သင်ခက်ခဲစွာသင်ယူရမယ့်လူတွေအကြောင်း

ဘဝမှာ လူအမျိုးမျိုးကို ကြုံတွေ့ပတ်သက်ရမှာပါ။ ဘယ်လောက်ပဲ သင်နဲ့ချစ်ခင်နေပေမယ့် အရေးကြုံချိန်မှာ သင့်ကို သူ့အကျိုးအတွက် ချောက်ထဲတွန်းချမယ့်သူမျိုး၊ သင့်ထံက ရစရာတွေယူပြီး သင်ကအသုံးမဝင်တဲ့အခါ ထားခဲ့တဲ့လူမျိုး၊ သူတို့ကပဲ သင့်ကို အနိုင်ကျင့်ခဲ့ပြီး သူတို့ကပဲခံလိုက်ရလို လုပ်ပြတတ်တဲ့သူမျိုး စသဖြင့် အများကြီးကို သင်တွေ့ရပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူအမျိုးမျိုးနဲ့ကြုံတွေ့ရခြင်းက သင့်ဘဝအတွက် ယူတတ်ရင် သင်ခန်းစာရစေတာပါပဲ။ ရထားပြီးသားသင်ခန်းစာတွေကို သေချာအသုံးချတတ်ရင် သင့်အတွက် ဘဝမှာ နေပျော်စေမှာပါ။ အဲဒါကြောင့် သင့်ကို သင်ခန်းစာပေးမယ့်လူတွေအကြောင်း ဖတ်ကြည့်လိုက်ပါအုံးနော်။


၁) သင့်ကိုနာကျင်စေမယ့်လူအချို့
သင့်ပတ်ဝန်းကျင်မှာ သင့်အပေါ် နိုင်ထက်စီးနင်းပြုသူမျိုးတွေနဲ့လည်း သင်ကြုံရမှာပါ။ လူအမျိုးမျိုးရှိတဲ့အထဲမှာမှ တချို့သော လူတွေကတော့ သင့်ကို ကိုယ်ထိလက်ရောက်အနိုင်ကျင့်တာမျိုးမဟုတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာအရ အနိုင်ကျင့်တတ်တဲ့သူမျိုးကို ကြုံရပါလိမ့်မယ်။ သင်ကတော့ အစစ်အမှန်အတိုင်းဆက်ဆံလိုက်ပေမယ့် သင့်ကို အတုအယောင်မျက်နှာဖုံးတပ်ထားတဲ့ဆက်ဆံရေးနဲ့ တုံ့ပြန်ခြင်းကိုလည်း အချိန်တန်မှ သင်သိလာရမှာပါ။ တချို့လူတွေက သင့်ကို စိတ်ပိုင်းဆိုင်ရာအရ နာကျင်မှုခံစားရစေပြီး သင်ကပဲ သူတို့ကို နာကျင်စေခဲ့သလိုပုံစံမျိုးကို သင့်ကို ချန်ထားရစ်ခဲ့ကြမှာပါ။

၂) သင့်ကိုမနှစ်သက်မယ့်လူအချို့
လူတွေအများကြီးနဲ့ ပတ်သက်ရတဲ့အခါ ပတ်သက်သမျှ လူတိုင်းက သင့်ကိုနှစ်သက်မယ်လို့ မမျှော်လင့်ပါနဲ့။ သင့်ကိုချစ်ခင်နှစ်သက်တဲ့လူမျိုးကို သင်တွေ့ရမှာဖြစ်သလို၊ သင့်ကိုအလိုလိုနေရင်း ငြူစူနေတတ်တဲ့လူမျိုး၊ သင်အောင်မြင်တာကို မနာလိုရှု့စိမ့်နေတဲ့သူမျိုးကိုလည်း သင်တွေ့ကြုံရမှာပါပဲ။ အဲဒါကြောင့် သင့်ကို မချစ်မနှစ်သက်တဲ့လူတစ်ချို့ကြောင့် မခံစားပါနဲ့။ အဲဒါကိုက လူ့သဘာဝပါပဲ။ လူတိုင်းက နှစ်သက်အောင်လည်း သင်နေပေးလို့မဖြစ်နိုင်ပါဘူး။ လူတစ်ကိုယ် အကြိုက်တစ်မျိုးရယ်မို့ သင့်ဘက်က ကြီးကျယ်တဲ့အမှားမလုပ်မိရင် ၊ သင့်ပတ်ဝန်းကျင်ကို သင့်ကြောင့် မထိခိုက်ရင်၊ သင့်ကြောင့် အခြားသူများ နစ်နာမှုမရှိရင် သင့်ဘဝရှင်သန်ရကျိုးနပ်တာပါပဲ။ ဘဝရှင်သန်ခိုက် အချိန်တိုတိုလေးမှာ သင့်ကိုမနှစ်သက်တဲ့လူတွေ့လာခဲ့ရင်လည်း ဒါသဘာဝပါပဲလို့ နှလုံးသွင်းလိုက်ပါ။

၃) သင့်ကိုအပေါ်ယံမှာ ကောင်းပြမယ့်လူအချို့
တချို့လူတွေက သင့်အတွက် အကောင်းဆုံးတွေအပြုအမူတွေနဲ့ချည်း ဆက်ဆံတတ်ပေမယ့် အတွင်းစိတ်ထဲမှာတော့ သင့်အပေါ်မကောင်းတဲ့စိတ်ထားတွေရှိနေမှန်း တကယ်အရေးကြုံလာတဲ့အခါမျိုးမှာသိနိုင်ပါတယ်။ တချို့လူတွေကျပြန်တော့ အပြင်ပန်းရုပ်ရည်လေးက ချောမောလှပနေတတ်ပေမယ့် စိတ်ဓာတ်ကတော့ ဘယ်သူသေသေငတေမာရင်ပြီးရော…ဆိုတဲ့စိတ်တွေရှိတယ်ဆိုတာ သင်သိလာမှာပါ။ အဲဒီလိုလူတွေရှိတတ်မှန်းသင်သိထားတဲ့အခါမှာ သင့်အတွက် အများကြီးထိခိုက်မှုမရှိရအောင် သတိထားတတ်လာမှာပါ။
တခါတလေကျပြန်တော့ ဘယ်လိုမှ ထင်ရက်စရာမရှိတဲ့အချို့လူတွေက အပေါ်ယံရုပ်ရည်နဲ့မလိုက်ဖက်လောက်အောင် အခြားလူအပေါ်အမှာ စိတ်ကောင်းစေတနာကောင်းထားတတ်ကြတာကို သင်အံ့အားသင့်ဖွယ်မြင်လာရပါလိမ့်မယ်။ အဲဒါကြောင့် လူတစ်ယောက်ကို ပေါင်းသင်းဆက်ဆံတဲ့အခါ ထိုလူရဲ့ အပေါ်ယံအကြောင်းအရာတွေနဲ့ အပေါ်ယံရုပ်ရည်သွင်ပြင်ကိုသာကြည့်ပြီး ပေါင်းသင်းဖို့ မတွေးမိပါစေနဲ့။

၄) သင်ထံက အကျိုးမျှော်ကိုးတတ်တဲ့လူအချို့
တချို့လူတွေကျပြန်တော့ သင့်ထံက ဘာရမလဲ….ဆိုတဲ့ အကျိုးမျှော်ကိုးတဲ့စိတ်နဲ့သာ သင့်အနားရောက်လာတတ်ပါတယ်။ ထိုလူမျိုးတွေထံက သင်ရလိုက်မှာကတော့ သင်ခန်းစာပဲဖြစ်မှာပါ။ သူတို့ကတော့ သင့်ကို အသုံးချဖို့သက်သက်အနားရောက်လာသူတွေဖြစ်ပါတယ်။ သင့်ထံက အခွင့်အရေးတစ်စုံတစ်ခုဖြစ်ဖြစ်၊ ပိုင်ဆိုင်လိုမှုတစ်စုံတစ်ခုခုဖြစ်ဖြစ် ရယူလိုမှုတစ်ခုနဲ့သာ ချဉ်းကပ်လာသူတွေပါ။ တကယ်တမ်းသင်ဒုက္ခရောက်နေချိန်မှာတော့ ထိုသူမျိုးက သင့်အနားမှာ ရှိနေမယ့်လူစားမဟုတ်ပါဘူး။ အဲဒါကြောင့် ထိုသူမျိုးဆီက သင်ရလိုက်မှာက သင်ခန်းစာတွေပဲဖြစ်မှာပါ။

၅) သင့်အကြောင်းကိုသေချာမသိဘဲ ထင်ချင်သလိုထင်မယ့်လူအချို့
တခါတလေမှာ သင့်ကိုယ်သင်တောင်မသိလိုက်ဘဲ သူတို့ရဲ့အတွေးနဲ့သူတို့ သင့်ကိုရှောင်ဖယ်သွားသူ၊ သင့်ကိုတမျိုးမြင်သွားသူတွေကို သင်ကြုံရအုံးမှာပါ။ သင်က သူတို့အပေါ်ဘယ်လောက်ပဲ ကောင်းပြပါစေ၊ သင်ကောင်းခဲ့သမျှ အသိအမှတ်မပြုဘဲ သင့်ကိုအဆိုးပြောတဲ့အခါလည်း သင်ကြုံရမှာပါပဲ။ သင်က သူတို့အကြောင်းကို စိတ်မဝင်စားပေမယ့် သင့်အကြောင်းကို စိတ်ဝင်တစားစောင့်ကြည့်ပြီး သူတို့အတွေးနဲ့သူတို့ အိပ်မပျော်နိုင်ဖြစ်နေတဲ့သူတွေရှိတယ်ဆိုတာလည်း သင်သိလာရပါလိမ့်မယ်။ သူတို့မမြင်၊ မသိနိုင်တဲ့ သင့်ရဲ့အခြားသော အကြောင်းအရာတွေကိုလည်း စိတ်အထင်နဲ့တွေးပြီး ထင်ချင်သလိုထင်၊ ပြောချင်သလိုပြောမယ့် IQ ခပ်နိမ့်နိမ့်လူတွေကိုလည်း သင်ရင်ဆိုင်ရမှာပါ။

ဘယ်လိုပဲဖြစ်ပါစေ။ သူတို့စိတ်ထဲမှာ သင်နဲ့ပတ်သက်ပြီးထင်မြင်နေတဲ့ အထင်တွေကို သင်ကပြောင်းလဲပစ်လို့မရနိုင်ပါဘူး။ အဲဒါကြောင့် သူတို့အကြောင်းကို သင်သိလာတဲ့တစ်နေ့မှာ ခပ်ပြုံးပြုံးလေးသာ ဆက်ဆံပေးလိုက်ပါ။ သူတို့မမြင်နိုင်တဲ့အခြားသူရဲ့အမှောင်ဘက်ကျနေတဲ့အခြမ်းမှာ ဘာရှိပါ့မလဲရယ်လို့ အထင်နဲ့ တွေးဝေဖန်တတ်တာလဲ လူတွေရဲ့အကျင့်တစ်မျိုးပါပဲလို့တွေးပါ။ သင့်ဘဝကို ဒီထက်ပိုပြီး ပျော်ရွှင်စွာနေထိုင်တတ်လာစေဖို့ ထိုအရာတွေကို သင်ခန်းစာအဖြစ် သင်လက်ခံလိုက်ပါ။ သူတို့ဘဝကို သူတို့ အကောင်းဆုံးဖြစ်အောင်ဖန်တီးဖို့ မတွေးဘဲ အခြားသူတွေရဲ့အကြောင်းအရာကိုသာ လိုက်စိတ်ဝင်စားတတ်တဲ့သူတို့တွေကို သင်သနားကြည့်လိုက်ပါ။
တကယ်တော့ သင့်ဘဝကို သင်ချစ်ဖို့၊ သင့်ဘဝကို ခုလက်ရှိထက်နောက်ထပ်ပိုပြီး ပျော်ရွှင်စွာရှင်သန်နေထိုင်တတ်ဖို့သာ အရေးကြီးတာဖြစ်ပါတယ်။ လူအမျိုးမျိုးနဲ့ဆက်ဆံရခြင်းက သင့်အတွက် သင်ခန်းစာတွေပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။