စွန့်ပစ်ခံရတဲ့အခါ.....

လောကမှာ စွန့်ပစ်ခံဖူးတဲ့သူနဲ့ စွန့်ပစ်ဖူးတဲ့သူ နှစ်မျိုးနှစ်စားရှိပါတယ်။ လူတိုင်းနီးပါးလည်း ထိုအခြေအနေမျိုးကို ကြုံဖူးမယ်ထင်ပါတယ်။ ကိုယ်က စွန့်ပစ်လိုက်ရတာက သိပ်ပြီး မသိသာပေမယ့်လည်း ကိုယ်က စွန့်ပစ်ခံလိုက်ရရင်တော့ နာကျင်တတ်ကြပါတယ်။ အများအားဖြင့် စွန့်ပစ်လိုက်တဲ့သူက ဘယ်လိုမှ သိပ်မခံစားရနိုင်ပေမယ့် စွန့်ပစ်ခံလိုက်ရတယ်ဆိုတဲ့ခံစားချက်ကျတော့ စူးစူးနစ်နစ်နာကျင်တတ်ကြပါတယ်။ (စွန့်ပစ်လိုက်ပေမယ့် နာကျင်တဲ့သူလည်း ရှိမှာပါ။) သင်ကစွန့်ပစ်ခံဖူးတယ်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ဖြစ်မှာပါ။ သင်က ဘာအကြောင်းပြချက်မှ မပေးခံရဘဲ စွန့်ပစ်ခံလိုက်ရတယ်ဆိုပါတော့။ သင့်မှာ ခံပြင်းမှု၊ နာကျင်မှု၊ ပူဆွေးမှု၊ ဝမ်းနည်းမှု၊ အားငယ်မှု စတဲ့ခံစားချက်ပေါင်းစုံနဲ့ သင်ဗလောင်ဆူနေမိမှာပါ။


လောကမှာ လူတိုင်းက အနည်းနဲ့အများတော့ ကိုယ်ချစ်ခင်တွယ်တာ တပ်မက်သူဆီကနေ ဂရုစိုက်မှု၊ အလေးထားမှု၊ တန်ဖိုးထားတတ်မှု၊ ဖက်တွယ်မှုတွေကိုတော့ လိုချင်ကြတာချည်းပါပဲ။ အဲဒါကြောင့်ကိုပဲ ချစ်ခင်သူတွေက စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့အခါ ဗလောင်ဆူတဲ့ခံစားချက်ပေါင်းစုံနဲ့ ရင်ကွဲရတော့တာပါပဲ။ ဒါက ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ ဒါပေမယ့်ထိုဖြစ်ရိုးဖြစ်စဉ်ကိုပဲ ကိုယ်တိုင်ကြုံတွေ့လာတဲ့အခါ လက်မခံနိုင်၊ ပြန်လည်မဆောက်တည်နိုင်တော့လောက်အောင် ပြိုလဲကြေကွဲတတ်ကြပါတယ်။ ထိုခံစားချက်တွေထဲမှာ တဝဲ၀ဲတလည်လည်နဲ့ နာကျင်မှုတွေကို မခံစားရတဲ့သူလည်း မရှိနိုင်ပါဘူး။ ထိုအချိန်မျိုးမှာ နာကျင်မှုတွေကို လက်ခံပြီး တစ်ဝကြီး နာကျင်ပစ်လိုက်ပါ။ “ငါ့ကျမှ…….ဘာလို့လဲ” ဆိုတဲ့အတွေးမျိုးကို တွေးမိတဲ့အခါ သင်သိထားရမှာက လောကမှာ စွန့်ပစ်ခံဖူးတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူးဆိုတာပါပဲ။ ပုံစံအမျိုးမျိုးနဲ့ လူအမျိုးမျိုးက စွန့်ပစ်ခံရဖူးမှာပါ။
ဒါပေမယ့် အဲဒီ့လို စွန့်ပစ်ခံရခြင်းက ကံကောင်းခြင်းလို့များ သင်ခံစားဖူးပါသလား။ တွေးကောတွေးဖူးပါသလား။
မတွေးဖူးရင် ဒီဆောင်းပါးဖတ်ပြီးတဲ့အချိန်မှာ တွေးကြည့်လိုက်ပါ။ သင့်ကို မလိုချင်လို့ပဲဖြစ်ဖြစ်၊ သင်နဲ့သူရဲ့ဘ၀ လုံးဝဆက်စပ်လို့မရလို့ပဲဖြစ်ဖြစ်၊ သင်နဲ့လုံး၀ လက်တွဲလို့မဖြစ်နိုင်တဲ့လူတစ်ယောက်က သင့်ဘေးမှာ မရှိတော့ခြင်းက ပိုမကောင်းဘူးလား။ သင့်ကိုတောင် မလိုချင်လို့၊ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဘယ်လိုမှ ရှေ့ဆက်ဖို့ မကြိုးစားချင်တဲ့လူတစ်ယောက်က သင့်ဘေးမှာ မရှိတော့တာသည် သင့်အတွက် ကံကောင်းခြင်းပါပဲ။ သင်နဲ့ တစ်ဘဝလုံးမှ လက်တွဲမဖြစ်လို့ စောစီးစွာ သင့်နံဘေးကနေ ကွယ်ပျောက်သွားပေးတာ သင့်အတွက် ကံကောင်းခြင်းတွေ ထပ်ရောက်လာမယ်ဆိုတဲ့ နမိတ်မဟုတ်ဘူးလား။ သင်နဲ့ တစ်ဘဝလုံး ဆင်းရဲကြပ်တည်းချိန်မှာလည်း အတူရှိနေတဲ့သူ၊ သင်အဆင်ပြေပျော်ရွှင်နေချိန်မှာလည်း သင်နဲ့အတူရှိနေတဲ့သူကသာလျှင် သင့်အတွက် မဟုတ်ဘူးလား။ ခုလိုမျိုး သင့်အတွက် မဟုတ်လို့၊ သင့်ဘဝအတွက် မဟုတ်လို့ သင့်ဘေးမှာ မရှိတော့တဲ့လူတစ်ယောက်အတွက် သင်က ဘာများ မပြီးနိုင်မဆုံးနိုင် ဝမ်းနည်းနေစရာလိုသေးလဲ။ သင့်ဘဝအဆုံးတိုင်ထိလက်မတွဲနိုင်ဘဲ ခပ်စောစောလက်တွဲဖြုတ်သွားတဲ့သူကြောင့်ပဲ သင့်ဘဝအတွက် အဆုံးတိုင်ထိ လက်တွဲမယ့်သူတစ်ယောက်ကို သင်ထပ်ရှာတွေ့နိုင်ပါသေးတယ်လေ။ အဲဒါကြောင့် သင်နာကျင်စရာတွေ အချိန်တိုင်းတွေးပြီး “ငါ့ကျမှ စွန့်ပစ်ရက်လေခြင်း..” လို့တွေးပြီး စိတ်ဒုက္ခရောက်မနေပါနဲ့။ သင့်ဘဝနဲ့မအပ်စပ်လို့ မရှိနေနိုင်တော့တာပါ။ အဲဒါကြောင့် သင့်လက်ကိုတွဲပြီး ဘဝကို ခရီးမဆက်ချင်တဲ့သူတစ်ယောက်ကိုလည်း သင်လိုချင်မနေပါနဲ့တော့။ သင့်ကိုမေ့ပစ်ချင်တဲ့သူတစ်ယောက်ကို သင်က တဖွဖွတပြီး မမေ့နိုင်ဖြစ်မနေပါနဲ့တော့။ သင့်ကို မလိုချင်တဲ့သူက သင့်ကိုလည်း တန်ဖိုးထားမယ့်သူမဟုတ်ပါဘူး။ သင့်ကိုမေ့ပစ်ချင်တဲ့သူက သင်နဲ့ပတ်သက်သမျှကိုလည်း တစ်ဘဝလုံး သယ်ဆောင်သွားမယ့်သူမဟုတ်ပါဘူး။ သင်ကောင်းကောင်းဆိုးဆိုး ပျော်ရွှင်စွာ လက်တွဲမယ့်သူမဟုတ်တဲ့သူအတွက် သင့်ကိုသင်ဒုက္ခမပေးနေပါနဲ့တော့။
အဲဒါကြောင့် သင်သိရမှာက သင့်ကိုစွန့်ပစ်သွားတဲ့အခါ ထိုသူက သင့်ဘဝအတွက် မဟုတ်လို့ပါ။ သင့်ဘဝအတွက် စစ်မှန်တဲ့သူက သင်ကလွှတ်ချရင်တောင် သင့်ကိုမရရအောင် ဖမ်းဆုပ်လို့ သင့်နံဘေးက မခွာတမ်း မမောမပန်းလိုက်ပါရဲတဲ့သူပါပဲလို့ အားပေးလိုက်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။