တာဝန်မကျေတဲ့မိဘများကြောင့် သားသမီးများတွင်ဖြစ်လာနိုင်သော အကျင့်ဆိုးများ
တာဝန်ဆိုတာ တာဝန်သိတတ်တဲ့သူမှာမှ တာဝန်ပိုယူတတ်တာပါ။ တာဝန်မသိတတ်တဲ့သူတွေအတွက်တော့ တာဝန်ဆိုတာ မရှိပါဘူး။ မိဘရယ်လို့ဖြစ်လာတဲ့အခါ သားသမီးကို ကျွေးမွေးပြုစုစောင့်ရှောက်ရတဲ့ တာဝန်ရှိတယ်ဆိုတာ လူတိုင်းအသိပါပဲ။ ဒါပေမယ့် ထိုတာဝန်ကိုတော့ မိဘတိုင်း မကျေနိုင်ပါဘူး။ ကျေတယ်ဆိုတဲ့နေရာမှာလည်း တာဝန်ဆိုတာနဲ့ ကလေးတစ်ယောက်ရဲ့ စားဝတ်နေရေးကို အဓိက တာဝန်လို့သတ်မှတ်လို့မရပြန်ပါဘူး။ ကလေးတစ်ယောက်ရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ အကျင့်စာရိတ္တပိုင်းကိုပါ မိဘဖြစ်သူတွေက သွန်သင်ဆုံးမလမ်းပြပေးဖို့ လိုပါတယ်။ ကလေးတစ်ယောက်ကို ငွေတွေအများကြီးပုံပေးရုံနဲ့ ကျန်းမာရေးကောင်းအောင် ဂရုစိုက်နိုင်ရုံနဲ့လည်း တာဝန်ကျေသောမိဘများလို့ မသတ်မှတ်နိုင်ပါဘူးနော်။
၁) တာဝန်ယူရကောင်းမှန်းမသိခြင်း
မိဘတွေရဲ့တာဝန်မကျေခြင်းက သားသမီးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ သားသမီးဆိုတာက မိဘရဲ့အမူအကျင့်ကို အနီးကပ်ဆုံးအတုယူတတ်သူတွေပါ။ ငွေသာပေးပြီး သားသမီးကို စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုမပေးနိုင်၊ ကိုယ်ကျန်းမာရေးကိုလည်း အနီးကပ်ဂရုမစိုက်နိုင်တဲ့မိဘတွေကြောင့် သားသမီးများကလည်း တာဝန်မသိတတ်သူတွေဖြစ်လာနိုင်ပါတယ်။ ဘာသိဘာသာနေတဲ့မိဘများကြောင့် သားသမီးကလည်း မိသားစုဆိုတဲ့ခံစားချက်ကို နားမလည်နိုင်ပါဘူး။ အဲဒါကြောင့်ကိုပဲ သူတို့ရဲ့သားသမီးများအလှည့်ကျရင်လည်း ဘာသိဘာသာနေတတ်သူ၊ ပုံမှန်ဖြစ်စဉ်လို အိမ်ထောင်ကျ ၊ ကလေးရပေမယ့် သားသမီးတွေကို ဘယ်လိုစိတ်ပိုင်းဆိုင်ရာအရ ဂရုစိုက်ရမလဲ၊ နွေးထွေးမှုပေးရမလဲ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာအောင် ဘယ်လိုပြုစုပျိုးထောင်ရမလဲ စတာတွေကိုလည်း နားမလည်တော့ပါဘူး။ လေ့လာရကောင်းမှန်းလဲ မသိသလို၊ တာဝန်ယူရကောင်းမှန်း ၊ ဂရုစိုက်ရကောင်းမှန်းနားမလည်တဲ့မိဘတွေ ဖြစ်လာတတ်ပါတယ်။
၂) ဖေးမကြင်နာစိတ်ကင်းမဲ့ခြင်း
ကိုယ်တိုင်က မိသားစုဆိုတဲ့နွေးထွေးမှုကို မခံစားခဲ့ရတဲ့အတွက် ကိုယ့်မိသားစုအလှည့်ကျရင်လည်း နွေးထွေးမှုပေးတတ်တဲ့သူ မဖြစ်လာနိုင်ပါဘူး။ မိသားစုကိုချစ်တဲ့စိတ်မရှိသလို၊ ကြင်နာတရားလည်း အားနည်းတတ်ပါတယ်။ မိသားစုတွင်းချစ်ခင်အောင်၊ ဖေးမကူညီတတ်တဲ့စိတ်လည်း မရှိတော့ပါဘူး။ အခြားသူများအပေါ်လည်း သနားကြင်နာစိတ် ကင်းမဲ့နေတတ်ပါတယ်။ ပြောရရင် သွေးအေးတဲ့ကလေးမျိုးဖြစ်လာပါတယ်။ ထိုကလေးမျိုးက အချိန်တန်အရွယ်ရောက်လို့ မိသားစုဘဝတည်ထောက်ရင်တောင် မိသားစုရဲ့အဓိပ္ပါယ်ကိုနားမလည်တဲ့အတွက်ကြောင့် ပျော်ရွှင်တဲ့မိသားစုဘဝကို တည်ဆောက်ဖို့ အာရုံသိပ်မရှိတတ်တော့ပါဘူး။ ချွင်းချက်အနေနဲ့ “ကိုယ့်တုန်းက မရခဲ့တဲ့ နွေးထွေးမှုကို ကိုယ့်မိသားစုအလှည့်မှာ ရအောင်တည်ဆောက်မယ်၊ ပျော်ရွှင်အောင်ဖန်တီးမယ်” လို့တွေးတတ်တဲ့ သူမျိုးလည်းရှိပေမယ့် ရှားပါတယ်။
၃) ကြမ်းတမ်းရိုင်းစိုင်းခြင်း
မိဘတွေရဲ့ ပြုစုစောင့်ရှောက်မှုကို မခံစားခဲ့ရတဲ့အတွက် ကြမ်းတမ်းရိုင်းစိုင်းတတ်ပါတယ်။ ကလေးရဲ့ငယ်ဘဝက ပြုစုပျိုးထောင်သူတွေက ပညာဗဟုသုတနဲ့ပြည့်ဝသူဖြစ်ရင်တော့ ကလေးကို လမ်းမှန်တွန်းပို့နိုင်မှာပါ။ ဒါပေမယ့် ပတ်ဝန်းကျင်ကောင်းနဲ့မတွေ့ခဲ့ရရင်တော့ ကလေးက လမ်းမှားသွားနိုင်ပါတယ်။ အပြုအမူကြမ်းတမ်းတတ်ပါတယ်။ ရိုင်းစိုင်းပြီး လိမ္မာယဉ်ကျေးတဲ့ကလေးမျိုး ဖြစ်လာဖို့ အခွင့်အလမ်းနည်းပါးပါတယ်။ ကလေးရဲ့စိတ်ထဲမှာ “သူ့ကိုတကယ့်စိတ်ထဲကနေ နွေးထွေးမှုပေးနိုင်သူမရှိဘူး” လို့ ခံစားနေရတဲ့အတွက်ကို ကလေးက ဘယ်သူ့မျက်နှာကိုမှ မထောက်ထားတတ်တော့ဘဲ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှုအားနည်းတတ်ပါတယ်။
၄) တစ်ကိုယ်ကောင်းဆန်လွန်းခြင်း
ငယ်စဉ်အချိန်မှာ မိဘရဲ့ လမ်းညွှန်သင်ကြားမှုက ကလေးအတွက် ငွေနဲ့ပေးဝယ်လို့မရပါဘူး။ တာဝန်သိတတ်တဲ့မိဘတွေသာလျှင် အဲဒါကအရေးကြီးကြောင်းသိတာပါ။ ကလေးကို အမှန်အမှားခွဲခြားတတ်အောင်၊ အမှန်အမှားကို သွန်သင်ဆုံးမပေးဖို့လိုပါတယ်။ ထိုကဲ့သို့ အနီးကပ်သွန်သင်မယ့်သူမရှိတဲ့ကလေးက ကြီးပြင်းလာတဲ့အခါ အမှန်အမှားကို သိပ်အလေးမထားတတ်တော့ပါဘူး။ ကိုယ်လုပ်ချင်တာတစ်ခုထဲကိုသာ သိပြီး လုပ်ချင်ရာ လုပ်တတ်သူဖြစ်လာပါတယ်။ အရွယ်ရောက်လို့ အိမ်ထောင်ကျပြီး မိသားစုဘဝကို တည်ထောင်တဲ့အခါ မိသားစုရဲ့ ကောင်းခြင်းဆိုးခြင်းကို သိပ်မတွေးတောနိုင်ဘဲ ကိုယ်လုပ်ချင်တာလုပ်မိတတ်တဲ့အတွက် သာယာတဲ့အိမ်ထောင်ရေးဖြစ်ဖို့ အခွင့်အလမ်းနည်းပါတယ်။ ဥပမာ။ အိမ်ကအမျိုးသမီးကို စိတ်ကုန်လာတဲ့အခါ အိမ်ထောင်ရေးဖောက်ပြန်တာမျိုး၊ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ့်သားသမီးတွေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ထိခိုက်နာကျင်မှုဖြစ်မှာကို သိပ်မတွေးတတ်ကြတော့ပါဘူး။ ပြောရရင်တော့ တစ်ကိုယ်ကောင်းဆန်လွန်းသူတွေဖြစ်လာတတ်ပါတယ်။
၅) ကိုယ့်ကျင့်တရားမကောင်းခြင်း
ကိုယ့်ကျင့်တရားကောင်းဖို့ အဓိက သင်ပေးနိုင်တာမိဘများပါပဲ။ မိဘများက တာဝန်မကျေလို့ အခြားအုပ်ထိန်းသူတွေက သင်ပေးနိုင်ရင် ကလေးအတွက်ကံကောင်းခြင်းပါပဲ။ ကလေးကို ကိုယ့်ကျင့်တရားကောင်းမွန်ဖို့ သွန်သင်ပေးခြင်းဟာ ကလေးကို လူကောင်းတစ်ယောက်ဖြစ်လာစေရုံမက နောင်အနာဂတ်မှာလည်း ပိုကောင်းတဲ့လူမှုအသိုင်းအဝန်းဖြစ်လာစေပါတယ်။ ဒါပေမယ့် အဲဒါကို နားမလည်တဲ့မိဘများကြောင်း တစ်ချို့သောကလေးတွေဟာ ကိုယ့်ကျင့်တရားမကောင်းတဲ့ကလေးတွေဖြစ်လာနိုင်ပါတယ်။ မိဘတွေကိုယ်တိုင်က သွန်သင်ဖို့ တာဝန်ကိုနားမလည်ခြင်းကြောင့် ကလေးတွေက ကိုယ့်ဖြစ်ချင်တာ ၊ ကိုယ်ရချင်တာ ၊ စိတ်ထင်ရာလုပ်တတ်သူတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ကျင့်တရားကိုလည်း တန်ဖိုးမထားတတ်တော့ဘဲ ကိုယ်အသာရရင်ပြီးရော ဆိုတဲ့စိတ်တွေဖြစ်လာနိုင်ပါတယ်။
၆) စိတ်အားငယ်တတ်ခြင်း
ငယ်စဉ်မှာ မိဘတွေရဲ့ခိုက်ရန်ဖြစ်ပွားခြင်းကို နေ့စဉ်လို ကြုံတွေ့ခဲ့ရတဲ့ကလေးမျိုးကျပြန်တော့ စိတ်ဓာတ်ပျော့ညံ့သူ၊ ဝမ်းနည်းလွယ်သူဖြစ်လာတတ်ပါတယ်။ ထိုကလေးမျိုးကတော့ အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်ဖို့ထက် စိတ်အားငယ်လွယ်တဲ့သူမျိုး ဖြစ်လာတတ်ပါတယ်။ တခုခုဆို အကြောက်လန့်ကြီးပြီး ဝမ်းနည်းလွယ်တတ်ပါတယ်။ စကားတစ်ခွန်းထဲနဲ့လည်း စိတ်အားငယ်နေတတ်ပါတယ်။ အဲဒါကြောင့် အပေါင်းအသင်းမက်တတ်ပါတယ်။ အပေါင်းအသင်းကိုသာ တွယ်တာစရာထင်မှတ်နေလို့ မကောင်းတဲ့အပေါင်းအသင်းမျိုးနဲ့ဆိုရင် အနိုင်ကျင့်ခံရနိုင်ပါတယ်။ ဘဝမှာကြုံရတဲ့ အခက်အခဲတွေမှန်သမျှကို ရင်ဆိုင်နိုင်စွမ်းအားနည်းတတ်ပါတယ်။
ကလေးတွေဆိုတာက အနီးကပ်နေထိုင်နေတဲ့လူကြီးတွေရဲ့အပြုအမူကို အတုခိုးတတ်၊ စိတ်ထဲစွဲနေတတ်ပါတယ်။ ကလေးကို ပြုစုပျိုးထောင်ပေးတဲ့ မိဘ၊ အုပ်ထိန်းသူတွေရဲ့ တာဝန်က ငွေထက် တန်ဖိုးကြီးသလို တာဝန်လည်းကြီးပါတယ်။ စားဝတ်နေရေးအတွက် ငွေကို ရှာသင့်တာ၊ လိုအပ်တာ မှန်ပေမယ့် အခြား ကိုယ်ကျင့်တရား၊ စိတ်ဓာတ်ခိုင်မာမှု၊ အမှန်တရားတန်ဖိုးထားမှု၊ ကိုယ်ချင်းစာစိတ်၊ လူသားချင်းစာနာစိတ် စတာတွေက မိဘတွေက သားသမီးတွေကို သင်ပေးမှဖြစ်မှာပါ။ ငွေနဲ့မလဲနိုင်တဲ့အရာတွေကို သင်ပေးဖို့က မိဘတွေရဲ့တာဝန်တွေထဲမှာ ပါဝင်ပါတယ်။ လူ့လောကထဲမှာ ကိုယ်မရှိတော့တဲ့အချိန်မှာ သားသမီးအတွက် တိုက်တွေ၊ ကားတွေ၊ ငွေတွေပေါများစွာ ချန်ထားခဲ့ဖို့ထက် လူသားဆန်စွာ မှန်ကန်စွာ ဘဝမှာ ရဲဝင့်စွာ ရှင်သန်တတ်ဖို့လည်း သင်ပေးရမှာ မိဘတွေတာဝန်ဖြစ်ပါတယ်။
မိဘတွေရဲ့တာဝန်မကျေခြင်းဟာ သားသမီးတွေရဲ့နောက်မျိုးဆက်တွေအထိ ဆိုးကျိုးအဖြစ် သက်ရောက်နေမှာဖြစ်တယ်ဆိုတာ မမေ့ထားသင့်ပါဘူး။