ငွေမပေါပေမယ့် အေးချမ်းပြီးပျော်စရာကောင်းတဲ့ဘဝဖြစ်ဖို့ကျင့်သုံးရမယ့်အကျင့်များ

ငွေက ကျွန်တော်တို့ဘဝတွေအတွက် အရေးကြီးဆုံးမဟုတ်ပေမယ့် လိုအပ်တဲ့အထဲမှာပါပါတယ်။ ဒါပေမယ့်ငွေနောက်ချည်းလိုက်နေပြန်ရင်လည်း ဘဝရဲ့ပျော်ရွှင်စရာကောင်းတဲ့အချိန်တွေ အလကားဖြစ်ကုန်တတ်ပါတယ်။ အဲဒီ့တော့ ဘဝမှာ ငွေကိုလည်း လိုအပ်သလောက်ရှာဖွေပါ။ ဘဝရဲ့အနှစ်သာရတွေအတွက်လည်း အချိန်ပေးပါ။ ငွေကိုလိုအပ်သလောက်ဆိုတာက ကိုယ့်အတွက် ရှိသင့်ရှိထိုက်တာလေးနဲ့ရောင့်ရဲတင်းတိမ်တတ်ဖို့ ပြောချင်တာပါ။ အဲဒီလိုမဟုတ်ရင်တော့ အသစ်ပေါ်သမျှတိုင်းကိုလိုချင်လိုက်၊ ငွေနောက်လိုက်လိုက်နဲ့ ဘဝက ငွေကခိုင်းသမျှ လုပ်နေရတဲ့ဘဝဖြစ်သွားမှာပါပဲ။ အဲဒါကြောင့်ကျိကျိတက်ငွေပုံပေါ်ချမ်းသာနေတိုင်းလည်း ဘဝက ပျော်စရာကောင်းနေမှာမဟုတ်ပါဘူး။ ငွေမချမ်းသာလို့လည်း စိတ်ထိခိုက်ဝမ်းနည်းနေစရာမလိုပါဘူး။ ငွေမပေါပေမယ့် အေးချမ်းပြီးပျော်စရာကောင်းတဲ့ဘဝဖြစ်ဖို့က စိတ်ထားတတ်ဖို့ပဲလိုပါတယ်။


၁) ရောင့်ရဲတင်းတိမ်တတ်တဲ့စိတ်မွေးပါ။
တင်းတိမ်ရောင့်ရဲတတ်တဲ့စိတ်က သင့်ကို လောဘနည်းစေပါတယ်။ လောဘကြီးခြင်းက ဘယ်နေရာမှာမဆို ကိုယ်သာ ပိုင်ဆိုင်လိုစိတ်များခြင်း၊ ဘယ်လောက်ပဲ ပိုင်ဆိုင်ထားပါစေ မကျေနပ်တဲ့စိတ်များခြင်းဖြစ်စေပါတယ်။ အဲဒီ့အခါမှာ ကိုယ့်မှာရှိထားတာထက်ကို ပိုပြီးလိုချင်စိတ်ရှိနေပါတယ်။ အဲဒါကြောင့် ကိုယ့်မှာ အခြားသူများထက်ကို လိုချင်စိတ်များနေတာကြောင့် ပိုပူလောင်ပါတယ်။ ကိုယ့်ကိုကိုယ်လည်း ကျေနပ်မှုမရှိပါဘူး။ ကိုယ့်ကိုကိုယ်မကျေနပ်သရွေ့ သင့်ဘဝကို သင်မပျော်နိုင်ပါဘူး။ အဲဒါကြောင့် ရောင့်ရဲတင်းတိမ်တတ်တဲ့စိတ်ကို မွေးဖို့အကျင့်လုပ်သင့်ပါတယ်။ အဲဒါက လောဘကို အတောသတ်စေပြီး သင်ရထားသလောက်နဲ့ ပျော်တတ်လာပါတယ်။

၂) အခြားသူများကိုအားကျတဲ့အကျင့်ကိုဖျောက်ပါ။
လူတော်တော်များများက ကိုယ့်မှာရှိနေတာထက် အခြားသူတွေရဲ့ ရရှိပိုင်ဆိုင်ထားတာကိုသာ မြင်တတ်ကြပါတယ်။ “ဟယ်….သူက ကံကောင်းလိုက်တာ” “သူ့လောက် ငါလဲ ကံကောင်းချင်လိုက်တာ” “သူ့လောက်ပိုင်ရင် ကျေနပ်ပါပြီ” စသဖြင့် ကိုယ်ပိုင်ဆိုင်ထားတာတွေကို မမြင်ဘဲ အခြားသူရဲ့ပိုင်ဆိုင်မှုတွေကိုသာ မြင်တတ်ပါတယ်။ အဲဒီ့အခါ အခြားသူတွေရဲ့ ရရှိပိုင်ဆိုင်ထားတာကို သဘောကျပြီး အားကျစိတ်ဖြစ်ပါတယ်။ အဲဒီ့လိုအားကျတာနဲ့တစ်ပြိုင်တည်း ကိုယ့်ကိုကိုယ်မကျေနပ်တော့ပါဘူး။ ငွေမပေါပေမယ့် အေးချမ်းပြီး ပျော်စရာကောင်းတဲ့ဘဝကိုပိုင်ဆိုင်ဖို့ ကိုယ့်ထက်သာတဲ့ဘဝတွေဆိုရင် မုဒိတာပွားပေးလိုက်ပါ။ အားကျပြီး စိတ်အားငယ်တတ်တဲ့အကျင့်ကိုဖျောက်ပါ။

၃) ကိုယ့်မှာရှိပြီးသားတွေကိုတန်ဖိုးထားပါ။
ကိုယ့်ထက်နိမ့်ကျသူကို သနားဂရုဏာစိတ်ဖြစ်ပေါ်တာက လူတိုင်းလိုဖြစ်နိုင်ပါတယ်။ သိပ်လည်း ပြဿနာမရှိပါဘူး။ ကိုယ့်ထက်သာတဲ့သူကိုတွေ့ရင်တော့ မုဒိတာပွားနိုင်ဖို့က ခက်ပါတယ်။ ပြီးတော့ ကိုယ့်ထက်သာတဲ့သူကို ကြည့်ပြီး အားကျစိတ်ဖြစ်လာတတ်ပါတယ်။ အဲဒီ့အားကျစိတ်က ကိုယ့်မှာရှိပြီသားတွေကို မေ့လျော့သွားစေပါတယ်။ ကိုယ့်မှာရှိပြီးသားတွေကို မမြင်နိုင်တော့ဘဲ အခြားသူဆီက ရရှိပိုင်ဆိုင်ထားတာကိုသာ လိုချင်စိတ်ဖြစ်လာပါတယ်။ အဲဒီ့အခါ ကိုယ့်မှာ ပူပန်သောကဖြစ်တတ်ပါတယ်။ ကိုယ့်ဘဝကိုယ်မကျေနပ်နိုင်တော့ပါဘူး။ အဲဒါကြောင့် အခြားသူတွေကို အားကျတဲ့စိတ်ကို ဖျောက်ပြီးတဲ့အခါ ကိုယ့်မှာရှိပြီးသားတွေကို မြင်အောင်ကြည့်တတ်ပါစေ။ ကိုယ့်မှာရှိထားတဲ့အရာတွေရဲ့ အားသာချက်၊ တန်ဖိုး၊ အကျိုးရှိပုံတွေကို ပြန်တွေးကြည့်ပါ။ ပြန်ပြီးတန်ဖိုးထားတတ်လာပါလိမ့်မယ်။ “အော်…ငါ့မှာ ဒီအရာလေးတွေတော့ အားသာနေသားပဲ။” ဆိုတဲ့စိတ်က ကိုယ့်ဘဝကို နေပျော်စိတ်ဖြစ်စေပါတယ်။

၄) မိမိကိုယ့်ကိုလက်ခံပါ။
နောက်ထပ်တစ်နည်းကတော့ ကိုယ့်ကိုကိုယ်လက်ခံခြင်းပါပဲ။ တော်တော်များများက ကိုယ့်ကိုကိုယ်လက်မခံတတ်ကြပါဘူး။ “ငါ့အသားကမည်းနေတာ…ရုပ်ဆိုးလိုက်တာ” “ငါ့မေးစေ့က မလှတာ။” “ငါ့မျက်နှာကိုက ရုပ်ဆိုးနေတာ” စသဖြင့် ကိုယ့်ကိုကိုယ်လက်မခံနိုင်ပါဘူး။ အဲဒီ့စိတ်က အခြားသူကို အားကျတာကနေ စတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ်သိမ်ငယ်စေပြီး အားငယ်စိတ်ဖြစ်နိုင်ပါတယ်။ အဲဒီ့အခါ ကိုယ့်ကိုကိုယ်ဒေါသဖြစ်လာတတ်ပါတယ်။

၅) လက်ရှိအချိန်ကို ကောင်းကောင်းအသုံးချပါ။
ခုလက်ရှိအချိန်ကို အတိတ်ကအကြောင်းပြောပြီး ပြန်စိတ်ညစ်နေတာလား၊ မဖြစ်သေးတဲ့မနက်ဖြန်မှာဘာလုပ်ရမလဲတွေးပြီး ပူပန်နေတာလား ထိုအခြေအနေနှစ်မျိုးလုံးက မကောင်းပါဘူး။ ခုလက်ရှိအချိန်ကို အလကားကုန်ဆုံးသွားစေပါတယ်။ အဲဒါကြောင့် ဒီနေ့မှာ လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ဖြစ်လုပ်ပါဘူး။ အဲဒီ့အတွက် နောက်နေ့မှာ ထပ်ပြီး ဆင့်ကဲပူပန်ရပြန်ပါတယ်။ အဲဒါကြောင့် အတိတ်ကအကြောင်း ဒါမှမဟုတ် အနာဂတ်အတွက် ပူပန်နေတယ်ဆိုရင် ခုလက်ရှိအချိန်အလကားကုန်မဖြစ်စေနဲ့လို့ ကိုယ့်ကိုကိုယ် သတိပြန်ပေးလိုက်ပါ။ ခုအချိန်ကို အကျိုးရှိရှိအသုံးချရင် နောက်နေ့တွေမှာ ဆင့်ကဲပူပန်စရာမလိုတော့ပါဘူး။

၆) မုဒိတာ များမျာမွေးပါ။
ကိုယ့်ထက်နိမ့်ကျသူကို သနားစိတ်က ဖြစ်လွယ်ပါတယ်။ ကိုယ့်ထက်သာတဲ့သူနဲ့ကျတော့ မုဒိတာပွားတဲ့စိတ်က အရင်ဖြစ်မလာဘဲ မနာလိုချင်စိတ်နဲ့ အပြစ်ရှာချင်စိတ်က အရင်ဖြစ်လာပါတယ်။ အဲဒါက လူတွေရဲ့အငုံစိတ်ကြောင့်ပါ။ ကိုယ့်စိတ်ထဲမှာ မနာလိုစိတ်စတင်ဖြစ်ပေါ်နေပြီလား ကိုယ့်ကိုကိုယ်သိပါစေ။ ကိုယ့်စိတ်ကို အဆိပ်အတောက်ဖြစ်စေတဲ့အရာမျိုး ကိုယ်ခံစားနေပြီဆိုရင် ကိုယ့်ကိုကိုယ်ပြန်တရားချပါ။ “သူ့ဘဝအဆင်ပြေသွားတာ ကောင်းတာပေါ့။ သူ့အတွက် ထပ်တူပျော်ပေးလိုက်တာပေါ့။ သူအဆင်ပြေတော့ ကိုယ်ကူညီစရာမလိုတော့လို့ ကိုယ်လည်း သက်သာစေတာပေါ့။” စတဲ့အတွေးမျိုးတွေနဲ့ ကိုယ့်ကိုကိုယ်ပြန်တွေးပါ။ အဲဒီ့မုဒိတာပွားတတ်တဲ့စိတ်ကို အကျင့်လုပ်ပေးပါ။ ကိုယ့်စိတ်ကိုအေးချမ်းစေပါတယ်။

၇) များများခွင့်လွှတ်ပေးပါ။
ကိုယ်ကကောင်းအောင် ဘယ်လောက်ကြိုးစားပါစေ…မကောင်းတဲ့လူတွေနဲ့တော့ တွေ့ရကြုံရဆုံရတာပါပဲ။ ကိုယ့်စိတ်ထဲ မကျေမချမ်းဖြစ်နေရင် ကိုယ်ပဲပူလောင်တာပါပဲ။ ကိုယ့်စိတ်ထဲ အားလုံးကိုမေ့ပြီး ကိုယ်များများခွင့်လွှတ်ပေးလိုက်ခြင်းက ကိုယ့်စိတ်ကို အေးချမ်းစေတာပါ။ သူတို့မအေးချမ်းတာ သူတို့အပူပါ။ ကိုယ့်စိတ်ထဲအရင်ဆုံးအေးချမ်းတာက ချက်ချင်းပါ။ အဲဒါက ကိုယ့်ဘဝအတွက်ပါ။
အထက်က အချက်တွေက သင့်ဘဝမှာ ငွေတွေအများကြီးမချမ်းသာစေပေမယ့် သင့်ဘဝအေးချမ်းစေပါတယ်။ သင့်ဘဝမှာ အေးချမ်းဖို့နဲ့ ပျော်ရွှင်ဖို့ ဘဝမှာနေတတ်ဖို့က ပိုပြီး အရေးကြီးပါတယ်။ အထက်ကနည်းလမ်းလေးတွေ ကျင့်သုံးကြည့်လိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။