သင့်ဘဝကိုအဓိပ္ပါယ်မရှိဘဲ အလဟဿကုန်ဆုံးစေသည့်နည်းလမ်းများ

နေ့စဉ်နေ့တိုင်းမှာ သင့်ကိုသင်တောင် သတိမထားလိုက်မိဘဲ သင့်ဘဝကိုအဓိပ္ပါယ်မဲ့စွာ ကုန်ဆုံးနေမိတတ်ပါတယ်။ ဥပမာ ရုံးမှာလည်း အလုပ်၊ အိမ်ပြန်ရောက်လည်း အလုပ်၊ အလုပ်တွေများလွန်းလို့ မစီမံမခန့်ခွဲနိုင်လို့ အလုပ်ဖိစီးနေတာမျိုး။ ဘာမှထိရောက်တဲ့အရာတစ်ခုခုကိုလည်း မလုပ်ဖြစ်ဘဲ အိမ်ရောက်တာနဲ့ စားသောက်၊ ဇာတ်လမ်းတွဲတွေကြည့်၊ အိပ်ရာဝင်၊ မနက်ကျအလုပ်သွားနဲ့ တစ်နေ့ကုန်သွားတာမျိုး။ ကိုယ့်ကိုကိုယ် ဘာမှအဓိပါ္ပယ်မရှိသလိုမျိုးခံစားလာရတာမျိုးပေါ့။ တခါတလေကျရင် ဘဝရဲ့နေ့ရက်တွေက ဘယ်လိုကုန်ဆုံးသွားမိမှန်းတောင်မသိဘဲ စားလိုက်သောက်လိုက်အိပ်လိုက်နဲ့ စက်ရုပ်တစ်ရုပ်လိုခံစားလာရတာပေါ့။ အဲဒါကြောင့် ခုဆောင်းပါးဖတ်ပြီးတဲ့အခါ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ကြည့်ပြီး ကိုယ့်ဘဝကို အဓိပ္ပါယ်မရှိဘဲ အလဟဿကုန်ဆုံးနေမိတဲ့အကျင့်လေးတွေကို သတိထားပြုပြင်ကြည့်လိုက်ပါနော်။ အဲဒါဆိုရင်တော့ သင့်ဘဝပိုပြီး အဓိပ္ပါယ်ရှိလာသလိုခံစားရမယ့်အပြင် အချိန်တွေကို အကျိုးရှိစွာအသုံးချဖြစ်လာလို့ သင့်ကိုသင် ပိုပြီးပေါ့ပါးစွာနေတတ်လာပါလိမ့်မယ်။


၁) သင့်အိပ်မက်တွေကို အကောင်အထည်မဖော်ခြင်း
လူတိုင်းမှာတော့ ကိုယ်စီကိုယ်ငှ ဖြစ်ချင်တဲ့အိပ်မက်တွေ ရှိကြမယ်ထင်ပါတယ်နော်။ ဒါပေမယ့် တကယ်လက်တွေ့အကောင်အထည်ဖော်ဖြစ်တဲ့အထိ တဆင့်ခြင်း သွားနေတဲ့သူနဲ့ လက်တွေ့အကောင်အထည်မဖော်ဖြစ်ဘဲ အိပ်မက်ကို အိပ်မက်ဘဝနဲ့ပဲ ထားခဲ့တဲ့သူနဲ့ ကွာခြားသွားပါတယ်။ အိပ်မက်ကို တဆင့်ခြင်း အကောင်အထည်ဖော်နေတဲ့သူတွေမှာတော့ နေ့ရက်တိုင်းမှာ တက်ကြွနေတတ်ပါတယ်။ အဓိပ္ပါယ်လည်း ရှိပါတယ်။ နောက်ထပ်သော ခြေလှမ်းအသစ်တွေအတွက် ဘာတွေလုပ်ရင်ကောင်းမလဲ ဆိုတဲ့ကြိုတင်ပြင်ဆင်မှုတွေနဲ့ ဘဝက နေ့ရက်တိုင်း အဓိပ္ပါယ်ရှိနေပါတယ်။ အဲဒါကြောင့် ဘဝကို အဓိပ္ပါယ်မဲ့ဖြတ်သန်းခြင်းမျိုး မဖြစ်တော့ပါဘူး။ ကိုယ့်ကိုကိုယ်လည်း ပိုပြီး တန်ဖိုးထားချစ်ခင်လာသလို၊ ကိုယ့်ကိုကိုယ်လေးစားမှုလည်း ရှိလာပါတယ်။ အိပ်မက်ကို အကောင်အထည်မဖော်ဘဲ ရောက်လေရာဘဝမှာ နေတတ်သလိုနေတဲ့သူရဲ့ ဘဝကတော့ ကုန်ဆုံးမြန်သလို၊ အဓိပါ္ပယ်လည်း မဲ့နေတတ်ပါတယ်။
၂) သင့်ကိုသင်စည်းကမ်းမသတ်မှတ်ခြင်း
နံပါတ် ၁အချက်လိုပါပဲ။ ကိုယ့်ဘဝအိပ်မက်ကို ပုံဖော်နေသူရဲ့ဘဝက အဓိပါ္ပယ်နဲ့ပြည့်ဝနေတတ်လို့ ပျော်စရာတက်ကြွစရာကောင်းနေပါတယ်။ အဲဒါကြောင့်ကိုပဲ ထိုသူမျိုးက နောက်ထပ်ခြေလှမ်းပေါင်းများစွာအတွက် သူ့ကိုယ်သူ စည်းကမ်းတွေသတ်မှတ်လာပါတယ်။ ကြိုးစားမှုမရှိတဲ့သူကတော့ သူ့ကိုယ်သူစည်းကမ်းမသတ်မှတ်ထားပါဘူး။ ရောက်နေတဲ့အခြေအနေမှာ ဖြစ်သလိုနေထိုင်သူမျိုးပါ။ အဲဒါကြောင့် သူ့ကိုသူ စည်းကမ်းမသတ်မှတ်သလို၊ တိုးတက်မှုလည်း မရှိပါဘူး။ တကယ်လို့တိုးတက်မှုရှိလည်း ခဏတဖြုတ်သာဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဘဝကို အဓိပါ္ပယ်မဲ့စွာဖြတ်သန်းတဲ့သူတွေအတွက် သူတို့ကိုယ်သူတို့ စည်းကမ်းမသတ်မှတ်တတ်ပါဘူး။
၃) မိသားစုကိုအချိန်မပေးဖြစ်ခြင်း
အဓိပါ္ပယ်မဲ့တဲ့ဘဝကို ဖြတ်သန်းနေတဲ့သူက အစီအစဉ်ရယ်၊ စီမံကိန်းရယ်၊ ကိုယ့်ကိုကိုယ်သတ်မှတ်ထားတဲ့စည်းကမ်းရယ်လို့ ဘာမှ မရှိပါဘူး ။ အဲဒါကြောင့်ကိုပဲ အချိန်တွေကို ဖြစ်သလို ကုန်ဆုံးတတ်ပါတယ်။ အဲဒီ့အတွက် မိသားစုရယ်လို့ အချိန်သီးသန့် ပေးပြီး မိသားစုဘဝကိုပျော်ရွှင်အောင် မဖန်တီးတတ်တော့ပါဘူး။ အဲဒါကြောင့် ဘဝကလည်း ပိုအဓိပါ္ပယ်မရှိတော့ပါဘူး။
၄) comfort zone ထဲက ရုန်းမထွက်ခြင်း
လူတိုင်းက ပေါ့ပါးသက်သာစွာနေထိုင်ရတာကို မကြိုက်တဲ့သူမရှိပါဘူး။ ဒါပေမယ့် ဘဝကို အမြဲပေါ့ပါးလွတ်လပ်ပြီး ရှေ့နောက်မစဉ်းစားမတွေးတောဘဲ နေထိုင်ရင်တော့ အလကားလူဖြစ်သွားမှာပါ။ အဲဒါကြောင့် ပေါ့ပါးသက်သာစွာနေထိုင်ရတာကို ကြိုက်ပေမယ့်လည်း ကိုယ့်ဘဝအတွက်၊ ကိုယ့်အိပ်မက်တွေ၊ ရည်မှန်းချက်တွေသတ်မှတ်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ရမှာပါပဲ။ ကိုယ့်ကိုကိုယ် comfort zone ထဲက ရုန်းထွက်နိုင်ဖို့ စိန်ခေါ်ရမှာပါ။ အဲဒါမှသာ ကိုယ့်တိုးတက်မှုကို ကိုယ်တိုင်ပုံဖော်ဖြစ်လာမှာမို့ ကိုယ့်ကိုကိုယ် ပိုယုံကြည်မှုရှိလာသလို၊ ဘဝက အဓိပ္ပါယ်ရှိလာသလို ခံစားရမှာပါ။
တစ်သက်လုံး comfort zone ထဲကမထွက်နိုင်ဘဲ သာယာနေတဲ့သူရဲ့ ဘဝကတော့ အဓိပ္ပါယ်မဲ့ကုန်ဆုံးခြင်းဖြစ်သလို၊ အချိန်တွေကလည်း အကုန်မြန်လွန်းနေမှာပါ။ ဘဝရဲ့နေဝင်ချိန်မှာ နားခိုစရာလည်း ကိုယ်ပိုင်အရိပ်တစ်ခုရှိမှာမဟုတ်နိုင်ပါဘူး။ အဲဒီ့အချိန်မှာ လူကောစိတ်ကော ကျရှုံးချိန်ဖြစ်သွားနိုင်ပါသေးတယ်။ အဲဒါကြောင့် comfort zone ထဲက မထွက်နိုင်ခြင်းက ကိုယ့်ဘဝတစ်ခုလုံးကို အလဟဿကုန်ဆုံးခြင်းတစ်မျိုးပါပဲ။
၅) ကိုယ့်ကိုကိုယ်အဆိုးမြင်တဲ့အမြင်တွေနဲ့ရှင်သန်ခြင်း
ကိုယ့်ရဲ့ရုပ်ရည်၊ အသွင်အပြင်နဲ့ ကိုယ်ပိုင်ဆိုင်ထားသလောက်ကို ဘယ်တော့မှ မကျေနပ်နိုင်တဲ့သူက ကိုယ့်ကိုကိုယ်အမြဲအဆိုးမြင်နေတဲ့စိတ်ရှိနေတတ်ပါတယ်။ ကိုယ့်ကိုကိုယ်အဆိုးမြင်နေတတ်တဲ့သူမျိုးက ဘယ်တော့မှ ဘဝမှာ နေပျော်တယ်ဆိုတာ ရှိမှာမဟုတ်ပါဘူး။ အခြားသူများပိုင်ဆိုင်ထားသမျှကိုသာ လိုချင်တပ်မက်နေတဲ့စိတ်ကြောင့် ဘ၀ အဓိပ္ပါယ်မဲ့နေသလို၊ အမြဲပူလောင်နေပါလိမ့်မယ်။ အဲဒါသည် ဘဝကို အလဟဿကုန်ဆုံးခြင်းပါပဲ။
အထက်က ဖော်ပြထားတဲ့အကျင့် ၅ခုကိုသာ သင်လုပ်မိနေတယ်ဆိုရင်တော့ ခုချိန်မှာ ချက်ချင်း ပြောင်းလဲပစ်သင့်ပါတယ်။ ထိုအကျင့်တွေက သင့်ဘဝကို ဘာမှအဓိပ္ပါယ်မရှိဘဲ အလဟဿကုန်ဆုံးစေနည်းတွေပါပဲ။ ထိုအကျင့်တွေကြောင့် သင့်ဘဝရဲ့နေဝင်ချိန်မှာ နောင်တအကြီးကြီးပိုက်ပြီး အရှုံးပေးရပါလိမ့်မယ်။ အဲဒါအပြင် ရှင်သန်နေတဲ့ဘဝတစ်လျှောက်လုံးမှာလဲ အချိန်တွေကို အလဟဿဖြုန်းတီးမိနေသလို၊ ဘဝက အဓိပ္ပါယ်မဲ့နေမှာပါလို့ သတိပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။