဘောပေါ့။ အဲဒီ့ကဗျာလေးလိုပါပဲ။ ကိုယ့်မှာသာ တကယ်တန်ဖိုးရှိအောင် ၊ တကယ်အရည်အချင်းနဲ့ပြည့်ဝနေအောင် ကြိုးစားပါ။ ကိုယ့်အရည်အချင်းကို ဝက်နဲ့တူတဲ့လူတွေကြားမှာ အကောင်အထည်မဖော်နိုင်ပေမယ့် ကိုယ့်အရည်အချင်းကို ပေါ်လွင်အောင်ပြသနိုင်ပြီး ကိုယ့်ကိုတန်ဖိုးထားတဲ့လူတွေကြားရောက်တဲ့အခါမှာတော့ ကိုယ်က ဆရာတစ်ဆူဖြစ်နေမှာပါ။ အဲဒီ့အတွက် ကိုယ်ကို တကယ်တန်ဖိုးထားသူတွေကြားမှာဖြစ်စေ၊ ကိုယ်တန်ဖိုးကို မဖော်ပြနိုင်အောင် နေရာမပေးသူတွေကြားမှာဖြစ်စေ၊ သင့်ကို တန်ဖိုးမထားကြသူတွေကြားမှာဖြစ်စေ သူတို့ကြောင့်ဆိုပြီးတော့သာ အချိန်ကုန်ခံပြီး ထိုင်ညည်းတွားမနေပါနဲ့နော်။ သူတို့က နေရာမပေးလေ သင်ကို သင့်စွမ်းရည်ကိုသာ ပိုတိုးအောင် ဖိပြီးကြိုးစားနေလိုက်ပါ။ စိန်ကောင်းတစ်ပွင့်လို တန်ဖိုးတက်လာတဲ့အခါ သင့်တန်ဖိုးသိသူနဲ့တွေ့တဲ့အခါ သင်က တန်ဖိုးရှိလာမှာပါပဲ။ အဓိကက ကိုယ်တန်ဖိုးကို မြင့်တင်နေဖို့ပါပဲ။ အဲဒီ့အတွေးကိုသာ စိတ်အားငယ်လာတိုင်းတွေးပြီး ကိုယ့်ကိုယ်ကိုယ့်တွန်းအားပေးပါ။ ကိုယ့်ကိုဝေဖန်နေတဲ့သူတွေကို ပြန်ပြီး မဝေဖန်နိုင်တဲ့အထိ ၊ ထည့်တွေးဖို့ မအားနိုင်တဲ့အထိ ကိုယ့်စွမ်းရည်တိုးတက်လာဖို့ကိုသာ တွန်းအားပေးပြီး အာရုံစိုက်လိုက်ပါ။ သင့်ကိုအမျိုးမျိုး အထင်သေးကဲ့ရဲဟန်ပြုသူတွေ၊ သင့်ကို အသုံးမကျသူလို ဆက်ဆံတတ်သူတွေ၊ သင့်ကို တန်ဖိုးမရှိတဲ့သူလိုပြုမူသူတွေ၊ သင့်တန်ဖိုးကို ဖော်ပြခွင့်မရအောင် နေရာဝင်ယူနေသူတွေကို သင်မေ့သွားလောက်တဲ့အထိ ကြိုးစားပစ်လိုက်ပါ။ အဲဒါဆိုရင် သင်လည်း အာရုံထဲ စိတ်ဆင်းရဲ၊ စိတ်ရှု့ပ်စရာကို တွေးနိုင်မှာမဟုတ်တော့သလို အချိန်နဲ့အမျှ သင့်တိုးတက်မှုကိုသာအာရုံစိုက်နေတဲ့အတွက် သင်စွမ်းရည်တိုးတက်လာပါလိမ့်မယ်။ အဲဒီ့အခါကျမှသာ သင့်တန်ဖိုးကိုသိပြီး သင့်တန်ဖိုးနဲ့အပ်စပ်တဲ့နေရာကို သင်လျှောက်လှမ်းပြလိုက်ပါ။ အဲဒါကြောင့် မနေ့ကထက် ဒီနေ့မှာပိုတော်လာပါစေလို့ ပြောကြတာပါ။
အဲဒီ့တော့ သင့်မှာ သင့်ကိုတန်ဖိုးမထားသူ၊ သင့်ကို အထင်သေးအသုံးမကျသလိုဆက်ဆံတတ်သူ၊ သင့်အရည်အချင်းကို ချပြခွင့်မရအောင် နေရာဝင်ယူတတ်သူတွေနဲ့ရင်ဆိုင်နေရမယ်ဆိုရင် ပတ္တမြားရွှေဂူကဗျာလေးကိုသာ အခါခါပြန်ရွတ်ကြည့်လိုက်ပါ။ သင့်ကိုနှောင့်ယှက်တတ်သူတွေကို ပြန်ပြီးဝေဖန်နေဖို့အချိန်မရတော့လောက်အောင် သင့်ကိုသင် အရည်အချင်းတိုးတက်လာအောင်ကြိုးစားပစ်လိုက်ပါ။ သင်ကသာ စိန်ကောင်းတစ်ပွင့်ဖြစ်ခဲ့ရင် ဘယ်သူကမှ သင့်ကိုတန်ဖိုးမဲ့အောင်မလုပ်နိုင်ပါဘူးလို့ တိုက်တွန်းလိုက်ပါတယ်နော်။